မင်းတရားကြီးကျန်းဝူကျိ နှင့် ကျင်ယုံuniverse
မင်းတရားကြီးကျန်းဝူကျိ နှင့် ကျင်ယုံuniverse
မောင်မျှော်မြင်တစ်ယောက် ဖောင်တိန်ကို လက်ချောင်းလေးများဖြင့် လှည့်ကစားရင်း အတွေးနယ်ချဲ့နေသည်။ ရန်ကော် die-hard ဖန်ကြီးပီပီ ရန်ကော်က ဓားမရှိအဆင့် တုန်းဖန်းပုပိုက်ကိုနိုင်တယ်ဆိုပြီး ဂရုပေါင်းစုံတွင် ဂျင်းပေါင်းစုံပတ်ထည့်လာသူတည်း။ အမေပေးထားတဲ့နာမည်ကိုဖျောက်ပြီး ကိုယ့်ဘာသာ မောင်မျှော်မြင်လို့ မှည့်ခေါ်ထားတာသာ ကြည့်တော့။ ယခုလည်း ဘာသာရေးနှင့်သိုင်းပညာနယ်ပယ် ၂ ရပ်လုံးမှာ ထူးချွန်ပေါက်မြောက်သည့် ဂန္တဝင်Legendကြီး ကျန်းစန်းဖုန်း ငယ်စဉ်အခါက ရန်ကော် သိုင်းသုံးကွက်သင်ပေးဖူးတာကို သွားသတိရပြီး ရန်ကော်ကို God lvl နီးနီးရွှီးရန် ဆင်ကြံကြံနေခြင်းသာ။ ထိုစဉ် ''ဖုတ်" (မီးပျက်လျှင် မြည်သောအသံ XD)
''ဂါးးး မြေနိုး သောက်ပု $*&#^%@... #%^@*$ ''
၄' ၈'' ကောင်ကို ၁၅ မိနစ်လောက် စိတ်ကြိုက်ဆဲရေးတိုင်းထွာပြီး မောသွားတော့မှ ပြတင်းပေါက်ဖွင့်ကာ အိပ်ရန်ပြင်လေသည်။ ဒီညလည်း ခါတိုင်းလိုပဲ ပူပူလောင်လောင်ဖြင့် အိပ်ရပေဦးမည်။ မီးမလာတော့ wifi လည်းမရ၊ ဖွဘုတ်သိုင်းဂရုထဲတွင် ရန်ကော် post တင်မယ့် အကြံအစည်က ပျက်ရလေပြီ။ မောင်မျှော်မြင် ချက်ချင်းအိပ်မပျော်နိုင်သေး... အိပ်ရာထဲ ဟိုလှိမ့်ဒီလှိမ့်ဖြင့် နာရီဝက်လောက်ကြာတော့မှ အလိုလို မျက်စိများ မှေးစင်းလာသည်။ အိပ်မောကျမသွားခင် နောက်ဆုံး ဝိုးတဝါး မြင်လိုက်ရတာက ပြတင်းပေါက်အပြင်ဘက်မှ ဖန်သားကဲ့သို့ ဖြူလွလွအရိပ်တစ်ခု....
အိပ်မက်တောင်ထိပ်...
ကျင်ယုံuniverseမှ ဇာတ်ဆောင်မင်းသား၊ ဗိလိန်၊ ဇာတ်ပို့ဇာတ်ရန်အပေါင်း ထောင်သောင်းချီကာ စုရုံးရောက်ရှိနေကြသည်။ ဤကဲ့သို့ သိုင်းလောကသားအမြောက်အများ တစ်နေရာတည်း စုဝေးနေခြင်းအကြောင်းကား များများစားစားမရှိနိုင်ပေ... ဒါဟာ ဓားသွားတွေနောက် တကောက်ကောက်လိုက်လေ့ရှိတဲ့ သူရဲကောင်းတို့အား ဆွဲဆောင်စေစားရာ သိုင်းပြိုင်ပွဲကြောင့်ပေလော... တောင်ထိပ်အဝင် ကြီးကျယ်သောလူအုပ်ကြီးရဲ့နောက်မှာတော့ ခမ်းနားသောဆိုင်းပုဒ်ကြီးကား အထင်အရှား...
''မင်းသားပေါင်းစုံသိုင်းပြိုင်ပွဲ''
မှန်ပေသည်။ လူစုလူဝေးအလယ်၌ သိုင်းပညာပြိုင်ရာ စင်မြင့်တစ်ခုကား အသင့်စောင့်ကြိုနေ၏။ စင်မြင့်ထက်တွင် ဆရာကြီးဂိုက်တွေနဲ့ လူခြောက်ယောက် ထောင်ထောင် ထောင်ထောင် လုပ်နေကြသည် (လက်နက်တွေပြောပါတယ်) ဟေမာန်ကူးပြီမို့ ဆောင်းနှင်းများ တဖွဲဖွဲကျနေရာ မည်သူမည်ဝါတွေမှန်း မသဲကွဲ...
ရာသီဥတု ချမ်းအေးလှသော်လည်း ပွဲကြည့်စင်အောက်မှ လူတချို့ကတော့ မအေးနိုင် မချမ်းနိုင်... စင်ပေါ်က လူ ခြောက်ယောက်ကိုကြည့်ကာ ရင်ထဲတွင် ဒူးရင်းသီးသီးနေကြသည်...
"တောက်! ဒါ ကျုပ်တို့ကို သပ်သပ်စော်ကားတာ... လူရာမသွင်းတာ''
အသံရှင်ကား နှင်းတောင်မြေခွေးပျံ ဟူဖေး ဖြစ်သည်။ သူ့ဘေးမှ ဓားသမားကြီးမြောင်ရန်ဖုန်းက ပခုံးပုတ်နှစ်သိမ့်ပေးလိုက်ကာ
''တူလေးရာ... သူတို့က ငါတို့ရဲ့မြောင်ဓားသိုင်းတွေ၊ ဟူဓားသိုင်းတွေကို စိတ်မဝင်စားဘူးကွ... တုကူးဆိုလား ဖျင်ပူးဆိုလား အဲ့ဓားသိုင်းမဟုတ်ရင် ဘောင်မဝင်ဘူးထင်နေကြတာ"
ထိုအခါ ခပ်လှမ်းလှမ်းမှ သိုင်းလောကဂိုဏ်းချုပ်ဖြစ်ဖူးသူ ယွမ်ချန်ကျိကလည်း မနေသာတော့
''ဟုတ်ပါ့ဗျာ... ကျုပ်ဆိုရင်လည်း ဆယ်ကျော်သက်အရွယ်နဲ့ ဟွာစမ်းဂိုဏ်းရဲ့သိုင်းပညာအားလုံး အောင်မြင်ထားတဲ့အပြင် မြွေဓားရှင် ဆရာကြီးရှရွှယ်ယီရဲ့ရွှေမြွေသိုင်းကျမ်းပါ ရထားတာ... တစ်ခေတ်တည်း မင်မင်းဆက်ချင်းအတူတူကိုဗျာ ဟိုကောင် လင့်ဟူချုံးကျတော့ ပါခွင့်ရပြီး ကျုပ်လို အထင်ကရစစ်သူကြီးယွမ်ချုံဟွမ်ရဲ့သားကျတော့ ဝင်ပြိုင်ခွင့်မရဘူးတဲ့လား''
ယွမ်ချန်ကျိ၏ဆရာ နတ်ဓားရှင်မျောက်မင်းမုလင်ချင်းက သက်ပြင်းချလျက်
''စင်ပေါ်က ဂိုဏ်းချုပ်ညီအစ်ကို(၃)ယောက်နဲ့ တုကူးညီအစ်မ(၃)ဖော်ကိုပဲ သိုင်းသမားလို့ထင်နေတဲ့ သောက်ကျိုးနဲဖန်တွေကလည်း ရှိနေတာကိုးကွ... ဒါတောင် ဟို.. ပရိသတ်မြှောက်ပေးရင် ဂွေးတက်အောင်ကတဲ့ ကျန်းဝူကျိဆိုတဲ့ ကောင်စုတ်လေး မပါသေးဘူး''
ဤမျှဆိုလျှင် စင်ပေါ်က(၆)ယောက်မှာ မည်သူမည်ဝါတွေမှန်း အားလုံးရိပ်မိကြလောက်ပြီ ထင်သည်။ အမှန်ပါပဲ... ဂိုဏ်းချုပ်ညီအစ်ကို(၃)ယောက်ဆိုတာ ရှောင်ဖုန်း၊ ရွှီကျူ၊ သွမ့်ယွိတို့ဖြစ်ပြီး တုကူးညီအစ်မ(၃)ဖော်ဆိုတာကတော့ ယန်ကော့၊ လင့်ဟူချုံး၊ ဖုန်းချင်းယန် တို့ပဲပေါ့ဗျာ... ဖုန်းချင်းယန်က မင်းသားမဟုတ်၊ ဒိုင်လူကြီးလုပ်ဖို့သာ စင်ပေါ်ရောက်နေခြင်း ဖြစ်သည်။
ဖုန်းချင်းယန်က မီးသေလုလုအမွှေးတိုင်ကို တစ်ချက်ကြည့်လိုက်ပြီး ''ကဲ အချိန်ပြည့်တော့မယ်... လူကြိုက်များတဲ့ သိုင်းမင်းသားတွေလည်း ဆုံပြီဆိုတော့ ကျုပ်တို့ ပြိုင်ပွဲစကြတော့မလား... စင်အောက်က ကောင်တွေကိုတော့ ထည့်တွက်မနေပါနဲ့ကွာ... အလကား ကလေကချေ အာဝါဒါးတွေ''
ထိုအခါ သွမ့်ယွိက ခေါက်ယပ်တောင်ကို ဟန်ပါပါဖြန့်လိုက်ရင်း ''လူကြိုက်များတာနဲ့ပတ်သက်ရင် ကျန်းဝူကျိကိုလည်း ခေါက်ထားလို့မရဘူးနော်''
အစ်ကိုအကြီးဆုံးဖြစ်သူ ရှောင်ဖုန်းက ''ဘာ! ကျန်းဝူကျိ ဟုတ်လား.. ဖီး!! အဲဒီကလေးလိုလို ခွေးလိုလို ကောင်ကို ရွံလွန်းလို့.. သူ့ဖန်တွေဆို ပိုတောင်ရွံသေးတယ်.. ဘယ့်နှယ် ငါတို့သိုင်းတွေကို အကုန်copyကူးမယ်ချည်း လုပ်နေတာ"
သိန်းငှက်သူရဲကောင်း ယန်ကော့က ချင့်ချိန်စဉ်းစားဟန်ဖြင့် ''သူ့ရဲ့နေစကြာအတွင်းအားကိုတော့ သတိထားဖို့လိုလိမ့်မယ်... သူ့ရှေ့က နေစကြာကျမ်းကျင့်ထားတဲ့ ကြွယ်ရွမ်ဘုန်းကြီးနဲ့ကျုပ် နှဖူးတွေ့ဒူးတွေ့ ကြုံဖူးတယ်ဗျာ... ဒီကိုယ်တော်ဟာ သိုင်းပညာလုံးဝမတတ်ပေမယ့် အတွင်းအားနက်ရှိုင်းပြည့်ဝပုံကတော့ ကျုပ်တောင် အံ့သြတုန်လှုပ်ခဲ့ရတယ်"
သွမ့်ယွိက မမှုတဲ့ဟန်ဖြင့် ''သူ့အတွင်းအား ဘယ်လောက်ပဲပြည့်ဝပါစေဦး ပေမိန်နတ်သိုင်းအပြည့်အစုံတတ်ထားပြီး အနှစ်(၇၀)အတွင်းအားရထားတဲ့ ကျုပ်အစ်ကို ၂ ရွှီကျူလောက် ပြည့်ဝနိုင်ပါဦးမလား''
ညီအစ်ကိုချင်း မြှောက်ပင့်လိုက်သော်လည်း ရွှီကျူကတော့ နှိမ့်ချရိုကျိုးစွာဖြင့် လက်အုပ်ချီကာ ပြုံးရုံသာပြုံးသည်။ ထိုအခိုက် စင်ပေါ်တွင် လူတစ်ယောက် ဘွားခနဲ ပေါ်လာ၏။ အကြင်သူ စင်ပေါ်သို့တက်လာပုံမှာ လေအလျင်ကဲ့သို့မြန်ပြီး ငှက်မွှေးတောင်ပမာ ပေါ့ပါးသည်။ ဖုန်းချင်းယန်က ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ကြောင်အမ်းအမ်းဖြင့်
''မင်းက ဘယ်သူတုန်း''
စင်ပေါ်တက်လာသူ လူရွယ်က ''ကျုပ်က ပြန်လမ်းမဲ့ကျွန်းက ရှီပိုထျန်းပါ... အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်''
ဖုန်းချင်းယန်က ခေါင်းတညိတ်ညိတ်လုပ်ပြီးမှ ''မင်း အတွင်းအားရော သိုင်းပညာပါ ပြိုင်ဘက်ကင်းတယ်ဆိုတာ ငါတို့ယုံပါတယ်.. ဒါပေမယ့် အဲဒါနဲ့တင်မလုံလောက်ဘူးကွ လူပြိန်းကြိုက်များဖို့လည်း လိုသေးတယ်... မင်းကို အမာခံပရိသတ် နည်းနည်းလောက်ကလွဲရင် ဘယ်သူမှသောက်ဖက်မလုပ်ကြဘူး... သွား သွား follower အရင်စုလာခဲ့''
ရှီပိုထျန်းလည်း ဤသိုင်းပြိုင်ပွဲကို လွန်စွာမှစိတ်ပျက်သွားကာ ပြန်ဆင်းသွားတော့သည်။ မရှေးမနှောင်းမှာပင် နောက်တစ်ယောက် တက်လာပြန်၏။ စင်ပေါ်တက်လာသူက ဖုန်းချင်းယန်ကို အရိုအသေပေးလိုက်ပြီး
''ကျုပ်ကတော့ The Deer and the Cauldron ထဲက ဝေရှောင်ပေါင် ဖြစ်ပါတယ်.. ကျုပ်လည်း စာရေးဆရာကျင်ယုံရဲ့မင်းသားတစ်လက်ပါပဲ''
ဖုန်းချင်းယန်က ပင်ကိုယ်စိတ်မကြည်ရတဲ့ထဲ ပို၍ပင်ဒေါသထွက်သွားပြီး ''မင်းသား ဟုတ်လား.. ဘာမင်းသားလဲ အောမင်းသားလား... ဒီလောက်မိန်းမတွေ မဟားတရားယူပြီးတော့ လူပျက်သာသာကောင်က.. မင်းအခု ဆင်းနော်... မဆင်းရင် ငါကန်ချမိတော့မယ်!!''
