လှိုင်းထန်သော_ပင်လယ်ကား_ငြိမ်းစေ
Chapter I: Power of the Sea
အခန်း (၁)
တိတ်ဆိတ်ငြိမ်းချမ်းသော မြို့ငယ်လေးရဲ့ ညနေခင်းသည် နေဝင်ဖြိုးဖျအောက်၌ ဝင်းလဲ့တောက်ပလျက်။ မြို့အစွန် ကားဝင်းအတွင်း နောက်ဆုံး အဝေးပြေးကားတစ်စီး ဝင်လာခဲ့ချိန်တွင် ထိုမြို့လေး၏ အခြေအနေ အရပ်ရပ်တို့သည် အပြောင်းလဲကြီး ပြောင်းလဲသွားတော့မည်ဆိုသည်ကိုလည်း မည်သူကမှ သတိမထားမိခဲ့ကြ။
ထိုနေ့က ၂၀၁၅ ဒီဇင်ဘာလ ၂၄ ရက်။
*****
ခပ်စောစော မှောင်ရီသန်းသော ဆောင်းညနေခင်း တွင် မြို့အဝင်လမ်းမ အတိုင်း လူတစ်ယောက် လမ်းလျှောက်လာသည်။ ဂျင်းဘောင်းဘီ ဂျင်းဂျက်ကတ်အနွမ်း ကျောပိုးအိတ်တစ်လုံးနှင့် ထိုသူသည် ကားလမ်းနံဘေး ရှိ သစ်ပင်တစ်ပင်အောင်သို့ အေးဆေးစွာ လျှောက်ဝင်လိုက်ရင်း စီးကရက် မီးညှိလိုက်၏။ ခပ်လှမ်းလှမ်းမှ အရက်ဆိုင်ထဲတွင် လူတချို့က သောက်စားရင်း ညနေကို စကားလုံးများဖြင့် မျှောပစ်နေကြသည်။
ထိုအချိန်တွင်ပင် ဆိုင်အဝင်ဝ ဝိုင်းမှ လူငယ်တချို့၏ အသံမှာ ရုတ်ချည်းတိတ်ဆိတ်သွားကြသည်။ သူတို့အားလုံး စီးကရက်ဖွာနေသူ လူရွယ်အား ငြိမ်သက်စွာ အကဲခတ်နေကြခြင်း ဖြစ်သည်။ သိပ်မကြာခင်မှာပင် ထို လူငယ် အုပ်စုထဲမှ တစ်ယောက်က ဝမ်းသာအားရ ထအော်လိုက်၏။
‘’ကို အဂ္ဂ မဟုတ်လား’’
သစ်ပင်အောက်မှ လူရွယ်က မျက်လုံးတစ်ချက်ဝေ့ကြည့်ရင်း ထိုလူငယ်ကို လက်လှမ်းပြလိုက်သည်။ ထိုအချိန်တွင် လူငယ်၏ အော်လိုက်သံကြောင့် တခြားဝိုင်းများကပါ အဂ္ဂဆိုသူကို လှမ်းကြည့်မိကြသည်။ ထို့နောက် တစ်ဆိုင်လုံး တိတ်ဆိတ်သွားလေတော့သည်။
“အစ်ကို ထွက်သွားတာ တော်တော်ကြာပြီနော်၊ လာပါ အစ်ကိုရ ထိုင်ပါဦးဗျ” နာမည် အော်လိုက်သူ လူငယ်လေးမှပင် ထိုသူကို ဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။ အဂ္ဂဆိုသူ ဆိုင်ထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်သည် ထို့နောက် လှမ်းခေါ်သူ လူငယ်များဝိုင်းသို့ တည့်တည့်မတ်မတ်ပင် အေးအေးလူလူ လျှောက်လာခဲ့သည်။ စားပွဲထိုး လူငယ်လေး တစ်ယောက်က ပျာပျာသလဲပင် ထိုင်ခုံတစ်ခု ယူပေးလိုက်သည်။
ထိုသူက သူ့ကျောပိုးအိတ်ကို ဖြုတ်လိုက်ပြီး ခုံဘေးမှာ ချလိုက်သည်။ စားပွဲကို တစ်ချက်ကြည့်ရင်း ထိုင်လိုက်သည်။ ထို့နောက်…
“မင်း လူမောင် မဟုတ်လား၊ မင်းပဲ မေးရမှာပဲ၊ ငါ့ အိမ်မှာ ဘယ်သူတွေရှိလဲ အခု” ဟု မေးရင်း လက်ထဲက စီးကရက်ကို တောက်ထုတ်လိုက်သည်။
“ဦးကျောက်တစ်ယောက်ပဲ နေတယ် အစ်ကို” ဟု လူမောင်က ပြန်ဖြေသည်။
“အင်း..” ဟု ခွန်းတုံပြန်ရင်း ငြိမ်နေပြန်သည်။
‘’အစ်ကို ဘာသောက်မလဲ’’ … လူမောင်တို့ ဝိုင်းမှ ကောင်လေး တစ်ယောက်က မေးသည်။
အဂ္ဂက ခေါင်းခါပြသည်။ ထို့နောက် ကျောပိုးအိတ်ကို ကောက်ဆွဲပြီး လှည့်ထွက်သွားတော့သည်။
သူထွက်သွားပြီးနောက်မှ အရက်ဆိုင်သည်လည်း ပုလင်းသံ ခွက်သံ စကားပြောသံများဖြင့် ပုံမှန်ပြန်လည် အသက်ဝင်လာခဲ့သည်။
****
လူမောင်က ထွက်သွားသည့် အဂ္ဂကျောပြင်ကို ကြည့်ရင်း မျက်လုံးပြူးပြသည်။
‘’ဟေ့ကောင်တွေ ငါတို့တော့ ဆရာသမား တစ်ယောက်ပြန်ရပြီ၊ မင်းတို့ မနက်ဖြန် ငါနဲ့ လိုက်ခဲ့ ဆိုင်မလာခင် အစ်ကို အဂ္ဂဆီ သွားရအောင်’’
‘’အေး ဘယ်အချိန်သွားကြမလဲ’’
‘’၅ နာရီလောက် သွားကြမယ်’’
****
ညနေသည်ကား တဖြည်းဖြည်း အေးမြသော ဆောင်းငွေ့ကို ယူလာသည်။ နီယွန်မီးအောက်တွင် တွေဝေပြီး ရပ်နေသူက အဂ္ဂ…။ သူရပ်ကြည့်နေသည်က ခြံတံခါးတစ်ခု၊ အိမ်နံပါတ် ၁၀၁ ဆိုတော့ နံပါတ်ပြား တစ်ပြား။ ခြံတံခါး အနောက်တွင်ကား ၂ ထပ် တိုက်အိမ်တစ်လုံး။ အရာရာက အေးချမ်း တိတ်ဆိတ်လျက်။
သူ သက်ပြင်းချရင်း တံခါးရှိ သံပန်းတံခါးကို လှမ်းကိုင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ယောက်ကို လှမ်းခေါ်ရ ကောင်းမလား စဉ်းစားမိသည်။ သို့သော် မလိုတော့ပါ။ ခြံထဲမှ လူတစ်ယောက် တံခါးထံသို့ လျှောက်လာသည်။ နီယွန်မီးကို ကျောပေးထား၍ အဂ္ဂမျက်နှာက အမှောင်ရိပ်ကျနေရာ ထိုသူမှ မမြင်နိုင်။ အနီးကပ်လာရင်း တံခါးကြားမှ လှမ်းကြည့်သည်။
‘’ဟား အဂ္ဂပါလား…လာ လာ၊ မင်းလာမယ်တော့ သိတယ် ဘယ်အချိန်ရောက်မလဲဆိုတာကျ မပြောထားတော့ ဦးလည်း တစ်နေကုန် မျှော်နေရတာ၊ ခုတော့ မှောင်နေပြီဆိုပြီး မလာတော့ဘူးတောင် ထင်နေတာ’’
ထိုသူက ဦးကျောက်ဆိုသူပင် ဖြစ်သည်။ ပြောရင်း တံခါးကို ဖွင့်ပေးသည်။ အဂ္ဂက ခြံထဲ လှမ်းဝင်ရင်း အတိတ်ကို သတိရသလို ဖြစ်လာသည်။ သို့သော် ယခုအချိန်ထိ ဦးကျောက်အား စကားတစ်ခွန်းမှ မပြောပဲ ငြိမ်နေပြန်သည်။ အိမ်သို့သာ ဖြည်းဖြည်းချင်း လျှောက်သွားရင်း သက်ပြင်းထပ်ချလိုက်သည်။
ပြီးမှ…’’ဦးကျောက် ကျွန်တော် ဒီမှာ ခဏထိုင်ဦးမယ်’’ ဟု ပြောရင်း ခြံထဲက ခုံတန်းလျားပေါ် ထိုင်ချလိုက်သည်။
ဦးကျောက်က ‘’အေး…မင်း အိတ်ပေးလိုက်လေ၊ ငါ ယူသွားပြီး မင်းအခန်းထဲ ထားပေးမယ်။ ပြီး မင်းညစာ စားချင်လည်း ငါ့တူမ ချက်ပို့ထားတာရှိတယ်။’’ ဟု ပြန်ပြောရင်း အိတ်ကို ကောက်ယူရန် ပြင်လိုက်သည်။
သို့သော် အဂ္ဂက လက်နဲ့ အိတ်ကို ကာလိုက်ရင်း ခေါင်းခါပြလိုက်သည်။ ဦးကျောက် သဘောပေါက်ပါသည် နှစ်ပေါင်းများစွာ ရင်းနှီးနေသူ တစ်ဦး၏ အမူအယာကို။ သူ ဘာမှ မပြောတော့ပဲ အိမ်ထဲသို့သာ ဝင်သွားတော့သည်။
