မိန်းကလေးများနှင့် အပျိုစစ်ခြင်း
Photo Loading...
အရင်ဆုံးကိုယ့်အကြောင်းကိုပြောပြချင်တယ်။
ကျမအမျိုးသားနဲ့လူသိရှင်ကြားတွဲရင်း ၂နှစ်အကြာ ယူခါနီးမှာ နှစ်ဖက်အသိုင်းအဝိုင်းကြား မပြေလည်တာလေးတွေဖြစ်ပြီး တင်းမာကုန်ကြတယ်ပေါ့လေ။ မင်္ဂလာပွဲကမရေရာတော့ဘူး။ အဲ့တော့အမျိုးသားတဖြစ်လဲ ကျမရည်းစားက နှစ်ဦးသဘောတူသူငယ်ချင်းတွေနဲ့ပဲအကျဉ်းရုံးလက်ထပ်ထားကြမယ်ပြောလာတယ်။ နှစ်ဦးလုံးအသက်ပြည့်ပြီးတဲ့အပြင် အလုပ်အကိုင်လည်းရှိပြီးသားမို့ သိပ်စဉ်းစားမနေဘဲလုပ်လိုက်ကြတယ်။ ပြီးတော့ အတူနေဖြစ်တယ်ပေါ့။ နောက်ပိုင်းမှလူကြီးစုံရာနဲ့ အစကပြန်ဆောင်တယ်။
ဒါတွေကို အခုအချိန်မှာပြန်တွေးတော့ ကျမနောင်တရပါတယ်။ အတူနေဖြစ်လို့မဟုတ်ဘူး၊ အတူနေဖို့အတွက်အလျင်စလိုလက်ထပ်လိုက်တာကိုပါ။ ဘာကြောင့်များ ကျမတို့လက်မထပ်ခင်အထိ ထိန်းချုပ်နေခဲ့ရတာလဲ။ ဘာကြောင့်များ ရည်မှန်းချက်အကုန်မပြည့်ခင် အတူနေချင်စိတ်အတွက်နဲ့ ကျမတို့လက်ထပ်လိုက်ရတာတဲ့လဲ။ လွတ်လပ်သူအချင်းချင်း ကိုယ်ပိုင်တဲ့ကိုယ့်ခန္ဓာကိုယ်နဲ့ကိုယ်ပျော်ရွှင်ဖို့ရာ ဘာလို့တစ်ဘဝစာကတိကဝတ်တွေလိုနေတာတဲ့လဲ။
မိန်းကလေးဆိုတာအရှက်အကြောက်ရှိရတယ်၊ ဂုဏ်သိက္ခာရှိတဲ့မိန်းကလေးကမှတန်ဖိုးရှိတယ်ရယ်လို့ ကျမတို့တွေဟာငယ်စဉ်ကတည်းက သွန်သင်ခံခဲ့ရတယ်။ မိန်းကလေးဆိုတာနဲ့အစချီရင်း သဘာ၀နဲ့ဆန့်ကျင်တဲ့ဆုံးမဩဝါဒတွေထဲ ဘယ်သူ့အလိုမှန်းမသိဘဲ ပုံသွင်းခံခဲ့ရတယ်။ ဒါကိုအလိုတူတဲ့အမျိုးသမီးတွေရှိနိုင်သလို အစဉ်အလာကိုမတွန်းလှန်နိုင်လို့ ကြိတ်မှိတ်နေလိုက်ရသူတွေလည်းရှိပါတယ်။
တချို့မိန်းကလေးတွေက ချစ်သူနဲ့လက်ကလေးကိုင်၊ ပါးကလေးနမ်းတဲ့အဆင့်လောက်ပဲလိုချင်ကြတယ်။ အဲ့ဒီထက်အဆင့်ကျော်လာရင် သူကငါ့ကိုတန်ဖိုးမထားဘူးလို့တွေးတယ်။ ကျမကိုယ်တိုင်လည်း ဒီလိုမိန်းကလေးဖြစ်ခဲ့တယ်။ တနည်းအားဖြင့် ကျမတို့စိတ်ထဲ ဒီအတွေးကိုရိုက်ထည့်ထားခြင်းခံရတယ်လို့ပြောရင်ပိုမှန်မယ်။ ချစ်သူနဲ့နောက်တစ်ဆင့်တက်ဖို့ကို ကြောက်တယ်။ ဘာကိုကြောက်တာလဲဆိုရင် အကုန်ကိုကြောက်တယ်ပဲဖြေရမှာပဲ။ ယောက်ျားလိင်အင်္ဂါကိုကြောက်တယ်၊ အမှန်ပြောရင် ကိုယ့်အင်္ဂါကိုတောင် သေချာမလေ့လာဖူးအောင်ရှက်ကြောက်တာ။ သန့်ရှင်းရေးလုပ်တာထက်ပိုပြီးတောင် မကိုင်ဘူး။ ပြီးတော့ ယောက်ျားလေးနဲ့လိင်ဆက်ဆံပြီးရင် ကိုယ်ဟာတန်ဖိုးမဲ့သွားမှာကြောက်တယ်။ ဒီနိုင်ငံမှာ လက်မထပ်ရသေးဘဲ လွတ်လွတ်လပ်လပ်နေကြည့်ပါလား။ အဲ့ဒီမိန်းကလေး အတည်တကျအိမ်ထောင်ကျသွားရင်တောင် ပတ်ဝန်းကျင်မှာနာမည်ဆိုးအဖြစ်ကျန်နေခဲ့မှာ။
ဒါဘာကြောင့်လဲပြန်တွေးကြည့်တော့ ကျမတို့မိဘတွေက လိင်အင်္ဂါကို လိုတာထက်ပိုပြီးရှက်စရာ၊ ရွံရှာစရာအဖြစ်သာ သင်ကြားပေးခဲ့ကြတယ်၊ ကျမတို့ပတ်ဝန်းကျင်က အပျိုစစ်မှ တန်ဖိုးရှိတယ်လို့ပြောကြတယ်၊ ကျောင်းတွေက လိင်ပညာပေးဖို့နေနေသာသာ ၁၀ တန်း reproduction အခန်းကိုဆရာမတွေကိုယ်တိုင်က နင်တို့ကျူရှင်မှာသင်ပြီးသားမလားဆိုပြီး ဖတ်ရုံဖတ်ပြပြီးကျော်သွားခဲ့ကြတာများတယ်။ ကျမသူငယ်ချင်းတစ်ယောက်ဆို ၁၀ တန်းရောက်မှ သူ့အမေ၊အဖေက သူ့ကိုလိင်ဆက်ဆံပြီးမှမွေးခဲ့တာမှန်းသိရလို့ ငိုလို့မဆုံးဘူး။ သူ့မိဘတွေကိုအကြာကြီးစကားမပြောဘဲနေခဲ့တယ်။ သူ့မိဘတွေက ဒီလိုလူစားတွေဆိုတာ သူလက်မခံနိုင်ဘူးတဲ့။
ဒီလို အရှက်အကြောက်နဲ့အသားကျကြီးပြင်းလာတဲ့ မိန်းကလေးတွေအများကြီးရှိပါတယ်။ ဒီနေရာမှာ မိန်းကလေးတွေကိုတင် ဦးနှောက်ဆေးခံခဲ့ရတာမဟုတ်ဘဲ ယောကျ်ားလေးတွေကိုလည်း ဒီအတွေးမျိုးကိုသွတ်သွင်းခဲ့တယ်။ မိန်းမကောင်းဆိုတာ အပျိုစင်ဘ၀ကိုထိန်းသိမ်းရတယ်၊ အပျိုမစစ်ရင် တန်ဖိုးမရှိဘူး၊ မင်းတို့ယူမယ့်မိန်းကလေးဆိုတာ ဘယ်လိုမိန်းကလေးမျိုးဖြစ်သင့်တယ် စသဖြင့်ပေါ့လေ။ လူတစ်ယောက်ရဲ့တန်ဖိုးကို အမြှေးပါးနဲ့ဆုံးဖြတ်ဖို့ နည်းပေးလမ်းပြခဲ့ကြတယ်။ ဒီလို အပျိုစင်စံလွဲသတ်မှတ်ချက်ကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေများလာပြီး မိန်းကလေးတွေမှာ နစ်နာလှတယ်။ အသိုင်းအဝိုင်းက ဒါကိုလက်မခံမှန်းသိတော့ တိရစ္ဆာန်သာသာလူတွေရဲ့ ဒုက္ခပေးခြင်းခံရတယ်။ ဒီစံသတ်မှတ်ချက်ထဲမှာ တိုးတက်ရမယ့် အနာဂတ်တွေပျောက်ကုန်ရတယ်။