ဖုန်းချင်းယန်က ဒေါနဲ့မောနဲ့မောင်းထုတ်ရာ ဝေရှောင်ပေါင် ဖျင်ကျုံ့လျက် ခပ်သုတ်သုတ် ပြေးဆင်းရတော့သည်။ ဖုန်းချင်းယန် အခုလို ခါးခါးသီးသီးဖြစ်နေရတာက အကြောင်းရှိသည်... သူက တပည့်ဖြစ်သူလင့်ဟူချုံးကို မင်းသားတွေထဲမှာ ပထမရစေချင်သည်... သို့သော် လက်ရှိစင်ပေါ်က ပြိုင်ဘက်(၄)ယောက်ကိုနိုင်ဖို့ပင် မလွယ်ရတဲ့ထဲ နောက်ထပ်လူတွေက အလိုက်ကမ်းဆိုးမသိ ထပ်ထပ်တက်လာနေသည်။ ဖုန်းချင်းယန်က လက်ရှိလူဖြင့်ပင် ပြိုင်ပွဲစရန်ပြင်လိုက်၏။ ထိုစဉ် ခမ်းနားကြီးကျယ်သော မောင်းသံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်...
''ရေမြေ့အရှင်မင်းတရားကြီး သီဟသူရ ဝဏ္ဏကျော်ထင် သီရိပျံချီ ခွချီ ဒရွတ်တိုက်ချီ... အဂ္ဂမဟာ လင်းတကျော်စွာ မဟာသရေစည်သူ ကျန်းဝူကျိ... ကြွရောက်လာပါပြီ... မှောင်...ဒူ...ဒူ...ဒူ...''
ထိုမောင်းခတ်ကြေငြာသံကြောင့် အားလုံးမှာ ကြက်သေသေကုန်ကြ၏။ လူအုပ်အနောက်တွင် ရွှေအတိပြီးသော ရထားလုံးကြီးတစ်ခု မှူးမတ်ဗိုလ်ပါအပေါင်းခြံရံလျက် ချီတက်လာနေသည်။ သိုင်းလောကသားများက ကမန်းကတမ်းဖြင့် ရထားလှည်းတစ်စီးစာ လူချဲပေးလိုက်ကြရသည်။
လင့်ဟူချုံးမှာ ပါးစပ်အဟောင်းသားဖြစ်လျက် ''သောက်ဆန်းကြီးဟ! ငါ သူ့နောက်မှ မွေးတဲ့ကောင်ပါ။ သမိုင်းထဲမှာ ကျန်းဝူကျိ ဘုရင်ဖြစ်သွားတယ်လို့ ငါ ဘယ်တုန်းကမှ မကြားဖူးပါဘူး"
မည်သို့ပင်ဝေဖန်စေကာမူ သခင်ကြီးကျန်းဝူကျိကတော့ စီးတော်ယာဉ်ပေါ်မှ ခန့်ညားစွာဆင်းလာ၏။ သို့သော် သူ၏အဝတ်အစားများက သာမန်အရပ်ဝတ် ဖျင်ကြမ်းမျှသာ... လူပုံစံကလည်း တောသားမြို့တက်... အသက်(၂၀)ဝန်းကျင် ကလေးမသာရုပ်နဲ့ လူမလေးခွေးမခန့် ဖြစ်သည်။ သို့သော် ကျန်းဝူကျိ ရထားပေါ်မှအဆင်းတွင် ဖိနပ်ပြေးစီးပေးသည့်သူကို မြင်တော့မှ အားလုံးပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ အကြင်သူသည် ရွှေဝါရောင်နဂါးဝတ်ရုံတော်ကို ဆင်မြန်းထားသည့် မင်မင်းဆက်တည်ထောင်သူ ဧကရာဇ်ကျူယွမ်ကျန်း ပင်တကား။ လူအုပ်ထဲမှ သိုင်းလောကသားအတော်များများက မနေသာတော့ဘဲ
''ဝေါင်းရှောင့်... ဝမ့်ဆွေ့ ဝမ့်ဆွေ့ ဝမ့်ဝမ့်ဆွေ့.....''
အားလုံး ဒူးထောက်ကာ အရိုအသေပေးလိုက်ကြသည်။ စင်ပေါ်က ဖျင်ကြီးကျယ်တွေကတော့ ထီမထင်ဟန်ဖြင့် မသိချင်ယောင်ဆောင်နေကြ၏။ တကယ်တော့ လူအများ အရိုအသေပေးလိုက်သည်မှာ ဧကရာဇ်ကျူယွမ်ကျန်းကိုသာ ဖြစ်သည်။ သို့သော်
''ကဲ အားလုံးထလို့ရပါပြီ...''
ဟိတ်ကြီးဟန်ကြီးတခွဲသားနဲ့ ထဖို့အမိန့်ပေးလိုက်သူက ကျန်းဝူကျိ ။ ထိုအခါ လူအများမှာ ထရကောင်းနိုးနိုး မထရကောင်းနိုးနိုးဖြင့် ချီတုံချတုံ ဖြစ်ကုန်ကြသည်။ ထလိုက်လျှင်လည်း ကျန်းဝူကျိကို ဒူးထောက်အရိုအသေပေးတယ်လို့ ဝန်ခံရာရောက်သွားမည်။ နောက်ဆုံးတွင်တော့ ဘုရင်ကို ဖိနပ်စီးခိုင်းသည်အထိ ပိုင်နိုင်သူဖြစ်နေသောကြောင့် မထချင်ထချင် ထလိုက်ကြရသည်... စိတ်ထဲတွင်တော့ ဤမလောက်လေး မလောက်စားကောင်ကို တီးတိုးကျိန်ဆဲနေကြသည်...
By #မာန်
အပိုင်း(၂) 👇🏻
https://m.facebook.com/groups/733442223943413/permalink/1059789981308634/
မင်းတရားကြီးကျန်းဝူကျိ နှင့် ကျင်ယုံuniverse
#အပိုင်း(၂)
ပဟေဋိဆန်ဆန်အဖြစ်အပျက်ကို အားလုံး မယုံမရဲဖြစ်နေကြသော်လည်း ဝူကျိ၏သိုင်းပညာကြောင့်ရော ဘုရင့်အရှိန်အဝါကြောင့်ပါ တော်ရုံတန်ရုံ ဘယ်သိုင်းသမားမှ မေးခွန်းမထုတ်ဝံ့... တချို့က ဘုရင်ကို ကျန်းဝူကျိ ပြန်ပေးဆွဲလာသလားတောင် အောက်မေ့နေကြသည်။ ထိုစဉ် တစ်ခေတ်တည်းလည်းဖြစ် သာသနာ့ဘောင်ကလည်းဖြစ်တဲ့ ခုံးဝန်ဆရာတော်က ယခုအခြေအနေတွင် သူရှေ့ထွက်မှသင့်တော်မည်ဟု ဆင်ခြင်မိ၍ အားသုံးသိချင်နေသောပဟေဋိကို ကိုယ်စားမေးမြန်းပေးလေသည်။
''ကျန်းဂိုဏ်းချုပ်.. မတွေ့တာကြာပြီနော်... ကိုယ်တော် နောက်ဆုံးကြားမိတာကတော့ ဒကာလေး သိုင်းလောကကိုစွန့်ပြီး မီးရေခဲကျွန်းကို အပြီးထွက်သွားပြီလို့ပေါ့... အခုဘယ်လိုလုပ် ကောက်ခါငင်ခါ ဘုရင်ဖြစ်သွားရတာတုန်း... ဘုန်းကြီး မျက်စိတွေလည်ကုန်လို့ အပန်းမကြီးရင် ဒကာလေး ရှင်းပြလို့ရမလား"
ကျန်းဝူကျိက အညာတောသားဆန်ဆန် ပါးစပ်ထဲကကွမ်းတွေကို ရွံစရာကောင်းလောင်အောင် ပလုပ်ပလောင်းဝါးရင်း... ''ဒါက ဘာမှမထူးဆန်းပါဘူး ဆရာတော်ဘုရား... ကျူယွမ်ကျန်းဆိုတာက တပည့်တော်တို့မင်ဂိုဏ်းက ခေါင်းဆောင်ငယ်လေး တစ်ယောက်ပါ... တပည့်တော်သာ သူ့ကို ဝူမုစစ်ဗျူဟာကျမ်းနဲ့ မွန်ဂိုတွေကိုတိုက်ထုတ်ဖို့ အမိန့်မပေးခဲ့ရင် သူဘယ်လိုလုပ်ပြီး မင်မင်းဆက်ကို ထူထောင်နိုင်မှာလဲ... တပည့်တော် ရှေ့ရက်တွေက မြေပြန့်ဒေသကို အလည်အပတ်ပြန်လာရင်း ခေါင်းဆောင်ကျူ တိုင်းခန်းလှည့်လည်နေတာနဲ့ကြုံတော့ ခြေထောက်ညောင်းတာနဲ့ တခါတည်း သူ့ဝေါယာဉ်ပေါ် တက်လိုက်လာတာ... သူကလည်း ကျေးဇူးဆပ်တဲ့အနေနဲ့ မင်းစည်းစိမ်ခေတ္တခံစားပါဦးလို့ အတင်းပူဆာနေတော့ တပည့်တော်လည်း မငြင်းရက်တော့ဘူးလေ"
ပြောပြောဆိုဆို ကျန်းဝူကျိက ကျူယွမ်ကျန်းဘက်သို့ လှည့်ကာ ထောက်ခံမှုရယူလိုက်သေးသည် ''ဟုတ်တယ်နော်.. ကျူခေါင်းဆောင်''
ဘုရင်ကျူယွမ်ကျန်းကလည်း လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ''အမှန်ပါပဲ... ဂိုဏ်းချုပ်ကြီးသာ မင်ဂိုဏ်းချုပ်ရာထူးကို မစွန့်လွှတ်ခဲ့ရင် အခုအချိန် ဘုရင်ဖြစ်နေမယ့်သူက ဂိုဏ်းချုပ်ကြီးကိုယ်တိုင်ပါ... ကျနော် ကျူယွမ်ကျန်း ဒီနေ့ ဒီအချိန်မှာ ပိုင်ဆိုင်နေရတာတွေအားလုံးက ဂိုဏ်းချုပ်ကြီးကျေးဇူးကြောင့်ဆိုရင် မမှားပါဘူး... ဒါကြောင့် ကျနော့်ရဲ့စည်းစိမ်ဟာလည်း ဂိုဏ်းချုပ်ကြီးရဲ့စည်းစိမ်ပါပဲ ကျနော့်ရဲ့အာဏာဟာလည်း ဂိုဏ်းချုပ်ကြီးရဲ့အာဏာပါပဲ အားလုံး ဂိုဏ်းချုပ်ကြီးအလိုကျပါ''
ကျန်းဝူကျိက ဧကရာဇ်ကျူယွမ်ကျန်းရဲ့ဆံကျစ်တော်ကို လက်ဖြင့် အသာအယာပွတ်သပ်လိုက်ရင်း ''လိမ္မာတယ်...''