*****
နံနက်ခင်း နေခြည်ဖြာချိန်ကျမှ အဂ္ဂတစ်ယောက် နိုးလာခဲ့သည်။ အိမ်နောက်ဖက် မျက်နှာသစ်ရန် ထွက်လာချိန်မှာပင် မရခဲ့တာ ကြာပြီဖြစ်သော ဟင်းအနံတစ်ခုရသည်။ ထို့ကြောင့် မီးဖိုချောင်အတွင်းဘက် လှည့်ဝင်လာလိုက်သည်။ မြင်ရသော မြင်ကွင်းကြောင့် သူတစ်ချက်တော့ ကြောင်သွားသလို ဖြစ်ရသည်။ သူထင်ထားသည်က ဦးကျောက်၊ မြင်လိုက်ရသည်က ဆံပင်ရှည်ရှည် ကျစ်ကျစ်လစ်လစ် အရပ်မနိမ့်မမြင့် မိန်းကလေးတစ်ယောက် သူ့အား ကျောပေး၍ တစ်စုံတစ်ခု ချက်ပြုတ်နေသည်။ အနောက်ဖက် ပြတင်းမှ ဝင်လာသော နေခြည်က ထိုမိန်းကလေး ကိုယ်ပေါ် ထိုးနေလေရာ တစ်ချက် တစ်ချက် လှုပ်ခါသွားသော ဆံနွယ်များ မှာ အလင်းရောင်အောက် တဖြတ်ဖြတ်လက်သွားသည်ကို အဂ္ဂတစ်ယောက် ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိသည်။
ထိုအချိန်မှာပင် သူ့အနောက် လူတစ်ယောက် ရောက်နေမှန်း သတိထားမိသွားပုံပေါ်သည့် ကောင်မလေးက ဖြတ်ကနဲ လှည့်ကြည့်သည်။
‘’ဟာ…ကိုကြီး နိုးပြီလား၊ လှိုင်း…ကိုကြီး ကြိုက်တဲ့ ကြက်ပေါင်းချက်နေတာ’’ … ဟု ပြုံးရယ်ရင်း ထိုကောင်မလေး လှမ်းပြောသည်ကို အဂ္ဂ ဘာမှပြန်မပြောဖြစ်ပဲ ခပ်စူးစူး ကြည့်နေမိသည်။
‘’ဟာ ကိုကြီးကလည်း လှိုင်းကို မမှတ်မိဘူးလား၊ ဦးကျောက်တူမ ဒေါ်မိမိသမီးလေ’’
‘’အင်း…မှတ်မိပါတယ်၊ ငါ နည်းနည်းကြောင်သွားလို့၊ ငါ အိမ်က ထွက်သွားတုန်းက နင်က ၁၀ နှစ်ကျော်လောက်ပဲ ရှိဦးမယ်ဆိုတော့ ငယ်ရုပ်ကို မနည်းမှတ်မိအောင် ကြည့်နေရတာ၊ ပါပီမက ခုတော့ အပျိုကြီးတောင် ဖြစ်နေပြီပေါ့လေ’’ ဟု အဂ္ဂက ပြန်ပြောရင်း ရယ်လိုက်သည်။
လှိုင်းက အဂ္ဂရယ်လိုက်သည်ကို ငေးကြည့်ရင်း ပြန်ပြောလိုက်သည်။ ‘’ကိုကြီးကလည်း ခု ပါပီမ မဟုတ်ပါတော့ပါဘူးနော်။ လိမ်မာသွားပြီ’’ ဟု ပြောရင်းနောက် ခစ်ကနဲ ရယ်လိုက်မိသည်။ ငယ်ငယ်က လှိုင်းတစ်ယောက် တစ်ခုခုကို စိတ်ကောက်လျှင် ရန်ဖြစ်လျှင် တွေ့ရာ ကိုက်ဆွဲတတ်၍ အဂ္ဂက ခွေးမလေး ပါပီမလေး ဟု စရင်း ငယ်နာမည် တွင်ခဲ့တာ သတိရသွားလို့ ဖြစ်သည်။
‘’အင်း…ကိုကြီး မျက်နှာသစ်လိုက်ဦးလေ၊ လှိုင်း … မနက်စာ စားပွဲပေါ် ပြင်ပေးထားတယ်၊ တော်ကြာ အေးကုန်ဦးမယ်’’
အေးတစ်လုံးတည်းသာ ပြောလိုက်ရင်း အဂ္ဂလှည့်ထွက်လာခဲ့လိုက်သည်။ သို့သော် အတွေးတွေတော့ ထပ်ဝေလာပြန်သည်။ တချို့ အချက်အလက်တွေ ကိန်းဂဏန်းတွေကို ခေါင်းထဲ စီရင်း တစ်ချက်တစ်ချက် လှိုင်းပုံစံက မျက်လုံးထဲ ကပ်ပါလာနေသည်ကိုတော့ သူ ဝန်ခံရပါလိမ့်မည်။
*** ဆက်ရန် ***
#HKK
လှိုင်းထန်သော ပင်လယ်ကား ငြိမ်းစေ
Power of the Sea: Chapter II
“အဂ္ဂရေ…မင်းအတွက် ဒီမှာ’’
ဦးကျောက်က စာရွက်စာတမ်းတွေ တစ်ထပ်ကြီး ကိုင်လျက် မနက်စာစားနေသည့် အဂ္ဂထံဝင်လာသည်။ ပြီး စားပွဲပေါ် ချပေးရင်း …
“မင်းအဖေ ထားခဲ့တဲ့အတိုင်းပဲ၊ မင်းမသိတာဆိုလို့ ဒီ ခြံနှစ်ခု ဝယ်လိုက်တာရယ်။ ကားတစ်စီး ရောင်းလိုက်တာရယ်ပဲ ရှိမယ် ထင်တယ်။ ကားက သူဆုံးခါနီး ရောင်းခိုင်းသွားတာမို့ ငါ ရောင်းလိုက်တယ်။ ဒါတွေက ဘဏ်စာရင်းတွေ’’
“ဟုတ် တင်ထားခဲ့ ဦးကျောက်၊ ကျွန်တော် ကြည့်ထားလိုက်မယ်”
ဦးကျောက်က ခေါင်းငြိမ့်ပြရင်း၊ လက်ထဲက သော့ကိုပါ ခုံပေါ်တင်ပေးလိုက်သည်။
‘’ဒါက မင်းအတွက်ဆိုပြီး၊ မင်းအဖေ ဝယ်ပေးထားခဲ့တာ လွန်ခဲ့တဲ့ နှစ်ကတည်းကပဲ၊ ဂိုထောင်ထဲမှာ သွားကြည့်ပေါ့။’’
သော့ကို လှမ်းကြည့်လိုက်ရင်း အဂ္ဂတစ်ယောက် စိတ်ကျေနပ်မှုနှင့် စိတ်မကောင်းဖြစ်မှုကို တပြိုင်တည်း ခံစားလိုက်ရသည်။ အဖေ့ အချစ်ကို ပြန်တမ်းတမိသလို သူခြေစုံကန်ပြီး ထွက်သွားမိသည်ကိုလည်း ပြန်တွေးမိသွားပြန်သည်။ သူ အသက် ၂၀ ဝန်းကျင်က sport bike တစ်စီး စီးချင်လို့ ပူဆာခဲ့ဖူးသည်။ အဖေက ဝယ်မပေးခဲ့။ ယခုတော့…
*****
‘’ကဲ ဦးကျောက်…ကျွန်တော် ဟိုကောင်တွေဆီ သွားလိုက်ဦးမယ်။ ညနေမှ ပြန်လာခဲ့မယ်။’’ ဂိုထောင်ထဲမှ ထုတ်လာသည့် Kawasaki Z1000 ဆိုင်ကယ်ပေါ်မှ အဂ္ဂက လှမ်းပြောခြင်းဖြစ်သည်။ ထို့နောက် ဆိုင်ကယ်ဦးထုပ်ကို ဆောင်းလိုက်ရင်း ခြံပြင်သို့ မောင်းထွက်သွားတော့သည်။
အေးမြသည့် လေကို ဆန်ရင်း အဂ္ဂတစ်ယောက် အတိတ်မြင်ကွင်းများဆီ အတွေးတွေ ဝဲလို့သွားပြန်သည်။
*****
အဂ္ဂဆိုသည်က အိမ်နာမည်၊ နာမည်အရင်းက ကျော်စွာဦး။ တစ်ဦးတည်းသောသား။ ငယ်စဉ်က ကျောင်းစာထူးချွန်သလောက် ဆယ်ကျော်သက် အရွယ်ရောက်လာချိန်တွင် ထူးခြားသော ဇ တွေ ပြလာသူ။ ခံစားချက်ပြင်းထန်သူ ယုံကြည်ရာကို မဆုတ်မနစ်လုပ်သူ ဆိုတာတွေက အဖေတူသားဆိုသည်ကို ပြသည်။ သူ့အသက် ၁၄ နှစ်တွင် မိခင်ဆုံးပါးသွားပြီးနောက် အဖေမနိုင်သည့် သားတစ်ယောက် ဖြစ်လာတော့သည်။
ကျောင်းစာ ထူးချွန်ရာမှ ရန်ဖြစ်ရာတွင် ထူးချွန်လာသည်။ ကျောင်းပိတ်ရက်များတွင် အခြားသင်တန်းတွေ တက်မည့်အစား ကိုယ်ခံပညာသင်သည်။ ထို့နောက် ဂစ်တာကို ညက်ညောစွာ တီးတတ်သူတစ်ဦးပါ ဖြစ်လာသည်။ ရုပ်ချောသူဟု မပြောနိုင်သော်ငြား စူးရှသည့်မျက်လုံးနှင့် လေးထောင့်ဆန်သည့် မျက်နှာကျ ပါးလှပ်သော နှုတ်ခမ်းတို့က ရက်စက်ပြတ်သားမှုကို ဖော်ကျူးနေသလို ထူးခြားသည့် ဆွဲဆောင်မှုတစ်ခုဟုတော့ ပြောနိုင်သည်။
အသက် ၁၈ နှစ်အရွယ်တွင်ပင် တစ်မြို့နယ်လုံး မသိသူမရှိသည့် လူမိုက်ပေါက်စနလေး တစ်ယောက် ဖြစ်လာတော့သည်။ ဖခင်ဖြစ်သူ ဦးဝင်းကျော် လိုက်ရှင်းရသည့် ပြဿနာပေါင်းက မနည်း။ အဂ္ဂတွင် နောက်ထပ် ထူးခြားချက်က သူငယ်ချင်းတွေ အပြိုင်အဆိုင် ရည်းစားထားလာချိန်တွင်ပင် ရည်းစားမထား။ သို့သော် သူငယ်ချင်းတွေ ကြားမှာတော့ သူက ကျားတစ်ကောင်အဖြစ် နာမည်ကြီးနေပြီ ဖြစ်သည်။
*****
“ချယ်ရီ စားသောက်ဆိုင်”
အဂ္ဂ၏ ငယ်သူငယ်ချင်း ဖြစ်သူ မိုးကျော်ဖွင့်ထားသည့် ဆိုင်ဖြစ်သည်။ ဆိုင်ရှေ့တွင် ဆိုင်ကယ်ကို ရပ်လိုက်ပြီးနောက် အဂ္ဂက ဆိုင်ထဲ တစ်ချက် အကဲခတ်လိုက်သည်။ ဆိုင်ထဲတွင်က လူအနည်းငယ်သာ ရှိသည်။ ဆိုင်ထဲသို့ လျှောက်ဝင်သွားရင်း ကောင်တာရှေ့ ရပ်လိုက်သည်။ ထို့နောက်…
‘’မိုးကျော် ရှိလား..’’
