အချစ်တော့ အချစ်ပဲ။ ဒါပေမယ့် --
"အချစ်တော့ အချစ်ပဲ။ ဒါပေမယ့် ---"
အပိုင်း (၁)
"နင် မညစ်နဲ့လေဟာ"
"ငါ မညစ်ဘူး။ နင် ညစ်တာ"
"ငါ ငါက ယောက်ျားလေးလေဟာ။ အမေ ပြောတာ ကြားဖူးတယ်။ မိန်းမထမီတန်းအောက် ဝင်ရင်တောင် ဘုန်းနိမ့်တတ်တယ် တဲ့။ အခုဟာက ဟာ။ မဖြစ်ပါဘူး"
"မရဘူးဟာ။ စီးမယ်ဆို စီးမယ်ပဲ။ ခုနက နင်ရှုံးထားတာပဲ။ မရဘူး။ အခုချက်ချင်း လေးဘက်ထောက်ပြီး ဆင်ကြီး လုပ်ပေး"
"အေးဟာ ပြောမရလဲ မပြောတော့ဘူး။ တက်"
"ဝေး ဟဲ့ ဆင် ရှေ့ကို သွားစမ်း။ မြန်မြန်"
------
"အစ်ကိုလေး အစ်မလေး မှာထားတာတွေ ရပါပြီ"
"ဟေ အေး"
စားပွဲထိုးလေး အသံကြားမှ ငယ်ဘဝပုံရိပ်လေးတွေ လေထဲ လွင့်ပျံ့ထွက်ပြေးသွားတော့တယ်။ တက္ကသိုလ်သာ ရောက်လာခဲ့ပေမယ့် ငယ်ငယ်တုန်းက သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ အတိတ်ဟာ လွမ်းစရာလည်း ကောင်းခဲ့တာကိုး။
------
သူတို့ဆိုတာက ကျောင်းတူ၊ အတန်းတူတဲ့ ငယ်သူငယ်ချင်းမလေး နှစ်ယောက်ပါ။ ဖြူဖွေးနဲ့ မိကေ လို့ပဲ ကျနော်ကတော့ ခေါ်တယ်။ ဖြူဖွေးကတော့ အသားဖြူဖြူ ပိန်ပိန်ပါးပါး ချစ်စရာလေးပေါ့။ ယဉ်လဲ ယဉ်သလို ငယ်ငယ်ကလဲ အဆော့မမက် ကျောင်းစာသာ အာရုံစိုက်တဲ့ စာဂျပိုးမလေးပေါ့။ မိကေကတော့ အသားညိုပြီး ပိန်ပိန်ပါးပါး ပေမယ့် သူလဲ ချစ်စရာ ရုပ်ရည်လေး ပိုင်ဆိုင်သူ။ မိကေက နည်းနည်း အနိုင်ကျင့်တတ်တဲ့ အကျင့် ရှိတယ်။ ကျနော်က ငယ်ငယ်တုန်းကဆို အရမ်း အဆော့မက်တယ်။ မိကေနဲ့ပဲ တွဲဆော့ပြီး အမြဲအနိုင်ကျင့်ခံရတော့ သူ့ကိုဆို သိပ်ကြည့်မရဘူး။ ဒါပေမယ့်လည်း အဖော်မရှိတော့ သူ့အိမ်ကိုပဲ ခဏခဏ သွားကစားဖြစ်ခဲ့တာ။
အခုတော့ ဖြူဖွေးက သူနာပြုကျောင်းသူ။ မိကေနဲ့ ကျနော်ကသာ သင်တန်းတက် အလုပ်လုပ် တနင်္ဂနွေလောက်မှ သုံးယောက်သား အအေးဆိုင် မုန့်ဆိုင် ထိုင်ပြီး စကားပြောရတော့တယ်။ ရန်ကုန်မှာ ကျနော်က တစ်ယောက်တည်း တိုက်ခန်း ငှားနေသလို၊ မိကေနဲ့ ဖြူဖွေးက နှစ်ယောက် တစ်ခန်း ငှားနေကြတယ်။
ဒီနေ့ ကျနော် ငိုင်နေတယ်။ ဖြူဖွေးက သူ့ဆေးကျောင်းသား ကောင်လေး အသစ်စက်စက်နဲ့ အပြင်ထွက်လည်မှာမို့ အအေးဆိုင်ကို မိကေတစ်ယောက်သာ ရောက်လာတယ်။ အဲ့ဒါကြောင့် အသည်းကွဲနေသည်ပေါ့။ ဖြူဖြူဖွေးဖွေးလေးမို့ ငယ်ထဲက သံယောဇဉ်ကနေ အချစ် လို့ နာမည်တပ်ချင်ပေမယ့် သူကျောင်းမပြီးတာကို စောင့်နေတုန်း ကြားကားဆွဲသွားတာ။ ကြေကွဲခန်းလေးပေါ့။