''အော်မီတော်ဖော်...'' ခုံးဝန်ဆရာတော်လည်း မြင်နေကြားနေရသမျှကို မယုံကြည်နိုင်စွာ ဘုရားတမိသည်။ သူမေးသင့်တာလည်း မေးပြီးပြီမို့ နှုတ်ဆက်ကာ လူအုပ်ကြားထဲ ပြန်တိုးဝင်သွားသည်။
ထိုအချိန်တွင် တစ်စခန်းထလာသူက ရွှမ်မိန်ရေခဲလက်ဝါး(၂)ပါးထဲမှ အရက်သမားဟော့ပီဝမ့်...
''ကျန်းဂိုဏ်းချုပ်.. ခင်ဗျားက မြေပြန့်ဒေသကို ကိုယ့်သဘောနဲ့ကိုယ် ထွက်လာတယ်ဆိုတော့ ကျုပ်တို့မွန်ဂိုမင်းသမီးလေးက ခွင့်ပြုလို့လားဗျ''
ကျန်းဝူကျိက ဟန်ကို့ဖို့ရာ လက်နောက်ပစ်လိုက်ပြီး '' ကျုပ်က အိမ်ထောင်ဦးစီးပဲ... ကျုပ်သွားချင် သွားမယ် လာချင် လာမယ်... ဧကန္တ ကျုပ်က မိန်းမကို ဂရုစိုက်နေရဦးမှာလား ဟွန့်!"
ဟော့ပီဝမ့်က အရက်သီးမတတ် ခွီခနဲ ထရယ်လိုက်ပြီး ''ဒါဆိုရင်တော့ မဟုတ်သေးပါဘူးဗျ... ကျုပ်နဲ့ကျုပ်အစ်ကိုလုကျန့်ခေါ့တို့ လွန်ခဲ့တဲ့(၃)ရက်က လို့ရန်မြို့စျေးထဲရောက်တော့ ကျန်းဂိုဏ်းချုပ်ကို အဝတ်ဆိုင်တစ်ဆိုင်မှာ ဘော်လီတွေ စက်စပိုင်နာတွေ ဟိုရွေးဒီရွေးလုပ်နေတာ တွေ့လိုက်တယ်... မဟုတ်မှလွဲရော ခင်ဗျားကို ဒါတွေဝယ်ခိုင်းဖို့ မင်းသမီးလေးက မြေပြန့်လွှတ်လိုက်တာမလား''
ထိုအခါ ကျန်းဝူကျိခမျာ ပါးနှစ်ဖက်ရဲတက်သွားပြီး မျက်နှာမထားတတ်အောင် ဖြစ်သွားသည်။ သိုင်းလောကသားများက တစ်ယောက်တစ်ပေါက်ဖြင့်
''သြော် ကျန်းဂိုဏ်းချုပ်လည်း ငါ့လိုပါပဲလား''
''ငါ့နှယ်.. အလင်းမာန်ဂိုဏ်းချုပ်ကြီးဆိုပြီး အထင်ကြီးလိုက်ရတာ''
''လက်စသတ်တော့ မယားကြောက်ကိုး ဟားဟားဟားဟား''
"အဟမ်း.. အဟမ်း'' ကျန်းဝူကျိလည်း အသံဟန့်သည့်အနေဖြင့် ချောင်းမဆိုးချင်၊ဆိုးချင် အတင်းဆိုးလိုက်မှ အားလုံး ပြန်ငြိမ်ကျသွားသည်။ ထို့နောက် ကျန်းဝူကျိက ဘာမှဆက်မပြောတော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် သိုင်းပညာပြိုင်ရာစင်မြင့်ထက်သို့ အပြေးတစ်ပိုင်း တက်သွားလေသည်။ ဆက်၍ငြင်းခုန်နေလျှင်လည်း ကိုယ့်အထုပ် ကိုယ်ဖြေပြသလိုသာ ရှိတော့မည်။
ကျန်းဝူကျိ ရှောင်ထွက်သွားသော်လည်း ဟော့ပီဝမ့်က ဒီလောက်နဲ့မကျေနပ်နိုင်သေး... အစ်ကိုဖြစ်သူနှင့်အတိုင်အဖောက်ညီညီ ဒေါက်ဖြုတ်ရန် စစ်ကူတောင်းလိုက်သေးသည် ''အစ်ကိုလု.. နောက်တော့ ကျန်းဂိုဏ်းချုပ်ကြီးက ဘာတွေဝယ်သေးတုန်းဗျ'' သို့သော် တုံ့ပြန်သံက ထွက်မလာ... ဟော့ပီဝမ့် နောက်လှည့်ကြည့်လိုက်ရာ သူ့အစ်ကိုလုကျန့်ခေါ့ကို မတွေ့ရတော့... စောစောကလေးတင် ရှိပါသေးတယ်... ဟော့ပီဝမ့် တစ်ယောက်တည်း ရေရွတ်မိ၏။ ဒီနေရာမှာက အလင်း၊အမှောင် သိုင်းသမားပေါင်းစုံဆိုတော့ လူမသိသူမသိလုပ်ကြံခံလိုက်ရမှာ စိုးရိမ်သွားသည်။
''အစ်ကိုလု.. အစ်ကိုလု.. ခင်ဗျားဘယ်မှာလဲ''
ဟော့ပီဝမ့်က အသံကုန်ဟစ်အော်လိုက်ရာ သူတို့လူအုပ်နှင့်ခပ်လှမ်းလှမ်းအကွာ လှုပ်စိလှုပ်စိချုံပုတ်ထဲမှ
"မအားသေးဘူး ညီလေး... ဟော ဟဲ ဟော ဟဲ... ငါဒီမှာ သိုင်းကျင့်နေတယ်''
အစ်ကိုဖြစ်သူရဲ့မောကြီးပန်းကြီးပြန်ထူးသံကြောင့် ဟော့ပီဝမ့် စိတ်အေးသွားပေမယ့် အတိတ်ကပုံစံတူဖြစ်ရပ်တစ်ခုကို သတိရမိလိုက်သလိုလို ''နေပါဦး.. ဝမ့်အမ်းမျှော်စင်မှာ သိုင်းလောကသားတွေကိုဖမ်းထားတုန်းကလည်း သူဒီလိုပဲ ပြန်ဖြေဖူးသလားလို့''
ထိုအခြေအနေတွင် ခေါင်းနပမ်းကြီးသွားသူက မိန်းမသားအများစုကို အုပ်ချုပ်နေရသော ဝေါမေဂိုဏ်းချုပ် မြဲ့ကြွယ်ဆရာမကြီး။ တပည့်ခေါင်းဆောင် တိန်မိန်ကျွင်းက အလောတကြီးလေသံဖြင့် 'ရှီးဖော်.. ရှီးဖော်.. ညီမလေးတစ်ယောက် ပျောက်နေတယ်'' ထိုအသံနှင့်အတူ မြဲ့ကြွယ်ဆရာမကြီး၏မျက်နှာသည် ခရမ်းချဉ်သီးမီးဖုတ်လို တရိပ်ရိပ်နီမည်းလာပြီး အံကြိတ်သံကြီးဖြင့် ''လုကျန့်ခေါ့! မင်းနဲ့ငါ အသက်ချင်းလဲမယ်...'' ဟုဆိုကာ တိမ်လွှာဓားကို ဆွဲထုတ်လျက် ပြေးထွက်သွားလေတော့သည်။
စင်ပေါ်က ကျန်းဝူကျိတို့အုပ်စုကတော့ သူတို့နှင့်မဆိုင်သည့်အလား ငူငူကြီးတွေ ရပ်နေကြသည်။ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းပြိုင်နေကြ၏။ စကားလည်း တစ်ခွန်းမျှမဆိုကြ။ မုန်တိုင်းမတိုက်ခင် လေငြိမ်ခြင်းပေလော...
နေအနည်းငယ်မြင့်လာ၍ နှင်းများ တဖြည်းဖြည်းဆဲသွားသည်။ အနွေးဓာတ်လွှမ်းခြုံလာသော အိပ်မက်တောင်ထိပ် ဝန်းကျင်ရှုခင်းက ယခုတော့လည်း သာယာကြည်နူးဖွယ် ကောင်းနေသယောင်ယောင်...