‘’ရှင်…ဟို…ဟုတ်…ရှိတယ် ရှင့်’’…ကောင်တာမှ မိန်းကလေးက သူ့ကို ကြည့်ရင်း ခပ်ရွံ့ရွံ့ပြန်ဖြေသည်။
ခေါင်းငြိမ့်ပြရင်း…’’အေး…သူ့ကို ခေါ်လိုက်၊ အဂ္ဂ ရောက်နေတယ်လို့’’
‘’ဟုတ်…ဟုတ်’’ … ပြောရင်း ကောင်မလေးက ဆိုင်အနောက်ဖက်ကို သွားရန် ခြေလှမ်းပြင်လိုက်သည်။
ထိုစဉ်မှာပင်…ဆိုင်အနောက်ဖက်ကမှ ထွက်လာသည့် မိုးကျော်က အဂ္ဂကို မြင်လိုက်ပြီးနောက်..
‘’ဟား…ဟျောင့်ကြီး လာကွာ၊ ဒီမှာထိုင်ရအောင်…မတွေ့တာ ကြာပြီဆိုတော့ ငါ့မှာလည်း ပြောစရာ အများကြီး၊ မင်းမှာလည်း ရှိမှာပဲ’’
‘’အေးကွာ…ကျန်တဲ့ကောင်တွေရော ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိသေးလဲကွ’’
‘’အေး တချို့လည်း အဆက်အသွယ်ရှိပါတယ်။ မြို့မှာတော့ ငါရယ် စိုးမိုးရယ်၊ တုတ်ကြီးရယ်၊ စံလွင်ရယ်ပဲ ရှိမှာပေါ့ကွာ…၊ နေဦး ဒီကောင်တွေပါ ငါလှမ်းခေါ်လိုက်မယ်။ ဒါနဲ့ မင်း ဘာသောက်မလဲ။’’
‘’အင်း လောလောဆယ် ပေါ့ပေါ့ပါးပါး ဘီယာပဲ လုပ်ပါ၊ ဟိုကောင်တွေ လာမှ ထပ်စဉ်းစားတာပေါ့’’
မိုးကျော်က ဖုန်းဆက်ပြီး တစ်ယောက်ပြီး တစ်ယောက် ခေါ်နေစဉ် အဂ္ဂက ဆိုင်အပြင်အဆင်ကို လိုက်လံ ကြည့်ရှုရင်း ခေါင်းငြိမ့်သည်။ ဖုန်းပြောပြီးသည်နှင့်…
‘’မင်းကတော့ အရင်အတိုင်းပဲ…စိတ်ကူးကောင်းလေးတွေကို အသုံးချနေတုန်းပဲ’’ လှပ သပ်ရပ်သည့် ဆိုင်အနေအထား ခင်းကျင်းမှုနှင့် အနုပညာဆန်သည့် အလင်းအမှောင် အခန်းဖွဲ့စည်းမှုအား ကြည့်ရင်း အဂ္ဂက မှတ်ချက် ချလိုက်ခြင်းဖြစ်သည်။
‘’ဟုတ်တယ်ကွ…ငါလည်း ဒါမျိုးလုပ်ဖို့ လွန်ခဲ့တဲ့ ၅ နှစ်ကမှ စနိုင်တယ်ကွာ။ မိန်းမလည်း ယူချင်နေတော့ ကြားထဲမှာ နည်းနည်းတော့ ခက်နေသေးတာ…ဟီး။ အဲ ခုတော့ အထိုင်ကျပြီ ဆိုပါတော့။ အားပေးသူလည်း များပါတယ်။ ခုက မင်းလာချိန်က အချိန်ကောင်း ဖြစ်သွားတယ်။ နေ့လည်လောက်ဆို နည်းနည်း လူများလာတော့မှာ။’’
‘’အေး…ဝမ်းသာပါတယ် ငါ့သူငယ်ချင်းတစ်ယောက် အဆင်ပြေတာ တွေ့ရတော့’’
‘’အေးပါ၊ ဒါက ထားပါတော့ မင်း ၁၀ နှစ်လောက် ရှိမယ်ထင်တယ် လွင့်သွားတာ။ လုပ်ပါဦးကွာ မင်းအကြောင်း မင်းအတွေ့အကြုံတွေ။’’
‘’အင်း…ဖြည်းဖြည်းပေါ့ကွာ။ ဟိုကောင်တွေ လာလည်း ဒါပဲ မေးကြဦးမှာ ဆိုတော့။ လူစုံမှ ငါ့အကြောင်း ပြောပြတာပေါ့။’’
‘’အေး…အေး၊ ဟေ့ အသေးလေး လာဦး၊ ဘာအမြည်းရပြီလဲ အဆင်သင့်ရှိတာ ခုယူလာခဲ့၊ နောက်ပြီး ဟျောင့် အဂ္ဂ အရင်တုန်းကလိုပဲ Tiger လား’’
‘’အေး…Tiger ပဲပေါ့ကွာ..’’
‘’အသေးလေး…Tiger ၂ လုံးယူခဲ့ ဒီကို’’ … မိုးကျော်က သူ့ဆိုင်က စားပွဲထိုးကောင်လေးအား လှမ်းမှာလိုက်ရင်း အဂ္ဂကို တစ်ချက်ကြည့်သည်။ ပြီးတော့…
‘’မင်းအကြောင်း နှင်းနွယ်က ခဏခဏ မေးတယ်ကွ၊ မင်းရော သူ့ကို သတိမရဘူးလား။’’
အဂ္ဂ ခဏ ငြိမ်သွားသည်။ ထို့နောက် စီးကရက်တစ်လိပ်ကို မီးညှိရင်း ခပ်ယဲ့ယဲ့ ပြုံးသည်။
‘’တခါတလေပေါ့ကွာ..’’