တချို့မိန်းကလေးတွေကတော့ ရဲရင့်တယ်၊ သွက်လက်တယ်။ စွန့်စားချင်တယ်။ အသက်ရှင်ရတဲ့အခိုက်အတန့်မှာ ဘ၀ကိုအဓိပ္ပါယ်ရှိအောင်နေချင်တယ်။ အခုကျမရပ်တည်ရေးသားမှာက ဒီလိုမိန်းကလေးတွေအတွက်ပါ။ ဘယ်လိုမိန်းကလေးမျိုးက မှန်တယ်ဆိုတာထက် ‘ကိုယ့်ခန္ဓာကိုယ်အတွက်ကိုယ်ပိုင်ရွေးချယ်မှု’ ကို ကျမတို့လေးစားရပါမယ်။
ကျန်းမာတဲ့လူငယ်တွေဖြစ်တာမို့ ကျမတို့မှာ ကာမဆန္ဒကိုယ်စီရှိကြပါတယ်။ ကိုယ့်ချစ်သူနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ်ရာအခိုက်အတန့်တွေ ဖန်တီးချင်ကြတယ်။ ဒါမမှားဘူးလေ။ ပြန်မရနိုင်တဲ့ပျိုမျစ်နုနယ်စဉ်မှာပဲ အချစ်ကြောင့်ဖြစ်တဲ့သွေးသားဆန္ဒကို အတိအကျခံစားရနိုင်တာမဟုတ်လား။ အသက်အရွယ်ရလာတာနဲ့အမျှ ဒီလူကိုဘယ်လောက်ထိချစ်ပါစေအုံး ခံစားချက်ချင်းကမတူတော့ဘူး။ ငယ်တုန်းကလို ရင်ဖိုလှိုက်မောမှုတွေဟာ လုပ်ယူရင်တောင် မရနိုင်တော့ပါဘူး။ ဆိုတော့ အသက်ပြည့်ပြီး လွတ်လပ်သူတွေအတွက် ကိုယ့်အပေါ်ဆွဲဆောင်မှုရှိတဲ့ ကိုယ့်ချစ်တဲ့သူနဲ့နှစ်ဦးသဘောတူ အတူနေတာဟာအပြစ်မဟုတ်သလို မကောင်းမှုကျူးလွန်နေတာလည်း မဟုတ်ဘူး (ဘာသာတရားအရတားမြစ်ချက်တွေရှိတာသိပါတယ်။ တားရတဲ့အကြောင်းရင်းတွေက တစ်ခုနဲ့တစ်ခုမတူကြဘူး။ အဲ့တော့ ကျမကသဘာ၀တရားကိုပဲဘုံထားပြီးဆက်ပြောပါမယ်)။ ဒီဟာတွေက သဘာ၀အရဖြစ်လာတာတွေပဲ။
ပြီးတော့ ယောက်ျားလေးတွေချည်းပဲလိုချင်တာ၊ ခံစားတတ်တာမဟုတ်ဘူး။ မိန်းကလေးတွေက စိတ်ခံစားချက်အရ ကိုယ့်ချစ်သူရဲ့ချစ်ခင်ယုယမှုကိုပိုလို့တောင်လိုချင်ပါသေးတယ်။