''ကျန်းဝူကျိ.. မင်းလည်း သိုင်းပထမမင်းသားဘွဲ့ လိုချင်လို့လား"
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူက ဖုန်းချင်းယန်။
''ဟားဟား ကျုပ်က ပလ္လင်ပေါ်ပဲရောက်နေပြီ ခင်ဗျားတို့လို အလုပ်မရှိအကိုင်မရှိ ၁၀၉ ၁၁၀ ကလေကဝတွေနဲ့ဖက်ပြိုင်ပြီး သိုင်းမင်းသားဘွဲ့ယူဖို့ လိုသေးလို့လား''
ထိုအခါ သွမ့်ယွိက ထီမထင်ဟန်ပြုံးကာ ယပ်တောင်တစ်ချက်ခတ်လိုက်ရင်း
"အဟက် အဟက် တောသား ချဲပေါက်သလို စိတ်ကြီးဝင်မနေပါနဲ့ကွာ... ငါကမှ တကယ့် တလီရဲ့နန်းသက်အရှည်ဆုံးဘုရင်ပါကွ"
''မင်းတို့တလီကို ငါတို့ အာဏာသိမ်းလိုက်ပြီ... မယုံရင် မြေပုံပြန်ကြည့်... တလီဆိုတာ မင်တိုင်းပြည်မြေပုံထဲက ပြည်နယ်သေးသေးလေးကွ အဟားဟားဟား''
''ဟျောင့် မင်းးး မင်းးး''
သွမ့်ယွိခမျာ ယပ်တောင် တချိန်ချိန်ဖြင့် ဒေါသကြောင့် စကားလုံးတွေ တစ်ဆို့နေသည်။ ထိုစဉ် ဖုန်းချင်ယန်က
''ကျန်းဝူကျိ!! မင်းက သိုင်းပြိုင်ပွဲဝင်ဖို့ လာတာမဟုတ်ဘူးဆိုတော့ နှောက်ယှက်ဖျက်ဆီးချင်တာလား... မင်းပုံစံကြည့်ရတာ ပွဲကြည့်ပရိသတ်လုပ်ချင်ဟန်တော့ မတူဘူး''
''ဆရာကြီးဖုန်းချင်းက လူကဲခတ် ဘယ်ဆိုးလို့လဲ... အမှန်ပဲ ခင်ဗျားတို့ကို တန်းစီပြီး ဗောက်ချာစုတ်ဖို့ ကျုပ်ဒီကိုရောက်လာတာ... အကြောင်းအရင်းက ကျုပ် မြေပြန့်ဒေသကိုတက်လာပြီး ဘော်လီဝယ်.. အဲ မှားလို့.. တိုင်းခန်းလှည့်လည်နေတုန်း သိုင်းလောကမှာ ဖန်တွေအချင်းချင်း စကားများနေကြတာကို နားနဲ့မဆံ့အောင်ကြားခဲ့ရတယ်ဗျ... ခင်ဗျားတို့ဘာသာ သိုင်းပထမမင်းသားဘွဲ့လိုချင်တာ လုကြလေဗျာ... ဘာလို့ အေးအေးဆေးဆေးနေတဲ့ ကျုပ်ဖန်တွေကိုပဲ ဝိုင်းblameနေကြတာလဲ''
''ဒါတော့ မင်းဖန်တွေက အရူးချီးပန်း copy ကူးမယ်ချည်း ပြောနေကြတာကိုးကွ"
"ဟားဟားဟား ဒီလိုပြောကြေးဆို.. ဟိုစော်ပစ်ကောင်! လှည့်ကြည့်မနေနဲ့ မင့်ပြောနေတာ လင့်ဟူချုံး.. ဖုန်းချင်းယန်သင်ပေးခဲ့တဲ့ တုကူးဓားကိုးကွက်က အတွင်းအားအပေါ်မှီခိုမှုမရှိတာ သိရဲ့သားနဲ့ မင်းဖန်တွေက 'အတွင်းအားချင်းညီရင် နေကြာသိုင်းထက် တုကူးဓားကိုးကွက်က ပိုstrongပါတယ်' ဘာညာနဲ့ ရှောက်ရွှီးတယ်လေ... ရှောင်လင်အကြောပြောင်းသိုင်းကျင့်ပြီးရင်ပဲ တုန်းဖန်းပုပိုက်ကို နိုင်တော့မယောင်ယောင်နဲ့... ပြီးတော့ ဟို.. လဒကို ဆရာတင်တဲ့ကောင်! မင်းဖန်တွေ အဆိုးဆုံးပဲ... မင်းကို ဓားမရှိဓားမဲ့အဆင့်ဆိုပြီး မြန်မာသိုင်းလောကမှာ ဆယ်စုနှစ်တစ်ဝက်လောက် ဂျင်းထည့်လာတာ... တကယ်တမ်း ဝတ္ထုထဲမှာကျ ရွှေဘီးအမတ်ကိုဓားနဲ့ချတာ ခွေးရှုံးရှုံးပြီး ငါနဲ့လင့်ဟူချုံးလို ဓားသိုင်းမှာ အကွက်မဲ့အဆင့်တောင် ရောက်တာမဟုတ်ဘူး... ဟိုအရက်သမားကြီး! ခင်ဗျားကတော့ ဖခင်သေပြီအထင်နဲ့ ကမ္ဘာပျက်မတတ် ရှိစုမဲ့စုအားအကုန်ထုတ်ပြီးရိုက်လိုက်တာပဲ ဒါကိုအမည်မဲ့ကိုယ်တော်က မေတ္တာရှေ့ထားပြီး ခုခံရုံခံလိုက်လို့ အခြေအနေပျက်ယွင်းသွားတာကို ခင်ဗျားဖန်တွေက အာဆင်နယ် ချန်ပီယံလိဒ်ဖလားရသလို အောင်ပွဲခံကြတယ်လေ... တကယ်တမ်း အရည်အချင်းရှိတဲ့ ရွှီကျူ၊ သွမ့်ယွိတို့ရဲ့ဖန်တွေကတောင် ဘာမှမပြောရဘူး''
ထိုအခါ လင့်ဟူချုံး၊ ယန်ကော့၊ ရှောင်ဖုန်းတို့မှာ ဆတ်ဆတ်ခါနာသွားကြပေမယ့် ရွှီကျူနှင့်သွမ့်ယွိကတော့ ကြိတ်၍ကျေနပ်နေကြသည်။ တကယ်တော့ သွေးခွဲသပ်လျှိုခြင်းဆိုတဲ့ 'ခင်ညွန့် - ချစ်နိုင်' အကွက်သုံးလိုက်တာကို စောင်ပိန်းတွေ မသိလိုက်...
ယောကျားပီသ၍ စိတ်ကြမ်းကိုယ်ကြမ်းဖြစ်သော ရှောင်ဖုန်းက ကွေ့ဝိုက်မနေတော့ဘဲ ကျန်းဝူကျိကို စေ့စေ့ကြည့်ကာ ''ဒီမလောက်လေး မလောက်စား ခွေးပစ်တုတ်ကတော့ကွာ! နောင်တော်တွေကို လေးစားရကောင်းမှန်းမသိ... မင်းဘာမင်း ဘာသိုင်းပညာတွေပဲ တတ်ထား တတ်ထား.. မင်းက ငါတို့နဲ့ယှဉ်ရင် ချာတိတ်ပဲ''
"နောင်တော်ကြီးက အတွေ့အကြုံရင့်ကျက်လွန်းလို့ ကိုယ့်စော်ကိုယ်တောင် လူမှားရိုက်သတ်သကိုး ကျွတ် ကျွတ်... ကျုပ်ဘယ်လက်ရုံး ယန်ရှောင်းလောက် အဖြစ်ရှိအောင်ပဲ အရင်လုပ်ပါဗျာ"
စိတ်ကိုထပ်ဆွပေးလိုက်ရာ ရှောင်ဖုန်း သည်းခံနိုင်စွမ်းကုန်ခန်းသွားပြီး လက်နှစ်ဖက်ကို ဘယ်ညာဝေ့ဝိုက်လှုပ်ရှားလျက်
''ခန်း..လုံ..ယော..ဟွေ....."
By #မာန်
အပိုင်း(၃)👇🏻
https://m.facebook.com/groups/733442223943413/permalink/1060428771244755/
အပိုင်း(၁) 👇🏻
https://www.facebook.com/groups/733442223943413/permalink/1059177761369856/
မင်းတရားကြီးကျန်းဝူကျိ နှင့် ကျင်ယုံuniverse
#အပိုင်း(၃)
''မာနနဂါးရဲ့နောင်တ''ဆိုတာ နဂါးနိုင်လက်ဝါး(၁၈)ကွက်တွင် အစွမ်းအထက်ဆုံးမဟုတ်သော်ငြား အလျင်မြန်ဆုံးဖြစ်ပြီး ရန်သူကိုခုခံပြင်ဆင်ချိန်မရစေဘဲ အငိုက်ဖမ်းအလဲထိုးနိုင်သော တိုက်ကွက်ကောင်းဖြစ်သည်။
ရှောင်ဖုန်း၏လှုပ်ရှားမှု လွန်စွာမြန်သော်လည်း မြန်နှုန်းမြင့်တုကူးဓားသိုင်းကျင့်ထားသော ဆရာတပည့်နှစ်ယောက်၏မျက်လုံးထဲကတော့ ပြေးမလွတ်... ရှောင်ဖုန်းလက်လှုပ်လိုက်သည်နှင့် လင့်ဟူချုံး၊ဖုန်းချင်းယန်တို့က ဓားဆွဲကာ ကျန်းဝူကျိထံသို့ တိုင်ပင်ကိုက်ထားသလို ပြေးဝင်သွားသည်။ ရှောင်ဖုန်း၏လက်ဝါးသိုင်းကို အထင်သေး၍မဟုတ် ဝူကျိသည်လည်း နယ်နယ်ရရသိုင်းသမားမဟုတ်ပေရာ သိုင်းတစ်ကွက်တည်းနဲ့တော့ ဘယ်လိုမှမရှုံးနိုင်ကြောင်း လင့်ဟူချုံးတို့ ကောက်ချက်ချမိ၍ ဖြစ်သည်။ လင့်ဟူချုံးသည် ဝူကျိက သူ့ကို သိုင်းပညာအရနှိမ်တာ ခွင့်လွှတ်နိုင်သော်ငြား 'စော်ပစ်ကောင်' လို့ပြောတာကတော့ လုံးဝသည်းမခံနိုင်သောအရာပဲဖြစ်သည်။ ဖုန်းချင်းယန်ကမူ မိမိတပည့် သိုင်းပထမမင်းသားဖြစ်ဖို့အတွက် တစ်ယောက်ကျလျှင် တစ်မီးငြိမ်းမည်ဟု တွေးသည်။ ဤပွဲကို ဝူကျိက ရည်ရွယ်ချက်ရှိရှိ လာရောက်နှောက်ယှက်ခြင်းဖြစ်ရာ သူဝင်ရောက်နှိမ်နင်းလျှင်လည်း ဘယ်သူမှအပြစ်ဆိုကြမည်မဟုတ်... သိုင်းလောက၏အဖျက်အမှာက်ကို ဝိုင်းဝန်းဖယ်ရှားတာက အမြဲတမ်းတရားသော လုပ်ရပ်ပါပေ။
ရှောင်ဖုန်း၏ရှည်မျောမျောသဏ္ဌာန် အတွင်းအားလှိုင်းသည် အနီးရှိဖုန်နှင့်အမှိုက်သရိုက်များကို ဆွဲစုပ်ယူငင်ကာ ဓာတ်ငွေ့ဖုန်လုံးကြီးပမာ ဝူကျိထံ အရှိန်ပြင်းစွာတိုးဝင်သွားသည်။ ဝူကျိကလည်း သတိကြီးစွာထားကာ စကြာဝဠာအားလွှဲသိုင်းကို အဆင့်မြင့်မြင့်အသုံးချလိုက်ပြီး လင့်ဟူချုံး၊ဖုန်းချင်းယန်တို့ဘက်သို့ အားပြောင်းအားလွှဲနည်းစနစ်ဖြင့် direction သွေဖီပြောင်းလဲပစ်လိုက်သည်။ လမ်းတစ်ဝက်ရောက်နေပြီဖြစ်သော လင့်ဟူချုံးတို့မှာ မထင်မှတ်ဘဲ ရှောင်ဖုန်း၏အားလှိုင်းကြီး ၄င်းတို့ထံဝေ့ဝိုက်လာရာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် ဘေးတစ်ဘက်စီသို့ ခုန်ရှောင်လိုက်ရသည်။ ဓာတ်ငွေ့ဖုန်လုံးကြီးက ၄င်းတို့အား ပွတ်ကာသီကာ ဖြတ်ကျော်သွား၏။ ဆရာတပည့်နှစ်ယောက်လုံး အလဲလဲအကွဲကွဲပင်။ တည့်တည့်သာသာ ထိလိုက်လို့ကတော့ မတွေးဝံ့စရာ...