စီးကရက် မီးခိုးများအား ငေးရင်း အဂ္ဂ နှင်းနွယ်အကြောင်း တွေးကြည့်သည်။ မတွေ့တာ ၁၀ နှစ်ကျော် ကြာခဲ့ပြီးဖြစ်သော ငယ်သူငယ်ချင်း မိန်းကလေး၊ အထူးသဖြင့် သူ့အပေါ် အရမ်းခင်မင်သော စေတနာထားသော မိန်းကလေး။
****
ဆက်ရန် …
လှိုင်းထန်သော ပင်လယ်ကား ငြိမ်းစေ
Power of the Sea: Chapter III
မှုတ်ထုတ်လိုက်သော စီးကရက် မီးခိုးများနဲ့အတူ အဂ္ဂစိတ်တို့ အတိတ်ကို လွင့်ပြန်သွားခဲ့ရသည်။
ဖြူစင်ရိုးသားသော ငယ်ဘဝ ကျောင်းသားဘဝ…။
အဂ္ဂတို့ ၇ တန်းနှစ်မှာပင် ကျောင်းသူ အသစ်လေး နှင်းနွယ် သူတို့ကျောင်းကို ပြောင်းလာခဲ့သည်။ ချစ်စရာ ကျစ်ဆံမြီးနှစ်ဖက် သနပ်ခါးပါးကွက်လေးနဲ့ ထို ကျောင်းသူသစ်သည် မကြာမီပင် ကျောင်း၏ နာမည်ကျော် ဖြစ်လာတော့သည်။ စာတော်သည်၊ သွက်လက် ထက်မြတ်သည်။
နှစ်တိုင်း အတန်းထဲ ပထမ ရနေကြ အဂ္ဂကို အကောင်းဆုံး စိန်ခေါ်နိုင်သူ ဖြစ်လာသည်။
၉ တန်းနှစ်ရောက်တော့ ကျောင်းသားတွေ ကြားမှာပါ ပေါ်ပြူလာအဖြစ်ဆုံး ကျောင်းသူ ဖြစ်လာတော့သည်။ ထိုစဉ်ကတော့ အတန်းကြီး စီနီယာဟု ခေါ်ရမယ့် ဆယ်တန်းကျောင်းသားတွေ ဖွန်လာကြောင်ကြသည်၊ ရည်းစားစာတွေ ပေးကြသည်။ ထိုအထဲမှာမှ အာကာက အဆိုးဆုံး၊ သူက မိဘ ပိုက်ဆံချမ်းသာသည် လူဘော်ကြော့ ရုပ်ရည်ကလည်း လူဖြောင့်၊ ရည်းစားများသည်။ ဒါတွေနဲ့ပဲ ပျော်ပါးရင်း ဆယ်တန်း တစ်နှစ်ကျထားသူ။
အဲ ထူးဆန်းသည်က အဂ္ဂ…။ သူကတော့ နှင်းနွယ်ကို သူ့ပြိုင်ဘက်လို့လည်း သဘောထားပုံ မပေါ် ဂရုလည်း မစိုက်။ လှပ ချောမောသည့် သူငယ်ချင်းမလေးကို သူ့ဘော်ဒါအရင်းတွေ အပြိုင်အဆိုင် ဝိုင်းပိုးနေကြတာလည်း သိပုံမပေါ်။
သို့သော်…တစ်နေ့…
သူတို့တွေ ကိုးတန်းဖြေပြီး ဆယ်တန်းတက်ရန် စောင့်စားနေချိန်။
အဂ္ဂတစ်ယောက် ညနေစောင်း သူငယ်ချင်းတွေနဲ့ ချိန်းထားသည့် လက်ဖက်ရည်ဆိုင်ဖက် ထွက်လာစဉ် သူမထင်ထားသည့် မြင်ကွင်းကို မြင်လိုက်ရသည်။
နှင်းနွယ်က စက်ဘီးကိုင်ရင်း ရပ်နေသည်…ဘေးမှာက အာကာ…။ အဂ္ဂ သူတို့ကို လှမ်းကြည့်လိုက်မိစဉ်မှာပင် အာကာက နှင်းနွယ်လက်ကို ဆွဲကိုင်လိုက်သည်ကို တွေ့လိုက်ရသည်။ နှင်းနွယ်ကမူ သူ့လက်ကို ပြန်ရုန်းရင်း တစ်ခုခု ပြောနေသည်။ အာကာက မလွှတ်။ တဖြည်းဖြည်း ကြည့်ရတာ ရုပ်ပျက်သည် ထင်သော အဂ္ဂက ထိုအနား လျှောက်သွားလိုက်ရင်း…
“ဟဲ့…ဘာဖြစ်နေတာလဲ…လူမြင်ကွင်းကြီးမှာ”…နှင်းနွယ်ကို ကြည့်ပြီး ပြောခြင်းဖြစ်သည်။ နှင်းနွယ် အဂ္ဂကိုမြင်တော့ ဝမ်းသာသွားပုံပေါ်သည်…ဒါပေမယ့် မေးခွန်းကြောင့်တော့ စိတ်မကောင်းဖြစ်သွားရသည်။
“ဘာဖြစ်ရမှာလဲ…သူဖာသာ လိုက်နှောက်ယှက်နေတာ”
“နှောင့်ယှက်တာ မဟုတ်ပါဘူး အဂ္ဂရာ…ကိုယ်က တောင်းပန်နေတာပါ” ဟု အာကာက ဝင်ပြောသည် ပြီး အဂ္ဂကို မျက်နှာချိုသွေးသလို ပြုံးပြသည်။
“ဆောရီးနော် နွယ်” … ဟု ပြောရင်း အာကာတစ်ယောက် ပေစောင်းစောင်းနှင့် သူ့ဆိုင်ကယ် ရပ်ထားရာဆီ လှည့်သွားတော့သည်။ သိပ်တော့ အမြင်ကြည်ပုံမပေါ်။
အဂ္ဂက ဆိုင်ကယ်မောင်းထွက်သွားသည့် အာကာ့ဖက် တစ်ချက်ကြည့်ပြီးနောက် နှင်းနွယ်ကို သေချာကြည့်သည်။ ပြီးမှ…”နင် အဆင်ပြေတယ် မဟုတ်လား” ဟု မေးရင်း အမှတ်မထင် နှင်းနွယ် နှုတ်ခမ်းကို စိုက်ကြည့်လိုက်မိသည်။
နှုတ်ခမ်းနီမဆိုးပဲ အနီရောင်သမ်းနေသည့် နှုတ်ခမ်းလေးက မထူမပါး၊ အဂ္ဂရင်ထဲ ထူးဆန်းစွာ လှုပ်ခတ်သွားသည်။ ထိုနှုတ်ခမ်းက တစ်ချက် ပွင့်အာလာသည်…”အေး…ကျေးဇူးပါဟာ…ငါ ဘယ်လောက် ငြင်းငြင်း သူက မရဘူး ခုလည်း အတင်းသွားမလို့ လုပ်တာကို လက်ဆွဲပြီး ရည်းစား စကားပြောတာ”
နှင်းနွယ် တစ်ယောက် အဂ္ဂစိုက်ကြည့်နေတာကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်မိသည်၊ ဒါပေမယ့် တစ်ဖက်ကတော့ ကြည်နူးကျေနပ်မိပြီး စိတ်ထဲကတော့ ပြောလိုက်မိသည်။ “စောက်ကောင်…နင် အခုတော့ ငါ့ကို ကြည့်ရကောင်းမှန်း သိပြီပေါ့”…ဟု။
“အင်းပါ ငါမြင်တာနဲ့ သဘောပေါက်ပါတယ်…ကဲ ငါလည်း လက်ဖက်ရည်ဆိုင်သွားလိုက်ဦးမယ်” ပြောပြောဆိုဆို အဂ္ဂ ထိုနေရာမှ ဆက်ထွက်လာခဲ့သည်။
လက်ဖက်ရည်ဆိုင်မှာတော့ ထုံးစံအတိုင်း သူငယ်ချင်းတွေ စုံနေကြပြီ။
“ဟျောင့် အဂ္ဂ … လာ ဟျောင့်ရေ၊ ဒီနေ့ ဇာတ်လမ်းအသစ်ကွ၊ ဒီကောင့် ဦးလေးအိမ်မှာ သွားကြည့်မလို့ရှာထားတာ၊ အမေရိကန် ကားတဲ့’’…မိုးကျော်က ပြောခြင်းဖြစ်သည်။ လူပျိုစိတ်တွေ အပြိုင်းအရိုင်း ဝင်လာသော သူတို့တတွေအတွက် အပြာကားများ ခိုးကြည့်ခြင်းက ထူးခြားလှသည် မဟုတ်ပါ။ ခက်သည်ကတော့ လက်တည့်စမ်းချင်စိတ်တွေ များလာကြခြင်းပင်။
မိုးကျော်က တုတ်ကြီးကို မေးငေါ့ပြရင်း ပြောနေခြင်းဖြစ်သည်။ တုတ်ကြီး နာမည်အရင်းက သူရအောင်၊ ငယ်ငယ်က ဝဝတုတ်တုတ်ကြီးမို့ အိမ်က တုတ်ကြီးဟု ချစ်စနိုးခေါ်ကြရင်း ဒီနာမည်တွင်သွားခြင်း ဖြစ်သည်။ ကျောင်းပိတ်ရက်ရှည် ခရီးသွားကာလမို့ သူ့ဦးလေးတွေ မိသားစု ဘုရားဖူးထွက်ကြသည်။ ထိုအခါမျိုး စောင့်နေသော သူတို့အုပ်စုကလည်း စီနီယာအစ်ကိုကြီးတွေထံ တပည့်ခံပြီး အပြာကားများ စုဆောင်း ငှားကြည့်ကြတော့သည်။
ထိုစဉ် တုတ်ကြီးက “စောစောတုန်းက နှင်းနွယ် ဒီဘက်က ဖြတ်သွားတယ် လမ်းမှာ မင်းနဲ့တွေ့သေးလား”
အဂ္ဂက ရယ်ရင်း “အေးတွေ့တာပေါ့ကွာ…တွေ့တာမှ….” ဟု အစချီကာ ကြုံခဲ့တာ ပြန်ပြောပြလိုက်သည်။
တုတ်ကြီးက စပ်ဖြဲဖြဲလုပ်ရင်း...’’မင်းတော့ ဟိုကောင် ကြည့်ရမှာ မဟုတ်ဘူး”
“သူ့ဖာသာ ကြည်ကြည် မကြည်ကြည်ကွာ…တစ်ဖက်လူ မကြိုက်တာ လုပ်တာတော့ ငါ သဘောမကျဘူး…ငါ့အကြောင်းလည်း မင်းတို့ သိသားနဲ့”
“အေးပါ…ငါသိပါတယ်…ဒါပေမယ့် ငါပြောရဲတယ်နော်…နှင်းနွယ်ကတော့ မင်းကို ရေလည် အမှတ်တွေ ထပ်ပေးသွားမှာ…ဟား…ဟား”
“ထားစမ်းပါကွာ…မင်းတို့ကလည်း ဒီဖက်ပဲ လှည့်တာပဲ…”