ချစ်သူနဲ့ကြည်နူးစရာအခိုက်အတန့်ကို အတူဖန်တီးဖို့ကြုံလာခဲ့ရင်ဆိုတာနဲ့ပတ်သက်ပြီး ကျမညီမအရင်းလိုသဘောထားပြီးပြောပြချင်တာလေးတွေရှိပါတယ်။ မဆိုင်သူတွေကတော့ မျက်စိနဲ့မနာဖဝါးနဲ့နာကြပါ : P
နှစ်ဦးသဘောတူအတူနေတယ်ဆိုတာ သာယာမှုကိုနှစ်ဦးသဘောတူခံစားကြဖို့ပါ။ တစ်ယောက်ကပေးပြီး တစ်ယောက်ကယူတယ်ဆိုရင်တောင် အပြန်အလှန်ယူပြီးပေးသင့်တာမျိုးပါ။ တစ်ဖက်သတ်ကြီးပေးရတယ်ဆိုတာမျိုးက အဓိပ္ပါယ်မဲ့လှပါတယ်။ အလိုမတူဘဲပေးရမှာဆိုရင် ၁၉၉ ကိုသာလှမ်းဆက်လိုက်ပါတော့။ အဲ့လိုမှမဟုတ်ရင် ကိုယ့်အတွက်ပြန်ယူခဲ့ပါ။ အနိမ့်ဆုံး ကိုယ်အဆင်ပြေတဲ့ position တို့၊ အနေအထားတို့ကို သိအောင်လုပ်ခဲ့ပါ။ လုံခြုံစိတ်ချရတဲ့နေရာသာဖြစ်တယ်ဆိုရင် လွတ်လွတ်လပ်လပ်ပျော်ပါညီမရေ။ ဂရုစိုက်ရမှာတော့ ၂ ချက်ပဲရှိပါတယ်။ အကာအကွယ်သုံးဖို့ရယ်၊ မှတ်တမ်းအတင်မခံရဖို့ရယ်ပါပဲ။ ဘယ်လိုအကြောင်းနဲ့မှ ဒီ၂ချက်ကို လိုက်လျောမပေးပါနဲ့။ သူနောက်မှဝယ်တိုက်မယ့် ဆေးကဒ်ကိုမျှော်လင့်ချက်မထားပါနဲ့။ အမြင်နဲ့မသိနိုင်တဲ့ ရောဂါပိုးတွေလည်း အဝင်မခံပါနဲ့။ လွမ်းတဲ့အချိန်ပြန်ကြည့်ချင်လို့ဆိုတဲ့ ဂျင်းကိုလည်းမယုံပါနဲ့။ ဘယ်အချိန်မှာဖြစ်ဖြစ် နောင်တမရဖို့အတွက် အန္တရာယ်အကင်းဆုံးလမ်းကို ပေါ့ပေါ့ပါးပါးလျှောက်ပါ။
နောက်တစ်ချက်က အတူနေပြီးပြီမို့ တာဝန်ယူရမယ်ဆိုတာ အားမနာတမ်းပြောရရင် မြန်မာကားထဲမှာပဲဖြစ်သင့်တယ်။ ပြောခဲ့သလို အတူနေတယ်ဆိုတာ သာယာမှုကိုအတူခံစားတာပဲလေ။ ဘယ်သူ့ဘယ်သူကိုမှ တာဝန်ယူရအောင် ကျိုးကန်းသွားကြတာမှမဟုတ်ဘဲ။ အတွေ့အကြုံတစ်ခုတောင်ပိုတိုးလို့လာသေးတယ်။ အကာအကွယ်သုံးထားတဲ့အတွက် နောက်ဆက်တွဲလည်းဘာမှမရှိဘူး။ ဒါကိုတဖက်ကတာဝန်ယူချင်လွန်းလို့ဆိုရင်တောင် စောပါသေးတယ်၊ ငါအနှောင်အဖွဲ့တွေမလိုချင်သေးဘူး၊ ငါတို့ရည်မှန်းချက်တွေအကောင်အထည်ပေါ်တဲ့အထိဆက်တွဲကြည့်ရအောင် ဆိုပြီး ညီမတို့ဖက်ကချေနေရမှာ။ ငါတော့အိမ်ထောင်သည်ခရီးကို ဒီလိုမျိုးလေးသွားချင်တယ်ဆိုတာမျိုး ညှိနှိုင်းပြောဆိုလို့ရတဲ့တစ်စုံတစ်ယောက်ကို