ဖုန်းချင်းယန်ခမျာ အဖျားခတ်သွားသော ဖုန်မှုန့်များကြောင့် ချောင်းတဟွတ်ဟွတ်ဆိုးနေသည်။ လင့်ဟူချုံးဆိုလျှင် မျက်နှာတပြင်လုံး သူတောင်းစားလိုပေကျံနေကာ ဗိုက်ဆာဆာနဲ့ တွေ့ကရာကောက်ဝါးထားသကဲ့သို့ ပါးစပ်ထဲတွင် အမှိုက်သစ်ရွက်စများဖြင့် ပြည့်နှက်နေသည်။ ''ဝေါ့'' လင့်ဟူချုံးက ရွံရှာစွာ ထိုးအန်လိုက်ပြီး ကိုယ်တွင်ပေကျံနေသော ဖုန်မှုန့်များကိုပါ ခါထုတ်ရင်း
''ချောင်.. ချောင်ဂိုဏ်းချုပ်ကြီး! ခင်ဗျားရဲ့လက်ဝါးသိုင်းက တော်တော်ညစ်ပတ်တာပဲဗျ''
ရှောင်ဖုန်းလည်း ခြေမကိုင်မိ၊လက်မကိုင်မိဖြင့် အားတုံ့အားနာဖြစ်သွားသည်။ ဖုန်းချင်းယန်ကပါ ကုန်းရုန်းထလာပြီး
''ချောင်ဖုန်း... မင်းမလည်း အရက်ကလေးတမြမြနဲ့ဆိုတော့ လက်ဆတွေမမှန်တော့ဘူး ထင်ပါရဲ့''
သိက္ခာကိုထိပါးသော စကားဖြစ်သောကြောင့် ရှောင်ဖုန်း ဒေါသထွက်သွားသည်။
''ဒီမှာ ဆရာကြီးဖုန်းချင်း... ကျုပ်ချောင်ဖုန်း တစ်သက်တာမှာ ဘယ်တုန်းကမှ ပစ်မှတ်မလွဲဖူးဘူး"
ထိုစဉ် ပွဲကြည့်စင်အောက်ရှိ လူအုပ်ထဲမှ အတွင်းအားပြည့်ဝသော အသံလှိုင်းတစ်ခု လွင့်ပျံလာသည်။
''အဲဒါ စကြာဝဠာအားလွှဲသိုင်းပဲ... ခင်ဗျားတို့ သတိမထားရင်တော့ ပေးဆပ်မှုကြီးမားသွားလိမ့်မယ်''
ပြောလိုက်သူမှာ ကျိုရင်းသိုင်းကျမ်းတီထွင်သူ စာပေပညာရှင်နန်းတွင်းအမတ် ဟွမ်ရှန်း ဖြစ်သည်။ သူက စကြာဝဠာအားလွှဲသိုင်းအကြောင်းကို အခြားဘယ်သူ့ထက်မဆို ပိုသိသည်။ မသိပဲရှိရိုးလား... သူနဲ့အလင်းမာန်ဂိုဏ်းဆိုတာ ကမ္ဘာမကြေရန်ဘက်တွေပဲကို... ယခုလည်း မင်ဂိုဏ်း၏မျိုးဆက်သစ်ခေါင်းဆောင် ကျန်းဝူကျိကို မြင်တာနဲ့ ဆီစွတ်ပြီးဘွတ်ချင်နေသူ ဖြစ်သည်။ သို့သော် legendary ဆရာကြီးတစ်ဦးဖြစ်တဲ့အပေါ်မှာ အများနဲ့တစ်ယောက် ဝင်ရောက်တိုက်ခိုက်လို့ကလည်း မကောင်း... တစ်ယောက်ချင်း စိန်ခေါ်ပြန်တော့လည်း ကျန်းဝူကျိက သူရင်ဆိုင်ခဲ့ဖူးတဲ့ မင်ဂိုဏ်းချုပ်တွေလို စကြာဝဠာအားလွှဲသိုင်းကို ၃/၄ဆင့်လောက်ပဲတတ်တာမဟုတ်... အပွေးမြင်အပင်သိတဲ့ ဆရာကြီးတစ်ဦးပီပီ ဤလူငယ်က အဆင့်(၇)အထိ အောင်မြင်ပြီးပြီဆိုတာ သိုင်းတစ်ကွက်ကြုံရုံမျှနှင့် ရိပ်စားမိသည်။ ဟွမ်ရှန်းဆိုတာက ဉာဏ်အမြော်အမြင်ကြီးသော ပညာရှိနန်းတွင်းအမတ်... စင်ပေါ်က စာမတတ် ပေမတတ် ကောင်တွေလိုမဟုတ်... အရှုံးပေါ်နိုင်ချေရှိသော အလောင်းအစားကို ဟွမ်ရှန်းတို့ စိတ်မဝင်စား...
ရှောင်ဖုန်း၊ လင့်ဟူချုံးတို့ကလည်း ကျန်းဝူကျိတွင် အားပြောင်းအားလွှဲသိုင်းရှိသည်ကို မသိ၍မဟုတ်...
Universe တစ်ခုတည်းက မင်းသားတွေမို့ ပရိသတ်တွေကတစ်ဆင့် တစ်ယောက်အကြောင်း တစ်ယောက် အတန်ငယ်သိထားကြသည်။ သို့သော် ပြိုင်ဘက်၏သိုင်းပညာကို အတွင်းကျကျသိမြင်နိုင်ဖို့က လက်တွေ့ကျကျ တိုက်ခိုက်ကြည့်ဖို့ လိုသည်။
လင့်ဟူချုံးက ရှေ့ထွက်လာပြီး မာန်ပါပါ ဓားဖြင့်ရွယ်လိုက်ကာ
''ကျန်းဝူကျိ! မင်းက ဘစိုင်းလိုပဲ ပရိသတ်တွေကြားထဲမှာ copyကောင်ဆိုပြီး နာမည်ကြီးတယ်... ငါ့ရဲ့တုကူးဓားကိုးကွက်ကလည်း ပထမတစ်ကွက်မှာတင် အပြောင်းလဲပေါင်း ၃၆၀ ရှိတယ်... မင်းဖန်တွေ ဖျင်ခေါင်းကျယ်နေသလို တကယ်copyကူးနိုင်မလား စမ်းကြည့်တာပေါ့''
ကျန်းဝူကျိက ဟားတိုက်ရယ်မောလိုက်ပြီးမှ အေးဆေးတည်ငြိမ်စွာဖြင့်
''အပြောင်းအလဲဆိုတာ သိုင်းကွက်ရှိနေသေးတဲ့ သူတွေအတွက်ပါ... ကျုပ်ရဲ့ထိုက်ကျိအကွက်မဲ့ဓားသိုင်းက သိုင်းကွက်တွေကို မေ့ဖျောက်နိုင်တဲ့အဆင့် ရောက်နေပြီ... သိုင်းကွက်မရှိတဲ့သူအတွက်က အပြောင်းအလဲပေါင်း တစ်ရာလည်းဖြစ်နိုင်သလို တစ်ထောင်လည်း ဖြစ်နိုင်တယ်... ကျုပ်အမြင်အရ ခင်ဗျားရဲ့တုကူးဓားသိုင်းကို ကျုပ်copyကူးဖို့ မလိုပါဘူး''
''ကောင်းကွာ... လူသာငယ်တာ ဖျင်ခေါင်းက မငယ်ဘူးပဲ... ရန်သူထက်နောက်ကျမှ သိုင်းကွက်ထုတ်ပြီး ရန်သူထက်ဦးအောင်တိုက်နိုင်တဲ့ ကျုပ်ရဲ့တုကူးဓားသွားကနေ မင်းတစ်ခုခုလုပ်ပြနိုင်မလား စောင့်ကြည့်တာပေါ့''
''အဲဒါပြောတာ.. ခင်ဗျားတို့က အမြန်နှုန်းကို သိပ်ပြီး အားကိုးလွန်းတယ်... ခင်ဗျားတို့ထက်မြန်တဲ့ အ၆တစ်ကောင်နဲ့လည်းတွေ့ရော အားလုံး တန်းစီပြီး လေးဘက်ကုန်းရတောမတတ် ဖြစ်သွားတယ်မလား''
လင့်ဟူချုံးမှာ အရှိုက်ထိသွားသဖြင့် စကားဖြင့်ခွန်းတုံ့မပြန်တော့ဘဲ ဓားဖြင့်သာ စကားပြောတော့သည်။ ဝါးနှစ်ရိုက်အကွာမှ လင့်ဟူချုံးသည် မိုးကြိုးပစ်လိုက်သလိုအမြန်နှုန်းဖြင့် ကျန်းဝူကျိထံ တိုးဝင်သွားသည်။ မပြောပလောက်သော အနှီလမ်းခုလတ် အချိန်လေးအတွင်းမှာ လင့်ဟူချုံးလက်ထဲရှိဓားက သိုင်းကွက်ပေါင်းအလီလီ ပြောင်းလဲနေ၏။ ကျန်းဝူကျိတွင် ထုံးစံအတိုင်း ဓားပါမလာ။ စင်အောက်ရှိ ဘုရင်ကျူယွမ်ကျန်းက ရဲမက်တစ်ယောက်၏ဓားအိမ်ကို အတွင်းအားဖြင့် ရိုက်ပုတ်လိုက်ရာ ဓားက ဓားအိမ်ထဲမှရုန်းထွက်သွားပြီး ကျန်းဝူကျိထံ လွင့်ပျံလာသည်။
''ဂိုဏ်းချုပ်ကြီး! ဓား''
အကယ်၍ ဤဓားကိုသာစောင့်နေလျှင် ကျန်းဝူကျိအဖို့ ဆယ်ခါပြန် သေပြီးနေလောက်ပြီ။ လင့်ဟူချုံး၏လှုပ်ရှားမှုက ဘုရင်ကျူယွမ်ကျန်းရဲ့အသံထက်ရော ပစ်တင်ပေးလိုက်သော ဓားထက်ပါ အဆပေါင်းများစွာမြန်၏။ ဝူကျိက ခန္ဓာကိုယ်နောက်လှန်ချလိုက်ရာ လင့်ဟူချုံးဓားသွားက ဝူကျိ၏ရင်အုံနှင့်မေးစေ့ပေါ်မှ လက်မတင်လေး ကပ်၍ဖြတ်သွားသည်။ ကြည့်ရှုနေသူ သိုင်းလောကသားအပေါင်းမှာ အသဲတယားယား ရင်တအေးအေး ဖြစ်သွားကြသည်။ လင့်ဟူချုံးဓားချက် ကပ်သီးလေးလွဲသွားသည်နှင့် ကျန်းဝူကျိလက်တစ်ဖက်က မြောက်တက်လာပြီး အရှိန်လွန်ဖြတ်ကျော်သွားသော လင့်ဟူချုံး၏နောက်ခြေထောက်ကို ဖမ်းချုပ်ဖို့ကြိုးစားလာသည်။ သို့သော် တကိုယ်လုံး လေထဲရောက်နေလျက်ကပင် လင့်ဟူချုံးဓားက မယုံကြည်နိုင်လောက်စရာ သိုင်းကွက်တစ်ခုပြောင်းလဲသွားပြီး ခြေထောက်ကိုဖမ်းချုပ်ရန် တက်လာသော ဝူကျိ၏လက်ကို ဖြတ်ချလိုက်သည်။ ဝူကျိလည်း လက်ပြန်ရုတ်ကာ တိုက်ကွက်စွန့်လွှတ်လိုက်ရပြီး ခန္ဓာကိုယ်နောက်လှန်ချထားရာမှ ခါးကိုပြန်မတ်လိုက်သည်။ ထိုအခါ ဧကရာဇ်ကျူယွမ်ကျန်း ပစ်တင်ပေးလိုက်သောဓား သူ့ထံရောက်လာချိန်နှင့် ကွက်တိဖြစ်သွားပြီး ဓားကို အသင့်ဖမ်းထားလိုက်လေသည်။ လင့်ဟူချုံးကလည်း သူ၏ဟန်ချက်ကို ပြန်ထိန်းပြီးဖြစ်၍ ကျန်းဝူကျိနှင့်ဝါးတစ်ရိုက်အကွာ.. နှစ်ယောက်သား မျက်နှာချင်းဆိုင်မိကြပြန်သည်။ လင့်ဟူချုံးက ဝူကျိကို မျက်ခုံးတစ်ဖက်ကျုံ့လျက် ခပ်ထေ့ထေ့ကြည့်လိုက်သလို... ဝူကျိကလည်း နှုတ်ခမ်းထောင့်တွန့်ရုံ တစ်ချက်ပြုံးကာ ပြန်စိုက်ကြည့်နေသည်။ နှစ်ယောက်လုံးရဲ့အထှာတွေက... မင်းမဆိုးဘူး ဆိုတဲ့ သဘော...