ငြိမ်နေသည့် ဝင်းထွန်းပါ စကားဝိုင်းထဲ ဝင်လာတော့သည်။ “ဟုတ်တယ်ကွ…အဂ္ဂရ…ကောင်မလေးက လှလည်းလှတယ်…မင်းကိုလည်း ကြိတ်ခိုက်နေတာ ငါတို့ ဘေးလူတွေတောင် ရိပ်မိတယ်..။ မင်းက ဘာဖြစ်လို့ ကျောက်ရုပ်လို့ ဖြစ်နေတာလဲ၊ နေရာချင်းတောင် လဲလိုက်ချင်တယ်။”
“အေး သူ့ဖာသာ ဘာဖြစ်ဖြစ်ကွာ လောလောဆယ်တော့ ငါ ရည်းစားထားဖို့ စိတ်ကို မဝင်စားဘူး…” အဂ္ဂပြန်ပြောလိုက်ရင်း စာသင်ခန်းထဲ တစ်ချက်ချက် ခိုးကြည့်တတ်သော မျက်လုံးဝိုင်းလေးကို သွားမြင်ယောင်မိပြန်သည်။
“ကဲတော်တော့ကွာ…အဲဒါထက် အရေးကြီးတာက သောက်စရာရှိတာသောက် ပြီးရင် ချီတက်ကြစို”
လက်ဖက်ရည်ဖိုး ရှင်းပြီးတာနှင့် အားလုံး တုတ်ကြီး ဦးလေးတွေ အိမ်သို့ ချီတက်ကြတော့သည်။
******
တုတ်ကြီးက စက်ထဲ အခွေထည့်လိုက်ရင်း…
“ဟျောင့်တွေ ၃ ကားတော့ ငှားလာတာပဲကွ ကိုစိုးကြီးကတော့ သိတဲ့အတိုင်း စုံသလားမမေးနဲ့၊ အမေရိကန် ၂ ကား ဂျပန်တစ်ကား ပေးလိုက်တယ်၊ ဂျပန်ကားက ငါတို့အတွက် အသစ်တွေ ကြည့်ရမယ်တဲ့၊”
“ဒါဆိုလည်း လုပ်ကွာ ဂျပန်ကားထည့်လိုက်…အဲဒါ အရင်ကြည့်မယ်” အမြဲတက်ကြွသူ ဝင်းထွန်းက ရှေ့ဆုံးမှာ နေရာယူရင်း ပြောလိုက်ခြင်း ဖြစ်သည်။
တုတ်ကြီး ဇာတ်လမ်းကို စဖွင့်လိုက်သည်နှင့် အားလုံး တီဗီရှေ့ကို မျက်နှာမူလိုက်ကြတော့သည်။
ဇာတ်လမ်းသွားနှင့် ဇာတ်ကားမို့ အစပိုင်းတွင် ထုံးစံအတိုင်း အစပျိုးသည် မင်းသမီးငယ်လေး တစ်ယောက်တည်း အိမ်ပြန်နေတာ ပြသည်။ နောက်တော့ လူတစ်ယောက်က သူ့ကို အတင်း ဖမ်းခေါ်သွားသည်။ အိမ်ထဲတွင်တော့ သူ့ကို ချုပ်နှောင်ထားပြီး ဇာတ်လမ်းစဖို့ လုပ်သည်။ ထိုအထိ အဂ္ဂအေးဆေး ကြည့်နေသည် သိပ်စိတ်ဝင်စားမှု မရှိ။
တချို့ သူငယ်ချင်းတွေကတောင် သူ့ကို မေးတတ်သည် ဇာတ်ကားကြည့်တိုင်း သူတို့တွေ အိမ်သာထပြေးနေကြ၊ ထိုအထဲ အဂ္ဂဘယ်တော့မှ မပါ။ ဘာကြောင့်လဲ မကြိုက်ဘူးလား ဆိုလျှင် ကြိုက်ပါတယ် သိပ်တော့ စိတ်မဝင်စားဘူး ဟု ဖြေတတ်သည်။ တကယ်လည်း အဂ္ဂကြည့်ပုံက သာမန် ရုပ်ရှင်ကြည့်တဲ့အတိုင်းသာ ကြည့်သည်။ ပုံစံတွေကို လေ့လာသည့် စိတ်က ကဲနေသောအခါ တခါတခါ အရသာခံဖို့ကို စိတ်က အာရုံမစိုက်ဖြစ်သလို ဖြစ်နေသလားမသိ။
ခု ဒီဇာတ်ကားကတော့ အဂ္ဂအာရုံကို ဆွဲဆောင်နိုင်သည် ဆိုရမည်။ ဂျပန်မလေးကို ခုံမှာတင် ကြိုးတွေနဲ့ ချည်နှောင်ချိန်တွင်တော့ သူ စိတ်လှုပ်ရှားသလို ဖြစ်လာသည်။
ထို့နောက်တွင်တော့ ဇာတ်ဝင်ခန်း တစ်ခုအရောက်…မင်းသမီးက တဖြည်းဖြည်းနဲ့ မင်းသားဖြစ်သူ လုပ်သည်ကို သာယာလာသည် တောင့်တလာသည် သိပ်မငြင်းချင်တော့သလိုမျိုး သရုပ်ဆောင်ပြထားသည်။ ထို့နောက် မင်းသမီး နှုတ်ခမ်းနဲ့ မင်းသား ပစ္စည်းတွေ့သည့် အခန်းအရောက်မှာတော့ အဂ္ဂ စိတ်တွေ မရိုးမရွဖြစ်လာသည်၊ ယခင်ဇာတ်ကားတွေတွင်လည်း blow job အခန်း အမြဲပါတတ်ပါသည်။ သို့သော် ရင်မခုန် စိတ်မပါသွားခဲ့…။
ယခုတော့ အဂ္ဂတစ်ယောက် စိတ်လှုပ်ရှားနေမိသည်။ ဘာကြောင့်လဲ လှပတဲ့ အာရှသူလေး တစ်ယောက်ရဲ့ ရမက်စိတ်တွေ ဖြစ်နေတဲ့ အမူအယာအလား အလိုမတူပဲ တစ်ဖက်လူက အဓမ္မ ပြုကျင့်ရန် ကြိုးပမ်းနေမှုကြောင့်လား…အဂ္ဂ မဝေခွဲတတ်ပါ။ သို့သော် မဆီမဆိုင် သို့မဟုတ် တိုက်ဆိုင်စွာပင် ညနေက မြင်ခဲ့သည့် နှင်းနွယ် နှုတ်ခမ်းကို မြင်ယောင်လာမိပြန်သည်။
ဇာတ်လမ်းကို ကြည့်နေရင်းကပင် အဂ္ဂ စိတ်တွေ မောလာသည်၊ အကြောတွေ တင်းကြပ်လာသည်… သူ မနေနိုင်တော့…ဆတ်ကနဲ တီဗီရှေ့မှ ထထွက်ခဲ့ရတော့သည်။
သူ့နောက်မှာတော့ တုတ်ကြီး၏ အသံပြဲကြီးနှင့် အော်သံ…” ဟာ ဒီတစ်ခါတော့ ထူးဆန်းတယ်ဟေ့…အဂ္ဂက အရင်ဆုံးပါလား…ဟား ဟား ဟား…”
ဆက်ရန် ----
လှိုင်းထန်သော ပင်လယ်ကား ငြိမ်းစေ
Power of the Sea: Chapter IV
ထိုသို့ဖြင့်ပင် တဖြည်းဖြည်းနှင့် အားလုံး ခေါင်းစိုက်နေအောင် အပြိုင်ကြိုးစားကြသည့် ဆယ်တန်းနှစ်ရောက်လာတော့သည်။
ပုံမှန်ထက် အထူးကြိုးစားသူများကြား အဂ္ဂကတော့ ခပ်အေးအေးပင်။ ညနေစောင်း လက်ဖက်ရည်ဆိုင်ထိုင်သည်၊ ကရာတေး လေ့ကျင့်သည်၊ တခါတလေ ခြံထဲ ဂစ်တာထိုင်တီးတတ်သည်။ သူ့အဖေ ဦးနေဦးက စာကို စိတ်မဝင်စားသည့် အဂ္ဂကို တဖြည်းဖြည်း ကြည့်မရတော့၊ သို့သော် တစ်ဦးတည်းသောသား မိတဆိုးမို့ အရမ်းကာရောလည်း မချုပ်ချယ်ရက်။
တနေ့တော့ ဂစ်တာထိုင်တီးနေသည့် သားဆီ လာသည်။
“သား မင်း ကျောင်းစာ နည်းနည်းပေါ့နေတယ်၊ ဒီနှစ်လေး အားထည့်ကြိုးစားလိုက်ကွာ။ သား အမှတ်ကောင်းကောင်းရရင် သားလိုချင်တာ အဖေ့ကိုပြော၊ ဂစ်တာတီးတာတို့ အားကစားတို့က နောက်မှ လုပ်လည်းရတယ်”
အဂ္ဂက သူ့အဖေကို မော့ကြည့်ရင်း “အဖေကလည်း သား ပညာရေးကို အယုံအကြည်မရှိဘူး၊ အဖေပဲ စဉ်းစားကြည့်ပါဦး အမှတ်တွေကောင်း အင်ဂျင်နီယာဖြစ်တော့ရော ဘာလုပ်ရမှာလဲ’’
“သား စဉ်းစားကြည့်ဦး သားအတွက် ငွေကြေးဆိုတာလည်း ထူးပြီးရှာစရာမလိုဘူး သားအတွက် လိုအပ်တာ ပညာပဲ၊ ပညာနဲ့ပွဲလည်တင့်စေချင်တာ သားကို၊ ဒါကြောင့် ဒီတစ်နှစ်လေး ကြိုးစားလိုက်ကွာ၊ ပြီးရင် လုပ်ချင်တာလုပ် အဖေခွင့်ပြုမယ်”
“ဟာ အဖေရာ…ပျင်းစရာကြီးပါ…ကျောင်းပညာတွေသင်ပြီးတော့သွားရမယ့် ဘဝက တသတ်မတ်တည်း၊ သားက တခြားသင်ယူချင်တာတွေ သင်မယ် လှုပ်လှုပ်ရှားရှားပဲ နေချင်တယ်၊ ငြိမ်ငြိမ်လေးမသွားချင်ဘူး” ဆယ်ကျော်သက်အရွယ် အဂ္ဂရဲ့အတွေးတွေထဲ အမြဲကိန်းအောင်းနေသည်က သူရဲကောင်းဖြစ်ချင်စိတ် အရာရာကို စူစမ်းရင်ဆိုင်ကျော်လွှားလိုစိတ်။
ဦးနေဦး သူ့သားကို စိတ်ပျက်လက်ပျက် ကြည့်နေရင်း “သား နောက်ဆုံး တစ်ခု ပြောမယ်၊ မင်း အမေရှိရင်လည်း မင်းကို ပညာတော်တဲ့ သားတစ်ယောက်ပဲ ဖြစ်စေချင်မှာနော်၊ ဒီတော့ မင်း အနေနဲ့ အမေ့အတွက် ဖြစ်ဖြစ် ဒီတစ်နှစ်ကလေးကို ကြိုးစားလိုက်ပါ၊ ကဲ အဖေ ဒါပဲ ပြောတော့မယ်” ပြောကာ အိမ်ထဲသို့ ပြန်လှည်သွားတော့သည်။