ကိုယ်ကပဲရွေးချယ်ရသင့်တယ် မဟုတ်ဘူးလား။ ဘ၀လက်တွဲဖော်ဆိုတာရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်ဖွင့်စေချင်တယ်။ တဖက်က တာဝန်ယူရမှာဆိုးလို့ တနပ်စားကြံသွားတယ်ဆိုရင်လည်း ဒီလိုကောင်မျိုးအကြောင်းစောစောသိရလို့ ကိုယ့်ကိုယ်ကိုချီးကျူးတဲ့အနေနဲ့ မာလာရှမ်းကောတစ်ပတ်လောက်ဝယ်စားပစ်လိုက်ပါ။ ညီမရေ၊ ယောက်ျားတိုင်းကကျောရရုံကြံသူချည်းပဲမဟုတ်ပါဘူး။ ဒီလိုပြောလို့ ယောကျ်ားတွေကောင်းတယ်လည်းမမှတ်ပါနဲ့။ သူတို့ထဲမှာ ငပိန်းတွေ၊ ငကြောင်တွေလည်းအများကြီးပဲ။ အတူနေပြီးချိန်မှာ အချင်းချင်းပိုလို့တောင် လေ့လာလို့ ညှိနှိုင်းလို့ကောင်းသေးတယ်။ ယူပြီးတော့မှ ယောက်ျားက bdsm မှန်းသိရတာတို့၊ ယောက်ျားဖြစ်သူကိုယ်တိုင်က အိမ်ထောင်ကျပြီးမှ gay မှန်းသိလာတာတို့၊ ကိုယ်ကငယ်စဉ်တည်းက sexual trauma ရှိမှန်းမသိ ရှိနေတာတို့ဆိုရင် မယူခင် ပြင်ဆင်ခွင့်၊ အချိန်ယူခွင့်တွေအများကြီးရှိပါတယ်။
အဓိကက ကိုယ့်တန်ဖိုးကိုမြင်တတ်ဖို့တော့လိုတယ်။ ငါတော့သူ့ကိုပေးလိုက်ရပြီတို့၊ အပျိုမဟုတ်လို့ ငါတော့သွားပါပြီ၊ တန်ဖိုးမရှိတော့ပါဘူးလို့ တွေးနေဖြစ်မယ်ဆိုရင်တော့ တရားဝင်ယောက်ျားမယူမချင်း ဒီကိစ္စကို လုံး၀လက်ရှောင်တာကောင်းပါတယ်။ တရားဝင်ရလာတဲ့အမျိုးသားက ကိုယ့်အပေါ်တသက်လုံးတန်ဖိုးထားချစ်ခင်ပြီး တစ်ဘဝလုံးပုံအပ်နိုင်လောက်အောင် အားကိုးလောက်စရာဖြစ်ရင်အဆင်ပြေပါတယ်။ ကံကောင်းတာပေါ့။ ဒါပေမယ့် ကိုယ်တိုင်မကြိုက်လို့ဒီလမ်းမရွေးခြင်းဟာ ကိုယ့်ဆုံးဖြတ်ချက်သာဖြစ်သင့်တယ်။ မြန်မာမိန်းကလေးမို့ဆိုတာတွေ၊ အိန္ဒြေသိက္ခာရှိတဲ့မိန်းကလေးဆိုတာတွေနဲ့ အပျိုဖြစ်ခြင်းကို မကိုးကွယ်စေ့ချင်ဘူး။