မိကေ လား။ ညိုချောလေးပေမယ့် ကိုယ်တိုင်ကိုက ဖြူဖြူဖွေးဖွေးလေးကို ကြိုက်တာလေ။ မိကေကိုတော့ သူငယ်ချင်းထက်ကို မပိုနိုင်တာ။
------
"ဟဲ့ ဘာငိုင်နေတာလဲ။ အအေး မှာထားပြီး သောက်လေ"
မိကေ မေးတော့မှ ကျနော် အအေး မသောက်ချင်တော့။
"အအေး မသောက်ချင်တော့ဘူးဟာ။ ငါ အရက်သောက်ချင်သွားပြီ"
"ဟဲ့ ဘာဖြစ်တာလဲ။ ဧကန္တ အသည်းကွဲနေတာနဲ့ တူတယ်"
မိကေက သရော်သလို ထေ့သလို လုပ်တော့ ပိုငိုချင်လာတော့တယ်။ သူက သရော်မှာပေါ့။ သူက ကျနော်ကို ကြိုက်နေတာလေ။
ဒီလိုနဲ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ချိန်းပြီး သောက်ဖြစ်သွားတယ်။ သောက်တာ တော်တော် များသွားတယ် ထင်တယ်။ ဘာမှ မမှတ်မိ။ မှတ်မိတာက ဖုန်းတွေ လျှောက်ဆက်တာပဲ။ ဖြူဖွေးကို စဆက်တယ်။ သူ ဖုန်းမကိုင်ဘူး။ အဲ့ဒါနဲ့ မိကေကို ထပ်ဆက်တယ်။ သူ ဖုန်းကိုင်တော့ ဘာတွေ ပြောမိမှန်းမမှတ်မိတော့။ ဘာတွေ ဆက်ဖြစ်လဲလည်း မမှတ်မိတော့။
မနက် အိပ်ယာနိုးတော့ ခေါင်းတော်တော် ကိုက်နေတယ်။ ဘေးဘီ ကြည့်မိတော့ လန့်သွားတယ်။ ဒါ ကျနော့်တိုက်ခန်း မဟုတ်ဘူး။ ပြီးတော့ တစ်ယောက်အိပ် ကုတင်ပေါ်မှာ အိပ်နေတဲ့ အမျိုးသမီးတစ်ယောက်။ ဒါ ဒါ မိကေ။ ဟုတ်တယ်။ မိကေ။
"မိကေ မိကေ ထပါဦး။ ဘာတွေ ဖြစ်ကုန်တာလဲ"
"အာ အလန့်တကြားနဲ့။ ညက နင်မူးပြီး မှောက်နေလို့။ ဒိအထိ ငါ တွဲခေါ်လာရတာ။ ဒါပဲ။ ဘာမှ မဖြစ်ခဲ့ဘူး။ သေတာများ ခေါ်လို့တောင် မနိုးတဲ့ ဟာကို။"
"ဟူး တော်သေးတာပေါ့ဟာ။ ငါက မှားကုန်မှာ စိုးလို့"
"မမှားဘူးဟေ့။ မမှားဘူး။ မှားတာ တစ်ခုပဲ ရှိတယ်။ ငါ့ဖိနပ်ကို ဖြူဖွေးဖိနပ်ပါ ဆိုပြီး နင် ခေါင်းအုံးအိပ်နေတာပဲ။ ငါ ဆေးထိုးဖို့ ဓါတ်ပုံတောင် ရိုက်ထားသေးတယ်။ ဒီမှာ"
ကျနော် လန့်လဲ လန့်သလို ရှက်လဲ ရှက်သွားတယ်။ တစ်ကယ်ကြီး ခေါင်းအုံးအိပ်ခဲ့တာကိုး။
"ရှက်မနေပါနဲ့ဟယ်။ ငါ ဘယ်သူ့မှ မပြောပါဘူး။ ပြီးတော့ ဖြူဖွေးလဲ မရှိဘူး။သူ့ အမေ နေမကောင်းလို့ မနေ့က ညနေထဲက နယ်ပြန်သွားတယ်။ သူ့ဦးလေး ကားနဲ့ လာကြိုသွားတာ။ --------"
မိကေ ပြောနေတာတွေ ကျနော် မကြားတော့ဘူး။ အရက်နာကျတာရော အသည်းကွဲတာရော အပြင် ဘာကြောင့်မှန်း မသိ ပါးတွေပါ တော်တော် နာနေတယ်။
---------
တိမ်တွေ ငိုနေလေသလား။