အဂ္ဂ သူ့အဖေ၏ ကျောပြင်ကို ကြည့်ရင်း စိတ်မကောင်းသလိုတော့ ဖြစ်မိသည်။ သို့သော် သူ့မာနက တင်းခံနေပြန်သည်။ သူက ပညာရေးနဲ့ လူတစ်လုံးသူတစ်လုံး ဖြစ်ရမည့်ဘဝကို မလိုလား။ အဖေဖြစ်သူ ဦးနေဦး၏ စိတ်ကိုလည်း နားလည်ပါသည်။
အဖေဖြစ်သူသည် ငယ်စဉ်က ပညာထူးချွန်သလောက် စီးပွားရေးချို့တဲ့သည့် မိသားစု အသိုင်းအဝိုင်းမှာ ကြီးပြင်းရသူ၊ အမေတစ်ခု သားတစ်ခု၊ ဆယ်တန်းတွင် ထူးချွန်စွာအောင်မြင်သော်လည်း အမေကို ငဲ့၍ ဝိဇ္ဇာဘွဲတစ်ခုကိုသာ စာပေးစာယူဖြင့် တက်ခဲ့ရသူ။ ပြီး အလုပ်ကို ဇောက်ချကြိုးစားရင်း ယနေ့ ဤမြို့လေးတွင် အချမ်းသာဆုံး စာရင်းဝင်ဖြစ်အောင် ရုန်းကန်ခဲ့သူ။ ထို့ကြောင့် သူမက်ခဲ့သော အိပ်မက်ကို သူ့သားဖြစ်သူ အဂ္ဂလက်ထက်တွင် အကောင်အထည် ဖော်ချင်သူ အထူးသဖြင့်၊ သူဖြစ်ချင်သော်လည်း မဖြစ်ခဲ့ရသည့် အင်ဂျင်နီယာအဖြစ် သားကို မြင်ချင်သည်။
သို့သော် အဂ္ဂကလည်း ဖခင်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသူ၊ ဘဝအခက်အခဲကို ရင်ဆိုင်ကြည့်ချင်သည်၊ စွန့်စားချင်သည်။ ငြိမ်ငြိမ်နေရင်း အေးချမ်းစွာ ဘဝကို ကုန်လွန်မသွားချင်၊ လောကတွင် မကုန်နိုင်သော အတတ်ပညာပေါင်းများစွာကို စာသင်ခန်းပြင်ပတွင်သာ ရနိုင်သည်ဟု ယုံကြည်ထားသူ။ နောက်ပြီး အမေ့ကို သူအရမ်းသတိရမိလာသည်။ အမေသည် သူ့ကို နားလည်သူ၊ သူ့ဝါသနာပါ၍ လုပ်ချင်သမျှ ဖြည့်ဆည်းပေးတတ်သူ။ သားဖြစ်သူ စာတွေဖတ်လာသည့်နောက် အိမ်တွင် စာကြည့်တိုက် အသေးစားလေး တစ်ခု ဖန်တီးပေးခဲ့သူ၊ အမေသာ ရှိလျှင့် သူ့အယူအဆကို ထောက်ခံမည်ဟု အဂ္ဂယုံသည်၊
ထိုနောက်တွင်တော့ အဂ္ဂတို့ သားအဖနှစ်ယောက်အကြား စကားအပြောအဆိုပင် မရှိသလောက် နည်းသွားခဲ့သည်။ ဦးနေဦးကလည်း သားအရိပ်အခြည်ကို ကြည့်နေသော်လည်း ထပ်မံ ပြောဆိုခြင်းတော့ မရှိ၊ သူ့အလုပ်ပြီးသည်နှင့် သတင်းကြည့်သည် ညဆိုလျှင် အရက်သောက်ပြီး အိပ်သည်။ အဂ္ဂကလည်း ပုံမှန်အတိုင်း သူလုပ်ချင်တာတွေ လုပ်သည်၊ စာကို ပုံမှန်တော့လုပ်သည် သို့သော် အားမစိုက်။
သို့သော် တစ်နေ့တွင်ကား သားအဖ နှစ်ယောက် မပြောမဖြစ် ပြောရမည့် အခြေအနေကား မလွှဲမသွေ ကြုံရတော့သည်။
အဖြစ်က တုတ်ကြီးနှင့် ပတ်သက်သည်။ တုတ်ကြီးက ကောင်မလေး တစ်ယောက်ကို ကြိုက်နေသည် လိုက်သည်။ အိုကေသလိုလိုရှိသည် ဆိုရမည်။ ကောင်မလေးကလည်း အဖြေမပေးရုံတမည်သာ ကျန်သည်။ အဆင်ပြေနေသည့် ကြားတွင် ဝင်လာသည်က ထုံးစံအတိုင်း ပြိုင်ဖက်။ တစ်နေ့တော့ မည်သို့ ဖြစ်ခဲ့သည် မသိ၊ တုတ်ကြီးတစ်ယောက် ညနေစောင်း လက်ဖက်ရည်ဆိုင်ကို ဝင်လာချိန်တွင်တော့ ပါးစပ်ကို လက်နှင့်အုပ်ထားသည်။ အဝတ်အစားတွေကလည်း တွန့်ကြေလျက်။
ဝင်းထွန်းက “ဟေ့ကောင် ဘာဖြစ်လာတာလဲ၊ မျက်နှာကလည်း နေဦး လက်တွေလည်း ပွန်းရာပဲ့ရာနဲ့ ချော်လဲတာလား”
တုတ်ကြီးက ကျန်လက်တစ်ဖက်ဖြင့် ကာပြရင်း ရေနွေးကြမ်း ပန်းကန်ကို ကောက်ကိုင်လိုက်သည်။ ပြီး ပါးစပ်အုပ်ထားသော လက်ကို ဖယ်လိုက်ရင်း ရေနွေးကို ကောက်ငုံလိုက်ပြီး ထွေးထုတ်လိုက်သည်။ ပါလာသည်က သွေးများ။
“ဟင်”
အားလုံး ကြောင်သွားသည်။ အဂ္ဂက “နှုတ်ခမ်းပေါက်သွားတာ ထင်တယ်၊ ရန်ဖြစ်တာ မဟုတ်လား ဘယ်သူနဲ့လဲ” အခြေအနေကို ရုတ်တရက် ရိပ်မိသလို ရှိသွားသည်။
တုတ်ကြီးက တရှုးရှူးဖြစ်နေသေးသည်၊ နည်းနည်း ငြိမ်သွားမှ “ဟိုကောင်ပေါ့ကွာ ဇော်ထက်နိုင် ငါ့ကို နောက်ဆုတ်ပေးဖို့ပြောတာ၊ ငါလည်း ဒါမျိုး ဘယ်ရမလဲ လက်မခံဘူးပြောတာ။ အဲဒီမှာ ငါလိုးမသားတွေ အကြံရှိတယ် ထင်တာပဲ။ အုပ်စုလိုက်ကွ ၆ ယောက်လောက်ရှိတယ်။ ငါ့ကို့ ဝိုင်းကျွေးလိုက်တာ”
“ဘယ်သူတွေလဲ မှတ်မိလား” ဝင်းထွန်းက မေးခြင်းဖြစ်သည်။
“ဇော်ထက်နိုင်၊ မျိုးကြီး၊ ကျော်ဝင်း၊ အာကာ ပြီးတော့ ကျန်တဲ့ ၂ ယောက်တော့ မသိဘူးကွ”
“အာကာက ဘာဆိုင်လို့ပါလာတာလဲ” အဂ္ဂက မေးရင်း စဉ်းစားသလို လုပ်နေသည်။ ပြီးမှ ‘’မင်းမသိတဲ့ ၂ ယောက်က သူနဲ့ပါလာတာ ဖြစ်နိုင်တယ်၊ ငါ ဟိုရက်က သူနဲ့ လူတချို့ မြို့ထိပ်က ဆိုင်မှာ ထိုင်နေတာ တွေ့တယ်၊ အဲလူတွေက ဟိုဖက်မြို့က ဖြစ်နိုင်တယ်၊ နည်းနည်း မျက်နှာစိမ်းတယ်ကွ”
ဝင်းထွန်းက “ဒါဆို ဒီကောင်တွေ ဒီအချိန်ဆို အဲ့ဆိုင်မှာပဲ ရှိမှာပဲ။ သွားမယ်ကွာ၊ ငါတို့ အုပ်စုကို ဒါမျိုး လာလုပ်လို့ ဘယ်ရမလဲ။”
အဂ္ဂက တစ်ချက် စဉ်းစားနေသည်။ “သွားတာက ဟုတ်ပြီ၊ ဘယ်သူတွေ လိုက်မှာလဲ”
“အကုန်လိုက်မှာပေါ့ကွာ” ဝင်းထွန်းက ပြောခြင်းဖြစ်သည်။ သို့သော် အဂ္ဂက “အေး ဒါပေမယ့် မိုးကျော် မင်းတော့ မလိုက်နဲ့ကွာ၊ မင်း အမေက တစ်ခုခုဆို စိတ်ပူလိမ့်မယ်။ မင်းက အခြေအနေပဲ ကြည့်ပေးထား”
“မဟုတ်တာ သူငယ်ချင်း အားလုံးသွားရင် ငါလည်း လိုက်မှာပေါ့” မိုးကျော်က မကျေမနပ် ဝင်ပြောသည်။ သို့သော် အဂ္ဂစကားကို ဝင်းထွန်းကလည်း ထောက်ခံသည် “ဒါတော့ ဟုတ်တယ် မိုးကျော် မင်းက နဂိုကတည်းက ခပ်အေးအေး သမား၊ တစ်ခုခုဆို မင်းကိုပါ ငါတို့ စိတ်ပူရဦးမယ်။ နောက်ပြီး မင်းအမေ အကြောင်းလည်း ငါတို့သိတယ်။” ခပ်လှမ်းလှမ်းကသာ အခြေအနေ ကြည့်နေကွာ ဝင်မပါနဲ့”
ထို့နောက် အဂ္ဂ၊ ဝင်းထွန်း၊ စိုးမိုးနှင့် ကာယကံရှင် တုတ်ကြီးတို့ ဆိုင်ကယ်နှစ်စီးဖြင့် လက်ဖက်ရည်ဆိုင်မှ မြို့ထိပ်သို့ ထွက်လာခဲ့သည်။ မိုးကျော်ကတော့ သူ့ထားခဲ့၍ စိတ်မကောင်း၊ သို့သော် ခဏအကြာတွင် သူ့စက်ဘီးလေးဖြင့် သူငယ်ချင်းအုပ်စု ထွက်သွားရာဖက်သို့ လိုက်သွားတော့သည်။
*******
HELLO Restaurant
မှောင်ရီညချမ်းအချိန်တွင် စားသောက်ဆိုင်အတွင်း၌ လူအများဖြင့် စည်ကားနေပြီဖြစ်သည်။ ဆိုင်အပြင်ဘက် လမ်းမနှင့် အနီးဆုံး ဝိုင်းတွင်တော့ သူတို့ ရှာနေသည့် ဇော်ထက်နိုင်နှင့် အပေါင်းအပါများ၊ အောင်ပွဲခံနေကြသည်ထင်သည်။