မြန်မာမိန်းကလေးကွဆိုပြီး ယဉ်ကျေးမှုအဆင့်အတန်းမြှင့်ချင်ရင် တခြားလုပ်လို့ရတာတွေအများကြီးပဲ။ ခန္ဓာကိုယ်လှအောင်လုပ်မလား၊ အသားအရည်ကောင်းခြင်းနဲ့ပြည့်စုံအောင်လုပ်မလား၊ တခြားနိုင်ငံကလူတွေဆီကနေ Burmese girls/Myanmar women ဆိုလိုက်ရင် ဟာ.. သူတို့ body structure ကဘယ်လိုမိုက်တာ၊ အသားအရည်ဘယ်လိုလှတာ၊ မြန်မာမတွေနဲ့စကားပြောကြည့်စမ်း ဘယ်လိုထက်မြက်တာ၊ လုပ်ငန်းဦးဆောင်ရည်ဘယ်လိုတော်တာ၊ တီထွင်နိုင်စွမ်းမြင့်တာ၊ သူတို့အဝတ်အစားစတိုင်ဒီဇီုင်းအနေအထားကဘယ်လိုလန်းတာ စသဖြင့် စသဖြင့် အမျိုးသမီးကဏ္ဍမှာ မြှင့်တင်နိုင်တာတွေအများကြီးထဲမှာမှ လူတိုင်းမွေးရာပါမရှိနိုင်တဲ့ အမြှေးပါးတစ်ခုထဲကို ကွက်ပြီးမြှင့်တင်နေတာ ကျမတို့ အမေ၊ အဖွား၊ အဘွား မျိုးဆက်တောက်လျှောက်ပဲမဟုတ်လား။ မြင်ရသလောက် ခုထိလည်း ထူးထူးခြားခြားမြင့်တက်သွားတာမရှိပါဘူး။ ဘယ်သူကမှ အိမ်ထောင်မကျသေးတဲ့ မြန်မာမိန်းကလေးတွေအပျိုစစ်ကြောင်း စိတ်ဝင်စားမနေဘူး။ ဒီက ပေါလီးဝုတ်ဖန်တွေကလွဲလို့ပေါ့။
စာတွေများနေလို့အနှစ်ချုပ်ရရင်
▪️မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိပါ။ အရည်အချင်းရှိအောင်နေပါ။ မိန်းကလေးအများစုလိုပဲ ယောက်ျားလေးအများစုလည်း မိသားစုအတည်တကျနဲ့အိမ်ထောင်ပြုချင်ကြပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုဖို့မလောပါနဲ့။ ဘယ်အချိန်၊ ဘယ်အရွယ်ရောက်ရောက် တန်ဖိုးရှိအောင်နေတဲ့လူက တန်ဖိုးရှိပါတယ်။
▪️လိင်မှုကိစ္စဟာ ရှက်စရာကြောက်စရာမဟုတ်ဘူး။ ဒါပေမယ့်သတိလက်လွတ်လို့တော့လုံး၀မရဘူး။ နောင်တနဲ့ဗိုက်နဲ့ဆို မိအေးနှစ်ခါနာရမယ်။ နောင်တကင်းကင်း အန္တရာယ်ရှင်းရှင်းနဲ့ပျော်လို့ရပါတယ်။
▪️လက်မထပ်ဘဲအတူနေချစ်သူရှိတဲ့မိန်းကလေးဟာ ပတ်ဝန်းကျင်မှာ သိမ်ငယ်နေစရာမလိုဘူး။ ကိုယ့်ထမင်းကိုယ်စားချင်တဲ့ဟိုတယ်မှာ စားနိုင်အောင်သာကြိုးစား။
▪️အရေးအကြီးဆုံးက အပျိုစစ်ခြင်းမစစ်ခြင်းမှာ မြှောက်စားစရာမလိုသလို ချနင်းစရာလည်းမရှိဘူး။
#ကျမတို့ရဲ့လူမှုစံသတ်မှတ်ချက်တွေပြောင်းလဲချိန်တန်ပါပြီ
Comments
Post a Comment