''သတိထားပေတော့ ကိုယ့်လူ''
''ကျုပ်ကလည်း မစောင့်နိုင်အောင်ပဲ...''
တိုက်ပွဲခေါ်သံအဆုံးမှာ လူရိပ်နှစ်ခု ဆုံမှတ်တစ်နေရာ မျက်တောင်တစ်ခတ် ဓားချင်းယှက်မိကြသည်။ ကျန်းဝူကျိနှင့်လင့်ဟူချုံးတို့သည် ကိုယ်စီတတ်မြောက်ထားသောဓားသိုင်းတွင် လူတကာရောက်နိုင်ခဲသော အဆင့်လွန်နယ်ပယ်တစ်ခုသို့ ခြေလှမ်းမိနေသူများ ဖြစ်သည်။ ဓားနှင့်လူ တစ်သားတည်းလိုဖြစ်နေကြပြီး ဓားကွက်ထုတ်ပုံနှင့်ခြေကွက် ရွှေ့ဟန်များက လွန်စွာပညာသားပါ၍ အနှစ်သာရရှိလှသည်။ နှစ်တစ်ရာတွင် တစ်ခါကြုံရခဲသော ဓားရည်စမ်းပွဲပေမို့ သိုင်းလောကသားအားလုံး မျက်တောင်မခတ်တမ်း စိတ်ဝင်တစားကြည့်ရှုနေကြသည်။ ဘတစ်ပြန်ကျားတစ်ပြန် ဓားရေးယှဉ်နေချိန်အတွင်း ကျန်းဝူကျိမျက်လုံးတွေကတော့ ထူးထူးခြားခြား တည်ငြိမ်မှုပျောက်ဆုံးနေတာကို တွေ့ရသည်။ မျက်လုံးအိမ်က ဘယ်ရွေ့၊ ညာရွေ့၊ အထက်အောက်ဂဏာမငြိမ် ရွေ့လျားနေ၏။ အကြောင်းမှာ ရှုထောင့်ပေါင်စုံ ဘက်ပေါင်းစုံပြောင်း၍ ရွေ့လျားဖိအားပေးနေသော လင့်ဟူချုံး၏မြန်နှုန်းမြင့်အလျင်ကို မျက်လုံးက မနည်းလိုက်ဖတ်နေရခြင်း ဖြစ်သည်။ လင့်ဟူချုံး၏ဓားရိပ်ဓားငွေ့များက ကျန်းဝူကျိကိုယ်ပေါ်တွင် အချိန်အများစုလွှမ်းမိုးထားနိုင်ပြီး တိုက်ပွဲကို သိသိသာသာ dominate လုပ်ထားသည်မှာ ထင်ရှား၏။
ဖုန်းချင်းယန်ကလည်း အနေအထားကိုကြည့်ကာ လွန်စွာမှအားရကျေနပ်နေသည်။ သင်ရကျိုးနပ်တဲ့ တပည့်လေးပေကိုး... ယန်ကော့ကမူ လင့်ဟူချုံး၏ဓားကွက်များကို ကြည့်ကာ ဖျင်တကုတ်ကုတ် ခေါင်းတကုတ်ကုတ်ဖြင့် စိတ်ဂဏှာမငြိမ်ဖြစ်နေသည် ''နေပါဦး ဒီအကွက်တွေက ငါကျင့်ခဲ့တဲ့တုကူးဓားသိုင်းနဲ့ လားလားမှ မတူသလိုပဲ'' နောက်တော့မှ တစ်စုံတစ်ရာကို ဝမ်းနည်းဖွယ် သဘောပေါက်သွားပြီး ''မဟုတ်မှလွဲရော... အစ်ကိုသိန်းငှက်ကတော့ ငါ့ ဂျင်းထည့်ပြီနဲ့ တူတယ်'' ယန်ကော့ခမျာ မုန့်အစား ထမင်းညာအကျွေးခံလိုက်ရသော ကလေးတစ်ယောက်ပမာ ငိုမဲ့မဲ့ဖြစ်သွားသည်။
သို့သော် သေချာတွေးကြည့်ပြန်တော့ သူ့ဓားသိုင်းစွမ်းရည်က နဂါးနှင့်ဆင်သိုင်း (Dragon Elephant Prajna Palm) မတတ်မြောက်ခင် ရွှေဘီးအမတ်ကိုတော့ အနိုင်ရခဲ့သည်ပဲ မဟုတ်လား... ဒါဟာ ထိပ်သီးအဆင့်တစ်နေရာမှာ ရှိနေကြောင်း ပြသနေခြင်းပင်။ ''သိုင်းပညာအရင်းအမြစ်တစ်ခုတည်းက ဆင်းသက်လာတာချင်းတူပေမယ့် အသုံးပြုတဲ့လက်နက်ပေါ်မူတည်ပြီး အနှစ်သာရ ကွဲပြားနိုင်တာပဲလေ... ငါက ဓားအကြီးကြီးသုံးရတော့ သူ့လောက်တော့ ဘယ်မြန်ပါ့မလဲ'' ဟုဖြည့်တွေးလျက် မိမိကိုယ်ကို self-motivation လုပ်လိုက်လေသည်။
အသာစီးရနေသော လင့်ဟူချုံးက ပြိုင်ဘက် pressure ဝင်ပြီး ဓားထုတ်ကွက် ၊ခြေရွှေ့ကွက်တွေ မှားလာစေရန် အမြန်နှုန်းကို ပို၍ပို၍တင်ပြီး တရဆက်ဖိအားပေးသည်။ သို့တိုင် တစ်ဘက်ရန်သူက အသက်ရှူသံပင် ပုံမှန်အနေအထားမှ ပျက်ယွင်းမသွားတဲ့အခါ လင့်ဟူချုံး အနည်းငယ်တုန်လှုပ်လာသည်။ တိုက်ပွဲအစက တည်ငြိမ်မှုပျက်ဆုံးနေခဲ့သော ကျန်းဝူကျိမျက်လုံးတွေထဲမှာ တစ်ခုခုကို စျာန်ဝင်စားငြိတွယ်နေသော အရိပ်အယောင်များ တွေ့နေရသည်။ ဒါဟာ အထနှေးပြီး တိုက်ပွဲကြာလာတာနဲ့အမျှ ပိုပိုပြီးအသက်ဝင်လာတတ်တဲ့ ထိုက်ကျိ၏ဝိညာဉ်ပေလော... လင့်ဟူချုံး အနည်းငယ်မျှ မပေါ့ဆဝံ့တော့။ ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် တွေနေရပြီဆိုတာ သေချာလွန်းနေခဲ့ပြီ။
''ပြိုင်ဘက်ရဲ့ဓားကွက်ကို ဖျက်ချင်ရင် ပြိုင်ဘက်ထက် မြန်နေမှရမယ်... လျင်မြန်ခြင်းရဲ့လျှို့ဝှက်ချက်က ပြိုင်ဘက်လှုပ်ရှားလာမယ့် သိုင်းကွက်ကို ကြိုမြင်ပြီး သူ့ထက်ဦးအောင် ဓားကွက်ထုတ်နိုင်ရမယ်''
လင့်ဟူချုံး ပြန်လည်ကြားယောင်နေသော ဖုန်းချင်းယန်၏စကားများ...
တစ်ဘက် ကျန်းဝူကျိ၏သန္တာန်တွင် စွဲမြဲနေသည်က
''ဓားကို ကိုယ်အရှိန်ထက် စိတ်အရှိန်နဲ့သာ ကစားရမယ်... ဓားတစ်ကွက်နဲ့တစ်ကွက်ဟာ ချိတ်ဆက်နေပြီး ရေစီးအားလိုပဲ သူ့အရှိန်နဲ့သူ အဆက်မပြတ် လည်ပတ်စီးဆင်းနေရမယ်'' ဆိုတဲ့ ကျန်းစန်းဖုန်းရဲ့ဒဿန...
ဒီအယူအဆနှစ်ခု အားပြိုင်နေကြခြင်း ဖြစ်သည်။ လင့်ဟူချုံးနှင့်ကျန်းဝူကျိတို့၏ဓားသိုင်းအနှစ်သာရမှာ ဆန့်ကျင်ဘက် အလင်းနှင့်အမှောင်ကဲ့သို့ပင်... လင့်ဟူချုံး၏အရွေ့က လျှပ်ပြတ်သလိုမြန်သည် ဓားကွက်က အပြောင်းအလဲများသည်... ပြောင်းပြန်အနေဖြင့် ကျန်းဝူကျိ၏ဓားကစားဟန်က လေးလံသည် ရိုးရှင်းသည် သို့သော် တိမ်လွှာလို ရေစီးလို ညင်သာသည် သဘာဝကျသည်...