“သူတို့ပဲ အဲလူတွေအကုန်ပဲ” ဟု ဆိုင်ကယ်ကို လမ်းဘေးထိုးရပ်လိုက်ရင်း တုတ်ကြီးက ပြောလိုက်ခြင်း ဖြစ်သည်။
“အေး ဒါဆိုလည်း ဒဲ့ပဲ သွားရှင်းတာပေါ့” ဟု ပြောရင်း ဝင်းထွန်းက ဦးဆောင်ကာ ထိုစားပွဲဝိုင်းသို့ ဦးတည်လိုက်သည်။ အဂ္ဂက ဝင်းထွန်းလက်ကို လှမ်းဆွဲလိုက်ရင်း “နေဦး ငါပြောမယ်၊ မင်းက ရှေ့မကြည့် နောက်မကြည့် ပြောတတ်လွန်းလို့”
ဝင်းထွန်းက အင်တင်တင် လုပ်နေသေးသည်၊ ထို့နောက်မှ သဘောတူကြောင်း ခေါင်းဆတ်ပြသည်။
သူတို့ အုပ်စုဝင်လာနေသည်ကို ဇော်ထက်နိုင်တို့ကလည်း လှမ်းတွေ့ထားပြီးသားပင်။ အသောက်အစား မပျက် ခပ်တည်တည် ကြည့်နေကြသည်။
အဂ္ဂ စိတ်ထဲမှ တွက်နေသည်။ သူတို့က ၆ ယောက် ကိုယ့်ဖက်က ၄ ယောက်၊ ဝင်းထွန်းအကြောင်း သိသည် ရန်ဖြစ်သည့် အတွေ့အကြုံက စိတ်ချရသည်။ စိတ်မချရသည်က တုတ်ကြီးနှင့် စိုးမိုး၊ သို့သော် ကိစ္စမရှိ ဟိုဘက်က ၄ ယောက်ကလည်း ကိုယ့်လူတွေလိုပင်၊ သူ စဉ်းစားနေသည်က အာကာ၏ လူစိမ်း ၂ ယောက် အကြောင်း ဖြစ်သည်။ သို့သော် သိပ်စဉ်းစားရန် အချိန်မရတော့ပါ။ မီးစဉ်သာ ကြည့်ကရပါတော့မည်။
အဂ္ဂက စားပွဲဝိုင်းနှင့် မလှမ်းမကမ်း အရောက်တွင်တော့
“ဟေ့ကောင် ဇော်ထက်နိုင်၊ မင်း ယောက်ကျားလား အခြောက်လား၊ ဆောက်ပေါလား၊ ဆောက်ကြောက်လား၊ တစ်ယောက်တည်းကို လူအများနဲ့မှ လုပ်ရဲတာ ဆိုတော့”
ဇော်ထက်နိုင် ရှူးရှူးရှားရှား ဖြစ်သွားသည်။ “လီးဖြစ်နေတာလား၊ ငါ့ဟာငါ ဘာဖြစ်ဖြစ်”
ထိုစဉ်မှာပင် ဇော်ထက်နိုင်ဘေးနား ထိုင်နေသည့် ကိုလူစိမ်းတစ်ယောက်က အဂ္ဂကို စိုက်ကြည့်သည်။ အသက်ကတော့ သူတို့ သူငယ်ချင်းတွေထက် လေးငါးနှစ်လောက် ကြီးမည်ထင်သည်။
ထိုသူက “ဟေ့ကောင်လေး မင်းက တယ်စွာပါလား၊ စိန်ခေါ်ချင်တာလား၊ ဘာဖြစ်ချင်တာလဲ”
အဂ္ဂက သူ့သူငယ်ချင်းတွေ အရိပ်အခြေကို ကြည့်လိုက်သည် ပတ်ဝန်းကျင်ကိုတော့ ဝင်လာကတည်းက အကဲခတ်ပြီးသားပင်…ဘေးနားက ဝင်းထွန်းဖက် အသာလေးကပ်ပြီး တီးတိုး ပြောလိုက်သည်။
“စားပွဲခုံပေါ်မှာ ပုလင်း ၃ လုံးနဲ့ ကိုင်းခွက် ၆ ခုရှိတယ်။ သူတို့နောက်ဖက်မှာ အုတ်ခဲတွေရှိတယ်။ အဲဒါ သတိထား၊ ဟိုဖက်က သိမ်းသွားတဲ့ အအေးဆိုင်ဘေးမှာ ရေခဲရိုက်တဲ့ တုတ် ၂ ချောင်းရှိတယ်။ ဟိုကောင်တွေကို ပြောလိုက်၊ ဖြစ်တာနဲ့ ကိုယ်မခံရစေနဲ့ လက်ဦးပစေ”
ဝင်းထွန်းက ကျန်နှစ်ယောက်ကို တိုးတိုးလှည့်ပြောသည်။
“ဟား ဟား ဟား၊ ဘာတွေ တိုင်ပင်နေတာလဲကွ၊ တောင်းပန်မလို့လား။” ထို လူစိမ်းမှဖြင့် အဂ္ဂတို့ကို လှမ်းစခြင်းဖြစ်သည်။
အဂ္ဂက “ဟုတ်တယ် တောင်းပန်တဲ့ ကိစ္စပဲ၊ ဒါပေမယ့် ကျွန်တော်တို့ မဟုတ်ဘူး ဇော်ထက်နိုင်နဲ့ ခင်ဗျားတို့ တောင်းပန်ရမှာ၊ ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ ဇော်ထက်နိုင်နဲ့ ဘာဆိုင်လို့လဲ”
“ဟား ဟား မင်းက အလာကြီးပါလား၊ အင်း ငါ့ကို သိတယ် ထင်နေတာ၊ ငါက ကျားလေးပဲ”
အဂ္ဂတို့ ထိုနာမည်တော့ ကြားဖူးပါသည်။ ဟိုဖက်မြို့က နာမည်ကြီး လူမိုက်တစ်ယောက်မှန်း။ ကျန် သူငယ်ချင်း ၃ ယောက်ကတော့ နာမည်ကြားပြီး နည်းနည်းတော့ ဖြုံသလို ဖြစ်သွားကြသည်။
“ဪ … ကျားလေး ဆိုတာလား၊ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ” ပြောရင်း အဂ္ဂက ခြေတစ်လှမ်း ရှေ့တို့လိုက်ရင်း…
ဖြောင်း….အင့်
ဇော်ထက်နိုင်တစ်ယောက် ခုံရောလူရော ပက်လက်လန် ကျသွားသည်။ အဂ္ဂက ခြေလှမ်းတစ်ချက်တိုးရင်း ဒီကောင့်လည်ပင်းကို လက်ပြန်ရိုက်ချလိုက်ခြင်းဖြစ်သည်။
“ဟာ” မည်သူ အော်လိုက်မှန်း မသိသည့် အာမေဋိတ်သံ ထွက်လာသည်။ ကျားလေးတို့ အာကာတို့ အုပ်စု ဝုန်းကနဲ ထရပ်လိုက်ကြရင်း…
ဆက်ရန်………
လှိုင်းထန်သော ပင်လယ်ကား ငြိမ်းစေ
Power of the Sea: Chapter V
ဆိုင်ရှေ့တွင် ရှုပ်ရှက်ခတ်ကုန်သည်။ အဂ္ဂက ဇော်ထက်နိုင်ကို လုပ်ပြီးသည်နှင့် စားပွဲခုံကို ဆွဲလှန်ပစ်လိုက်ရင်း ကျားလေးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ ဝင်းထွန်းတို့လည်း ကျန်သူတွေကို ဝင်လုံးကြတော့သည်။
ကျားလေးကတော့ နာမည်ကြီး လူမိုက်ပီပီ အထာနပ်သည်။ လူစွာကို ဖြိုရမှန်းသိသည်။ ထို့ကြောင့် သူကလည်း အဂ္ဂဝင်အလာကို ဆီးကြိုသည်။ ကျားလေး တစ်ချက်တော့ ပေါ့ဆမိသည် မလုပ်သင့်သည့် အမှား၊ အဂ္ဂအား ချာတိတ်ဆိုပြီး လျှော့တွက်မိခြင်းဖြစ်သည်။ သူ့မေးရိုးကို လက်သီးတစ်ချက်ထိသွားချိန်မှာတော့ သွေးဆူလာပြီး ချက်ချင်း အတင်းဝင်ထိုးသည်။
သို့သော်…လူသာငယ်သော်လည်း လေ့ကျင့်သားကောင်းသည့် အဂ္ဂကတော့ မမှု၊ ကျားလေး မွှန်ပြီး အလောတကြီး ဝင်လာသည်ကိုပင် သဘောကျသွားသည်။ အရှိန်နှင့် ဝင်လုံးသည့် ကျားလေးကို အသာရှောင်လိုက်ရင်း သူ့အရှိန်နှင့်သူ တွန်းလွှတ်လိုက်သည် ကျားလေးမှာ အရှက်တကွဲ လဲကျသွားရသည်။
အား…
ထိုအချိန်မှာပင် တုတ်ကြီး အသံကြားလိုက်ရသည်။ ဖြတ်ကနဲ လှည့်ကြည့်လိုက်တော့ ဗိုက်တွင် သွေးတွေနှင့် မျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေသည့် တုတ်ကြီးကို မြင်လိုက်ရသည်။ သူ့ရှေ့တွင်က ကျားလေးအဖော် လူစိမ်း၊ လက်ထဲတွင်ကား ဓါးမြောင်တစ်လက်၊ အဂ္ဂစိတ်ထဲ ပြာကနဲဖြစ်သွားရင်း ထိုလူ့ဆီ ပြေးသွားလိုက်သည်။ ထိုလူကလည်း ဓါးဖြင့်လှမ်းထိုးသည်။
အဂ္ဂရှောင်ရင်း သူ့လက်ကို ဆွဲချုပ်ကာ လူချင်းပူးရင်း တံတောင်ဖြင့် သူ့ရင်ညွန့်ကို ထိုးလိုက်ပြီး ဓားကို လုရန် ကြိုးစားလိုက်သည်။ ထိုအချိန်မှာပင် ကျားလေးကလည်း သူ့ဆီ လာနေလေပြီ။ အဂ္ဂ သိပ်မစဉ်းစားတော့…ဝင်လာသည့် ကျားလေးဘက်ကို ချုပ်ထားသည့် ဓားဦးကို အတင်းဆွဲလှည့်ပေးလိုက်သည်။
ကျားလေးကား ခွေကနဲ လဲကျသွားတော့သည်။ လူစိမ်းလည်း ကြောင်ကြည့်နေစဉ်ပင် အဂ္ဂရဲ့ ခေါင်းနဲ့အဆောင်ခံလိုက်ရပြီး လဲကျသွား၏။
ထို့နောက်တွင်တော့….
