စာရေးတဲ့သူတွေ မတွေ့တာနဲ့ ကိုယ့်ဘာသာပဲ ရေးလိုက်တော့တယ်။ ချယ်ရီ ------- ချယ်ရီအဆောင်ပြန်ရောက်တော့ ညနေ ၆ နာရီရှိနေပီ။ နွေကာလမို့သာ မိုးမမှောင်သေးတာလို့တွေးရင်း နက်ဖြန်ခရီးအတွက် ထည့်ထားတဲ့အိတ်ကိုပြန်စစ်လိုက်သည်။ မှတ်ပုံတင်၊ ကိုဗစ်ကာကွယ်ဆေးထိုးလက်မှတ် အကုန်ပါတာသေချာအောင် စစ်ရသည်။ ပိုက်ဆံကို နေရာခွဲထည့်ထားတာတွေ သေချာစစ်သည်။လက်ဆောင်တွေကချည်း အထုတ်တစ်ထုတ်ဖြစ်နေပီ။ သူရွာမပြန်ဖြစ်တာ သုံးနှစ်ရှိပီ။ ကိုဗစ်ဖြစ်တာကော အခြားအကြောင်းတွေရောကြောင့် သွားလာဖို့မလွယ်ကူတာနဲ့ မပြန်ဖြစ်။ စစချင်းတုန်းကတော့ အိမ်လွမ်းနာကျလိုက်သေးသည်။ ငယ်ကတည်းက အိမ်မှာတစ်ဦးတည်းသောသမီး ဖတဆိုးလေးဆိုပြီး အကိုတွေကော အမေကောက သိပ်အလိုလိုက်ကြသည်။ အတူနေ ကျောင်းဆရာမအဒေါ်ကြောင့်သာ မဟုတ်ရင် ချယ်ရီလည်း ပညာရေးထွန်းပေါက်နိုင်ဖွယ်မရှိ။ နဂိုဥာဏ်ကောင်းပေမယ့် ပျင်းတာနဲ့ပေါ့ပေါ့နေတတ်တာ လျှပ်ပြာလျှပ်ပြာလုပ်တာကြောင့် စာမေးပွဲတွေမှာ အမှတ်သိပ်ကောင်းလေ့မရှိ။ ဒါ့ကြောင့် ဆယ်တန်းမှာ ချယ်ရီသုံးဘာသာဂုဏ်ထူးပါတော့ ရွာကလူတွေက မယုံကြ။ ပိုက်ဆံပေးလို့ရလာသလိုလိုပြောကြသည်။ တကယ်ကတော့ မြို့ကိုတူတူလိုက်လာပြီး အနီးကပ်အုပ်ထိန်းပေးတဲ့ အဒေါ်ရဲ့လက်သံကြောင့် ချယ...