(မှတ်ချက် - တကယ်တော့ ထိုက်ကျိဟာ အနှေးသက်သက်မဟုတ်ပါ။ နှေးသယောင်နဲ့မြန်ပြီး မြန်သယောင်နဲ့နှေးတယ်... တချိန်တည်းမှာ ပျော့ပြောင်းပြီး တချိန်တည်းမှာပဲ မာကြောမှုရှိတယ်။ ကျင်ယုံကတော့ သူ့ရဲ့universeထဲမှာ ထိုက်ကျိကို လေးလေး ဖြည်းဖြည်းနဲ့ နက်နဲတဲ့သိုင်းပညာအဖြစ် ပုံဖော်ထားတာကြောင့် သူ့အတိုင်းလိုက်ရေးရခြင်းပါ)
By #မာန်
မင်းတရားကြီးကျန်းဝူကျိ နှင့် ကျင်ယုံuniverse
#အပိုင်း(၄)
တိုက်ပွဲဝင်ဓားသမားနှစ်ယောက်၏အမြန်နှုန်းကွာဟချက် လွန်စွာကြီးမားနေသည့်တိုင် အရှုံးအနိုင်မပေါ်သေးသည်က သာမန်သိုင်းသမားတွေအတွက်တော့ တကယ်ကို နားမလည်နိုင်စရာဖြစ်သည်။ ဝူကျိ ဓားတစ်ကွက် ပြီးမြောက်ချိန်တိုင်းတွင် လင့်ဟူချုံးက ဓားကွက်(၁၅)ကွက်လောက် တိုက်ခိုက်ပြီးဖြစ်သည်။ တကယ်ဆိုလျှင် လင့်ဟူချုံး၏မြောက်များလှစွာသော ဓားချက်တွေက ဝူကျိ၏နေရာလွတ်များကို တစ်ချက်မဟုတ် တစ်ချက် ထိခိုက်မိဖို့ကောင်းသည်။ ထိုသို့ဖြစ်မလာတာကတော့ အကွက်မဲ့ထိုက်ကျိ၏signature ဟုပင်ဆိုရမလား... တောင်ကမ်းပါးယံမှ ရေအိုင်ထဲသို့ အရှိန်ဖြင့်ကျလာသော ရေတံခွန်လှိုင်းတစ်ခုနှယ်ပင်... ရေတံခွန်စီးကြောင်းမှာ တစ်ခုတည်းရိုးရှင်းသော်လည်း ရေအိုင်ထဲကျသည့်အခါ ရေစက် ရေပေါက် အမှုန်အမွှားများစွာ ဖြာထွက်လာစမြဲပင်... ထို့အတူ ထိုက်ကျိဓားအလျင်က အင်မတန်ရိုးရှင်းနှေးကွေးသော်လည်း သိုင်းတစ်ကွက်လှုပ်ရှားလိုက်တိုင်း ရေတံခွန်မှစင်ထွက်လာသော ရေမှုန်ရေမွှားများကဲ့သို့ ဓားရိပ်ပွားများက စက်ဝိုင်းကြီးစက်ဝိုင်းငယ်သဏ္ဌာန် ဆင့်ပွားပြောင်းလဲနေပြီး လွတ်ကွက်ဟာကွက်များကို အလိုလိုပိတ်ဆို့သွားကာ လေလို၊မိုးကြိုးလိုမြန်သော လင့်ဟူချုံး၏ဓားချက်များကို တိုးဝင်လို့မပေါက်အောင် အံသြဖွယ်တားဆီးနေသည်။
တစ်ဘက်ကိုကြည့်ပြန်တော့လည်း တုကူးဓား(၉)ကွက်ကား အဆုတ်မရှိ အတက်သာရှိသည်။ တစ်နည်းအားဖြင့် ခုခံကာကွယ်သည့်အကွက်များမပါဘဲ ထိုးစစ်ဆင်သည့် ဓားသဘောတရားများဖြင့်သာ အခြေခံဖွဲ့စည်းထားသည်။ ဘောလုံးစကားနှင့်ဆိုရလျှင် အကောင်းဆုံးတိုက်စစ်ဟာ အကောင်းဆုံးခံစစ် ဆိုသလိုပေါ့။ ရန်သူကို ပြန်လှန်တိုက်ခိုက်ခွင့် လုံးဝမပေးဘဲ ခုခံကာကွယ်နေရတာနဲ့တင် အချိန်ကုန်စေပြီး တိုက်စစ်ပြီးရင်း တိုက်စစ်သာ ထိုးနှက်လျက် ပြိုင်ဘက်အမှားလုပ်လာမည့်အချိန်ကို စောင့်ကစားကာ ကစားပွဲတစ်ခုလုံးကို ထိန်းချုပ်ထားသည် (ဟိုး အတိတ်က ဘာစီလိုနာနဲ့ချဲလ်ဆီးလိုပေါ့ဗျာ)။ ပွဲကိုစိုးမိုးထိန်းချုပ်ထားနိုင်မှုက တိုက်စစ်နှင့် အမြန်နှုန်းကို အသားပေးသည့် လင့်ဟူချုံးဘက်မှာရှိနေပြီး ခံစစ်လုံခြုံမှုကိုအသားပေးသည့် ကျန်းဝူကျိရဲ့ကစားကွက်မှာတော့ တည်ငြိမ်ရင့်ကျက်မှုကို အထင်းသားမြင်နေရသည်။ ဘာသာရေးနွယ်တဲ့ ထိုက်ကျိရဲ့အနှစ်သာရက စိတ်အာရုံအပေါ်မှာ အဓိကအခြေခံပြီး အားကိုမသုံး၊ အမြန်နှုန်းကိုဦးစားမပေး၊ ရန်သူကို အလောတကြီး အနိုင်ယူလိုစိတ်မရှိဘဲ အခွင့်အရေးမရခင်အထိ တန်ပြန်အားကိုသာအသုံးပြုလျက် ဟာကွက်ကင်းတဲ့ခံစစ်ဇုန်ကို ဦးစွာတည်ဆောက်ယူသည်။ အချိန်တိုအတွင်းမှာ ရန်သူအများကြီးနှိမ်နင်းဖို့ဆိုရင်တော့ ဒါဟာ ရွေးချယ်စရာကောင်းတစ်ခုလို့ မမြင်ပါ။ ရန်သူတစ်ရာလောက်ကို တုကူးဓားသိုင်းဖြင့် မိနစ်ပိုင်းအတွင်း ရှင်းပစ်နိုင်ကောင်းသော်လည်း ကျင်ယုံ၏ထိုက်ကျိသဘောတရားဖြင့်ဆိုလျှင်တော့ တစ်နေကုန်သွားမှာ သေချာသည်။
သို့သော် အချိန်ကြာလာလေ စိုးရိမ်ပူပန်မှုက လင့်ဟူချုံး၏မျက်နှာပေါ် ကူးစက်လာလေ ဖြစ်သည်။ ဒါဆို လင့်ဟူချုံး အရေးနိမ့်နေပြီလား... မဟုတ်ပါ.. လုံးဝမဟုတ်ပါ... လင့်ဟူချုံး လုံးဝ လုံးဝ မရှုံးသေးပါ... သူ့ဓားရိပ်များက နဂိုအတိုင်းပင် ကျန်းဝူကျိအပေါ် လွှမ်းမိုးထားနိုင်ဆဲ ဖြစ်သည်။ ဒါဆိုရင် ဘာ့ကြောင့်လဲ... ဘောလုံးပွဲတစ်ပွဲမှာ အသာစီးရနေတဲ့ဘက်က လူစုံထုတ်ပြီး တိုက်စစ်အစွမ်းကုန်မြှင့်တင်လိုက်သည့်တိုင် အချိန်အတိုင်းအတာတစ်ခုရောက်သည်အထိ အနိုင်ဂိုးမသွင်းနိုင်တဲ့အခါ အသာစီးဖိနေတဲ့ဘက်က တန်ပြန်ဖိအားဝင်သွားသော သဘောပင်။
လင့်ဟူချုံးက သူ၏career တွင် ဝူတန်းဂိုဏ်းချုပ်ချုံးရွှီးရသေ့ကို လက်တစ်ဖက်ပြတ်သွားနိုင်တဲ့ အနေအထားကနေ စွန့်စွန့်စားစားအနိုင်ရခဲ့ဖူးတဲ့ အတွေ့အကြုံရှိသည်။ ထို့ကြောင့်လည်း ကျန်းဝူကျိနှင့်မပြိုင်ခင်က ယုံကြည်ချက်ကောင်းတချို့ ရှိနေခဲ့ခြင်းပင်။ သို့သော် သူ့တို့ခေတ် သိုင်းလောကအနေအထားက ကျန်းစန်းဖုန်းတို့အချိန်ကလို မဟုတ်... ဝူတန်းဂိုဏ်း သိုင်းပညာဆုတ်ယုတ်နေချိန်၊ အကြီးမားဆုံးကွာဟချက်ကတော့ ဝူကျိရဲ့ဦးလေးတွေဖြစ်တဲ့ ဝူတန်နံပါတ် (၁) နဲ့ (၂) စုန့်ယွင်ချောင်၊ ယွီလျန်ကျိုး တို့ရဲ့နောက်မျိုးဆက်ဖြစ်တဲ့ ချုံးရွှီးရသေ့ဟာ ထိုက်ကျိဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ထားသော်လည်း သိုင်းကွက်ရှိနေသေးခြင်းပဲ ဖြစ်သည်... ကျန်းစန်းဖုန်း၊ ကျန်းဝူကျိတို့လို သိုင်းကွက်တွေကို မေ့ဖျောက်နိုင်တဲ့ အကွက်မဲ့ဓားသိုင်းအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပေ။ ဒီအဆင့်ကို ဝူကျိရဲ့ဦးလေးတွေကိုယ်တိုင်လည်း မရောက်ခဲ့ပါ။ လင့်ဟူချုံး၏အကျွမ်းကျင်ဆုံးအပိုင်းက ဓားဖျက်ကွက်တွေ ဖြစ်သည်။ တုကူးဓား(၉)ကွက်မှာတင် range အနီးအဝေး လက်နက်မျိုးစုံကို counter တဲ့ဖျက်ကွက်တွေပါသလို တောင်(၅)လုံးဂိုဏ်းတွေရဲ့ဓားဖျက်ကွက်တွေလည်း တတ်မြောက်ထားသည်။ ရန်သူရဲ့ဓားကွက်ကိုကြိုမြင်ပြီး ရန်သူက ကိုယ့်ကိုတိုက်ခိုက်လာတာနဲ့ လွတ်သွားတဲ့ဟာကွက် spot ကို ဓားနဲ့လှမ်းထောက်တာက လင့်ဟူချုံး အသုံးအများဆုံးပုံစံဖြစ်သည်။ ကျန်းဝူကျိကျတော့ ချုံးရွှီးရသေနှင့်မတူ... အကွက်မဲ့ဓားသိုင်းဖြစ်၍ သိုင်းကွက်လည်းပုံသေမရှိ၊ သိုင်းကွက်မရှိတော့ ယေဘုယျအားဖြင့် ဖျက်ကွက်လည်းမရှိပေ။
''ထိန်!!!''