မြို့အဝင်တွင်မို့ ချက်ချင်းပင် လူတွေဝိုင်းလာရင်း ဆွဲကြလွဲကြနှင့် ရန်ပွဲက ပြီးသွားသည်။ အဂ္ဂက စိုးရိမ်တကြီး တုတ်ကြီးကို ကြည့်လိုက်သည်။ လက်နှင့်ဖိထားသည့် နေရာက သွေးများဖြင့် နီရဲနေသည်။ ချက်ချင်း ဆေးရုံသို့ ပို့ရန် စီစဉ်ကြသည်။ ထိုအချိန်တွင်ပင် ရဲတွေ ရောက်လာတော့သည်။
ရန်ပွဲအား စာရင်းချုပ်သော် တုတ်ကြီးနှင့် ကျားလေးက ဆေးရုံတွင်၊ သို့သော် တုတ်ကြီး ကံကောင်းသည်က ဓါးဦးဖြင့် ရှပ်ဆွဲခံရခြင်းသာ ဖြစ်၍ ဒဏ်ရာက သိပ်မပြင်းထန်၊ ကျားလေးက သေတော့မသေနိုင် သို့သော် ဗိုက်ထဲဓားဝင်သွားသည် ဒဏ်ရာက နည်နည်းနက်သည်။ ကျန်သူများ အားလုံးကတော့ အချုပ်ထဲရောက် ကုန်သည်။
အဂ္ဂတို့ရော အာကာတို့ရော တစ်ညတော့ အချုပ်ထဲ အိပ်လိုက်ရသည်။ နောက်နေ့တွင်တော့ မိဘတွေ မည်သို့ရှင်းလိုက်ကြသည်မသိ၊ သူတို့အားလုံးကို ပြန်လွှတ်ပေးလိုက်သည်။
*****
အိမ်တွင်တော့ ဦးနေဦးက အကြီးအကျယ် ဒေါသူပုန်ထနေလေပြီ။ အဂ္ဂကတော့ သူ့အပြစ်နှင့်သူမို့ ငြိမ်နားထောင်နေရသည်။
‘’သား … မင်း အရမ်းလွန်နေပြီ၊ စာကိုလည်း အရေးမစိုက်၊ ရန်ဖြစ်တာကျ ကျော်မကောင်း ကြားမကောင်း၊ ကံကောင်းလို့ ထောင်မကျတယ်၊ ဒါ နောက်ဆုံး ဖြစ်ပါစေ၊ နောက်တစ်ခါ ဒါမျိုးဖြစ်ရင်တော့၊ မင်း ထိုက်နဲ့ မင်းကံပဲ’’ ဦးနေဦး ဒေါသထွက်ထွက်နှင့် သားဖြစ်သူအား ရာဇသံပေးလိုက်တော့သည်။
အဂ္ဂကတော့ မထုံတက်တေး နားထောင်နေသည် ဘာမှတော့ ပြန်မပြော…။
ထိုစဉ်မှာပင် တုတ်ကြီးအသံကြောင့် အဂ္ဂ၏ အတိတ်သို့ ရောက်နေသော စိတ်များ ပစ္စုပ္ပန်သို့ ပြန်လည်လာတော့သည်။
*****
‘’ဟား … ဟျောင့်ကြီး’’
တုတ်ကြီးက ဆိုင်ကယ်ပေါ်မှ ဆင်းဆင်းချင်း အားရဝမ်းသာ လှမ်းခေါ်ပြီး ဆိုင်ထဲ ဝင်လာသည်။
ပြီးတော့ ငယ်သူငယ်ချင်းနှစ်ယောက် ဘာမှမပြောပဲ တစ်ယောက်ကို တစ်ယောက် အားပါးတရ ဖက်ရမ်းနှုတ်ဆက်မိကြသည်။
‘’လာကွာ … စောစော စီးစီး ဆိုပေမယ့်လည်း၊ မဆုံတာကြာတဲ့ ငယ်သူငယ်ချင်းတွေ ပြန်ပေါင်းထုတ်တဲ့ အနေနဲ့…ချကြတာပေါ့…အမူးကွာ’’ ဆိုင်ရှင် မိုးကျော်က ဝင်ပြောချင်း ဖြစ်သည်။
သိပ်မကြာမီမှာပင် စံလွင်နှင့် စိုးမိုးပါ ရောက်လာကြသည်။ ငယ်သူငယ်ချင်းများ၏ စကားဝိုင်းက ရေပတ်မဝင်၊ အကြောင်းအရာတွေကလည်း ပြောစရာ အစုံပင်။ နောက်တော့ အဂ္ဂက သူကြုံတွေ ဖြတ်သန်းခဲ့သည်များအား သူငယ်ချင်းများကို ပြန်ပြောသည်။ တချို့ နေရာတွေတွင်တော့ နားထောင်နေရသူများအဖို့ ပါးစပ်အဟောင်းသား ဖြစ်ရသည်လည်းရှိ၊ အားမလို အားမရ ဖြစ်ရသည်လည်းရှိ၊ ဟားတိုက်ရယ်မောရသည်လည်း ရှိသည်။
မည်သို့ပင် ဖြစ်စေ အဂ္ဂလည်း ပျော်နေပါသည်။ ဤခံစားချက်မျိုး သူမရခဲ့သည်မှာ ကြာခဲ့ပါပြီ။
သူတို့ အဖွဲ့ အရှိန်လေးရလာမှုနဲ့အတူ စကားတွေက ဟိုရောက်သည်ရောက်….၊
ထိုစဉ်မှာပင် ဆိုင်အရှေ့သို့…ကားတစ်စီး ထိုးရပ်လာသည်၊ လူရှင်းချိန်မို့ အားလုံးလည်း သတိထားမိသည်။ တုတ်ကြီးက အဂ္ဂပုခုံးကို လှမ်းပုတ်သည်။ ပြီး စပ်ဖြဲဖြဲနှင့် ကားဆီသို့ မေးငေါ့ပြသည်။ ထို့ကြောင့် အဂ္ဂလည်း ကားဆီ လှမ်းကြည့်နေလိုက်သည်။
ကားတံခါးအပွင့်မှာပင် လှပသော ခြေထောက်တစ်စုံကို တွေ့လိုက်ရသည်။ ထို့နောက် အမျိုးသမီးတစ်ယောက်…
လေအဝှေ့တွင် တစ်ချက်ချက် လွင့်သွားသော ဆံပင်၊ ဝင်းပသော အသားအရည်၊ ကျစ်လစ်တောင့်တင်းသည့် ခန္ဓာကိုယ်…ပြီးတော့ အဂ္ဂကို လှမ်းကြည့်နေသည် ဝိုင်းစက်လှပသော မျက်လုံး…။ ပြီးတော့ နှုတ်ခမ်းလေးကွေးပြီး ပြုံးပြသည်။
သူကား … နှင်းနွယ်….အဂ္ဂ၏ ငယ်ဘဝတွင် အမှတ်တရများစွာ ရှိခဲ့သော…နှင်းနွယ်…။
ခုတော့ ဒေါက်တာ…ဆောင်းနှင်းနွယ်။
ဆက်ရန်….
မူရင်း - https://www.facebook.com/Sensation-N-Power-Games-103394678317334/
Comments
Post a Comment