ပြိုကျတော့မယ့် မိုးစက်တွေမှာ
ကိုယ့်မျက်ရည်တွေ လက်ဆောင်ထည့်ပေးလိုက်တယ်
မင်းပျော်ပါစေ မနှင်းဆီ ----- ။
---------
ကျမကို တော်တော်များများ မိကေ လို့ ခေါ်ကြတယ်။ မင်းခန့်နဲ့ ဆော့ဖော်ဆော့ဖက် ဖြစ်လိုက်ကတည်းက အနိုင်ကျင့်တတ်တဲ့ အကျင့်က ခဏခဏ ပေါ်ပေါ်လာတယ်။
အဲ့ဒါကြောင့်ပဲ သူ ကျမကို မုန်းနေတာလား မသိဘူး။ ကျမ သိတာ တစ်ခုပဲ ရှိတယ်။ ကျမ ရူးနေရင်တောင် ကျမ သူ့ကို အ ရမ်း ချစ် တယ်။ သူက ကျမအတွက်ပဲ ဖြစ်ရမယ်။ ကျမ သူ့ကို ပိုင်ဆိုင်လိုတဲ့ အချစ်နဲ့ ချစ်တယ်။ ဒါပေမယ့် မိန်းမမာနအတွက် တတ်နိုင်သလောက် ကျိတ်မှိတ်နေခဲ့တယ်။ ဒါပေမယ့် ဒီနေ့ ဝမ်းနည်းနေသလိုပဲ။ ဖြူဖွေး ရည်းစားရသွားကြောင်း ပြောပြလိုက်တာမှာ ဖြစ်သွားတာ။ ကျမ သိလိုက်တယ်။ သူက ဖြူဖွေးကို ချစ်နေတာ။ ကျမ ရှုံးသွားပြီလား? ဟင့်အင်း မရှုံးဘူး။
မရှုံးသေးဘူး။ မရှုံးရဘူး။ ကျမ ကြိုးစားမှ ရတော့မယ်။ သူ့ကို ပိုင်ဆိုင်ဖို့ ကြံစည်ရတော့မယ်။
သူ့အကြောင်း အတွေးတွေ များနေချိန်မှာပဲ သူ့ဖုန်းဝင်လာတယ်။ မူးနေတာမှ အာတွေ လျှာတွေပါ လိပ်နေပြီ။ ကျမ ချက်ချင်း ဆိုင်ကို လိုက်ခေါ်လိုက်တယ်။ သူ့အခန်းကို ပို့ရင် ညဘက်မူးရူးပြီး ချော်လဲနေမှာစိုးလို့ ကိုယ့်အခန်းကို ခေါ်လာပြီး သိပ်မယ် တွေးမိတယ်။ အဲ့ဒါနဲ့ ကိုယ့်ကုတင်လေးဘေးမှာ အိပ်ယာလေးခင်းပြီး သိပ်လိုက်တယ်။
"မထားသွားပါနဲ့ကွာ။ မထားသွား ဖြူဖွေး----"
အိပ်ယာထဲမှာ ဝူးဝူးဝါးဝါးနဲ့ သူ ယောင်နေတာကို ကျမ ကြားတယ်။ ဆိုင်ကနေ ပင်ပင်ပန်းပန်း တွဲခေါ်လာတော့ ကျမ။ သူ ခေါ်နေတာက ဖြူဖွေးကို။ ဒေါသက ဟုန်းခနဲ ထွက်လာပြီး သူ့ပါးတွေကို ခြေထောက်နဲ့ချည်း ပိတ်ကန်မိလိုက်တာ ခြေထောက်တောင် နာသွားတယ်။
အဲ့ဒါလဲ သူ မနိုးဘူး။ ကျမလဲ စိတ်က မပြေသေးတာနဲ့ ကျမဖိနပ်ကို သူ့ခေါင်းအောက်ထားပြီး ဓါတ်ပုံရိုက်ပြီးမှ စိတ်နည်းနည်း သက်သာပြီး အိပ်ယာဝင်နိုင်တော့တယ်။
နောက်နေ့မနက် မိုးလင်းရင်တော့ သူ ဆန်ပြုတ်ပဲ သောက်နိုင်တော့မယ် ထင်တယ်။
End of အပိုင်း (၁)
------
ဆက်ရန်/မဆက်ရန် (Yes/No)
PS: စိတ်ပါတုန်း လက်တန်းရေးလိုက်ပြီးမှ femdom လိုလို အောစာအုပ်လိုလို လွန်းထားထားလိုလိုတွေ ဖြစ်နေပါပြီတော်။ ရေးချင်တာကလည်း soft femdom လိုမျိုး ဖြစ်နေတာ ထင်တယ်။
Comments
Post a Comment