ဓားချင်းရိုက်မိသံနှင့်အတူ ကျန်းဝူကျိ၏မျက်လုံးများ အရောင်တောက်သွားသည်။ ဓားပြားနှစ်ခုမှာ ပြန်မကွာတော့ဘဲ သံလိုက်ဓာတ်ဆွဲအားလို ပူးကပ်ငြိတွယ်နေသည်။ လင့်ဟူချုံး၏မျက်နှာ သွေးစုပ်ဖြူရော်သွားပြီး အတွင်းအားထည့်ကာ ဓားကိုပြန်ခွာဖို့ ကြိုးစားသည်။ အနည်းငယ်ကွာသွားသည်... သို့သော် ကျန်းဝူကျိဓားက စက်ဝိုင်းသဏ္ဌာန်တစ်ပတ်ဝိုက်သွားကာ လင့်ဟူချုံးဓားသွား၏အခြားမျက်နှာပြင်တစ်ဘက်သို့ ထပ်မံပူးကပ်လိုက်ပြန်သည်။ ဤသို့ဖြင့် ခွာဖို့ကြိုးစားလိုက် ပြန်အကပ်ခံရလိုက်နဲ့ ကြိမ်ဖန်များစွာဖြစ်လာသောအခါ လင့်ဟူချုံးသည် သူ့ဓားက အတွင်းအားစီးကြောင်းတစ်ခုထဲ မျောပါကျရောက်ရနေခြင်းဖြစ်ကြောင်း သတိပြုမိလာသည်။ အဖြေကိုရှာတွေ့သွားပြီးနောက် လင့်ဟူချုံးမျက်နှာပေါ်က စိုးရိမ်ပူပန်မှုများလည်း အတန်အသင့် လျော့ပါးသွားသည်။ အကြောင်းအရင်းကို သိလိုက်ရ၍လား သို့မဟုတ် ဤ slow effect တွေကြားထဲမှ ရုန်းထွက်နိုင်မယ့်နည်းလမ်းကို စဉ်းစားမိလိုက်၍လား မပြောတတ်... သေချာသည်ကတော့ သူ့တွင်လည်း ဝှက်ဖဲတစ်ချပ်က ရှိနေပြီ။
မလှမ်းမကမ်းက စောင့်ကြည့်နေသော ဖုန်းချင်းယန်မှာ တပည့်ဖြစ်သူအတွက် လွန်စွာစိုးထိတ်နေသည်။ ဓားနှစ်လက်ပူးငြိလျက်သား ကျန်းဝူကျိဦးဆောင်ရာနောက်သို့ လင့်ဟူချုံးက အလိုက်သင့်လှုပ်ရှားပေးနေရပြီ။ ဟန်ချက်တစ်ချက် ပျက်လိုက်သည်နှင့် လင့်ဟူချုံးအဖို့ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်သည်။ လက်ရှိအခြေအနေအရ ကျန်းဝူကျိကလည်း ထိုသို့မဖြစ်ဖြစ်အောင် လုပ်မည့်သဘောမှာ ရှိသည်။ ထင်သည့်အတိုင်းပင် ကျန်းဝူကျိက မထင်မှတ်သော ခြေကွက်တစ်ကွက်ကို ကစားလိုက်ပြီး နောက်သို့ရုတ်တရက်ဆုတ်လိုက်ရာ ဓား၏ဆွဲခေါ်ရာအတိုင်း လင့်ဟူချုံးခန္ဓာကိုယ်က ရှေ့သို့ယိုင်ထိုးမတတ် ဖြစ်သွားသည်။ ထိုစက္ကန့်ပိုင်းအတွင်း ဖုန်းချင်းယန်က တပည့်၏အသက်အန္တရာယ်ထက် ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ ခြေစောင့်ကာ လေပေါ်သို့ခုန်တက်သွားသည်။ ဖုန်းချင်းယန်က ဝူကျိအသက်ကို ရန်ရှာဖို့အထိမရည်ရွယ်ဘဲ လက်ကောက်ဝတ်အကြောဖြတ်ကာ တိုက်ခိုက်မှုကို အဆုံးသတ်ရန်ဖြစ်သည်။ လေပေါ်သို့ ၉၀°ခုန်တက်သွားပြီး ဝါးနှစ်ရိုက်အမြင့်ရောက်မှ ၄၅°အောက်သို့ ပြန်ထိုးဆင်းလိုက်ရာ ကောင်းကင်ကကြယ်တစ်စင်း ကြွေဆင်းသည့်အလား ကျန်းဝူကျိထံသို့ ကြောက်မယ်ဖွယ်အရှိန်ဖြင့် ထိုးကျလာသည်။ မျက်တောင်တစ်ခတ်သာကြာလိုက်သော ဤလှုပ်ရှားမှုကို ကျန်းဝူကျိ မျက်လုံးထောင့်တစ်နေရာက မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ လွတ်နေသောလက်ကလည်း အလိုလိုလှုပ်ရှားပြီး ဖြစ်သွားသည်။ ထိုအခါ ဥက္ကာခဲကြွေကျသလို ဓားဖျားဦးစိုက်ဆင်းလာသော ဖုန်းချင်းယန်သည် ရုတ်တရက် အားလှိုင်းတစ်ခု၏နှောက်ယှက်မှုကြောင့် ချောင်းရေထဲက ငါးသေတစ်ကောင်အလား စီးကြောင်းတစ်ခုထဲ တိမ်းချော်မျောပါသွားသည်။
''ချွင်.. ထလန်!!''
ဝူကျိလက်ကို ဦးတည်လာသော ဖုန်းချင်းယန်၏ဓားသည် အနည်းငယ်လမ်းကြောင်းပြောင်းသွားရာ လင့်ဟူချုံးနှင့်ဝူကျိတို့ပူးငြိနေသောဓားနှစ်လက်ကိုပင် သွားရောက်ခုတ်မိပြီး ဓားသုံးလက်စုဆုံသွားတော့သည်။
''ဒီအဘိုးကြီး အသက်ကြီးလို့ မျက်စိမှုန်ရှာပြီထင်တယ် ကျွတ် ကျွတ်..."
ဇရာကြောင့် ဖုန်းချင်းယန် ဓားအချိန်အဆလွဲသွားသည်အထင်နှင့် သိုင်းသမားတစ်ဦးက သနားစဖွယ် စုတ်သပ်လိုက်သေးသည်။ မည်သို့ဆိုစေ ယခင်က လင့်ဟူချုံးတစ်ယောက်တည်း အကြပ်တွေ့နေရာမှ ယခုအခါ ဆရာတပည့်နှစ်ယောက်လုံး ဝူကျိ၏ဓားရွေ့လျားမှုလားရာအတိုင်း လူချင်းတိုက်မတတ် အလိုက်သင့်လှုပ်ရှားနေရလေပြီ။ ၄င်းတို့ဓားနှစ်လက်လုံး ထိုက်ကျိဖိုမအားစီးကြောင်းထဲ မျောပါနေခြင်းပင်။ လင့်ဟူချုံးသည် မထင်မှတ်ဘဲ ထပ်တိုးလာသောပြဿနာကြောင့် သူလျှိုထားသောအကွက်ကို အချိန်မဆိုင်းဘဲ ထုတ်သုံးလိုက်ရတော့သည်။
''ရှီးရှင်းတာ့ဖာ...''
လင့်ဟူချုံး၏လွတ်နေသော လက်တစ်ဖက်က ဆုပ်လိုက်ဖြန့်လိုက်လှုပ်ရှားလိုက်ရာ ဆွဲအားတစ်ခုထွက်ပေါ်လာပြီး ဓားသုံးလက်ပူးငြိနေရာသို့ သက်ရောက်သွားသည်။ ထိုအခါ လင့်ဟူချုံးနှင့်ဖုန်းချင်းယန်တို့၏ဓားများ လွတ်ထွက်သွားပြီး ကျန်းဝူကျိပင်လျှင် နေစကြာအတွင်းအား ၃ပုံ၁ပုံ ထုတ်ကာ တင်းခံထားလိုက်ရသည်။ သို့မဟုတ်လျှင် သူ၏ဓားပါ လင့်ဟူချုံးဆွဲစုပ်ရာနောက်သို့ ပါသွားနိုင်သည်။
တကယ်က လင့်ဟူချုံးသည် ဝူကျိနှင့်နှစ်ယောက်တည်း ဓားချင်းငြိစဉ်ကတည်းက ကြယ်ငင်မိစ္ဆာပညာကို ထုတ်သုံး၍ရသည်။ ဤသိုင်းပညာက ဓားမှတဆင့်လည်း အတွင်းအားစုပ်ယူနိုင်စွမ်း ရှိသည်။ အလောတကြီးအသုံးမပြုခဲ့သည်မှာ ကျန်းဝူကျိက နေစကြာအတွင်းအားပိုင်ရှင် ဖြစ်သောကြောင့်ပင်။ အတွင်းအားစုပ်သိုင်းတို့မည်သည် အပူဓာတ်၊ အအေးဓာတ်၊ အဆိပ်စတဲ့ ထူးခြားသောဝိသေသရှိသည့် အတွင်းအားများကို စုပ်ယူရာတွင် အန္တရာယ်များသည်။ လင့်ဟူချုံး၏ယောက္ခမ ရန့်ဝေါ်ရှင်းသည် ကြယ်ငင်မိစ္ဆာပညာဖြင့် တောင်ငါးလုံးမဟာမိတ်ဂိုဏ်းချုပ်ကျော့လန်ချန်ကို အတွင်းအားစုပ်မိရာမှ အအေးဓာတ်အတွင်းအားဖြင့် counter ခြင်းကို ခံခဲ့ရဖူးသည်။ ရင်ဘက်ရှိ နှလုံးသွေးကြောများအေးခဲပြီး အတွင်းဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ယခု ''ကိုးနဝင်းအပူကျမ်း''လို့ နာမည်ကြီးသည့် ဝူကျိ၏ကျိုယန်နတ်သိုင်းဟာလည်း ကြယ်ငင်မိစ္ဆာပညာဖြင့် ရင်ဆိုင်လို့မကောင်းသော အတွင်းအားအမျိုးအစားပင်။ သို့သော် လင့်ဟူချုံးက ဓားမှတဆင့်အတွင်းအားစုပ်ယူဖို့ ပိုင်နိုင်သော အခွင့်အရေးတစ်ခုရှိသည်ဟု ယုံကြည်ခဲ့သေးသည်။ သူ့အနေနဲ့ နေစကြာ၏အပူဓာတ်ကို အံတုပြီး အချိန်ကြာကြာစုပ်ယူဖို့ မလိုအပ်... တဒဂ်မျှ အချိန်လေးဆိုလျှင်ပင် သူ့အတွက် လုံလောက်ပြီ။ ရည်ရွယ်ချက်က ကျန်းဝူကျိကို အာရုံလွှဲဖို့သာ... ရုတ်တရက် အတွင်းအားစုပ်ခံရပြီး ဝူကျိ ခေတ္တသတိလွတ်သွားသည်နှင့် တိုက်ပွဲက အပြောင်းအလဲကြီးကြီးမားမား ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ဝူကျိ၏ထိုက်ကျိဖိုမဆွဲအားထဲ အလိုက်သင့်စီးမျောရင်း အခွင့်အရေးကို စောင့်မျှော်နေခြင်းသာ။ ဒါကတော့ ပါးရည်နပ်ရည်ရှိတဲ့ လင့်ဟူချုံး၏အခြေအနေအရ တိုက်ပွဲအပေါ်ချဉ်းကပ်ပုံ Battle Strategy ဖြစ်သည်။
သို့သော် သူ ဆင်ကြံကြံထားသမျှက ဆရာဖုန်းချင်းယန်၏အစိုးရိမ်လွန်ကဲမှုနှင့်အတူ တိမ်လိုလေလို လွင့်ပြယ်ခဲ့ရသည်။ ဓားသုံးလက်ပူးသွားချိန်မှ ဓားကတဆင့် အတွင်းအားစုပ်ယူလိုက်လျှင် ဖုန်းချင်းယန်၏အတွင်းအားတွေပါ ရောပါလာမှာဖြစ်သလို လူချင်းပူးလိုက်တိုက်လိုက် နေအထားကြောင့် သူကိုယ်တိုင်ပင် ဟန်ချက်ထိန်းဖို့ မနည်းကြိုးစားနေရသည်။ ထို့ကြောင့် နောက်ဆုံးမှာတော့ လွတ်နေသောလက်ဖြင့်ပင် ကြယ်ငင်မိစ္ဆာပညာကို ထိုက်ကျိဖိုမအားလှိုင်းအတွင်းမှ ဓားတွေရုန်းထွက်ဖို့သာ အသုံးပြုခဲ့ရသည်။
လင့်ဟူချုံး စိတ်ပျက်လက်ပျက် ဖြစ်သွားသော်လည်း လွယ်လွယ်နဲ့လက်မလျော့တတ်သူမို့ ကျန်းဝူကျိထံ နောက်တစ်ကြိမ် ဓားဦးတည်လိုက်သည်။ ဖုန်းချင်းယန်အဖို့ကလည်း သူ၏အားပါတိကျသောဓားတစ်ချက်က ဝူကျိ၏အားပြောင်းအားလွှဲသိုင်းကြောင့် ခုတ်ရာတခြား ရှရာတလွဲဖြစ်သွားခဲ့ရာ သိက္ခာပြန်ဆယ်သည့်အနေဖြင့် ဓားကိုလှုပ်ရှားလိုက်သည်။ ထိုအခါ မရည်ရွယ်ဘဲ လင့်ဟူချုံးနှင့်တပြိုင်တည်းလို ဖြစ်သွားသည်။ မိုးစက်မိုးပေါက်များအလား တရဆက်တိုးဝင်လာသော ဓားနှစ်ချောင်း၏ကနေဦးသိုင်းသုံးကွက်ကို ကျန်းဝူကျိ ခုခံရှောင်တိမ်းလိုက်နိုင်သော်လည်း နောက်ဆက်တွဲ တစ်ပတ်ဝိုက်ပြန်ဝင်လာသော လင့်ဟူချုံး၏ဓားနှောင့်ရိုက်ချက်တစ်ခုက ဝူကျိ၏ညာဘက်ပခုံးကို ကျကျနန ထိမိသွားသည်။ ဝူကျိ စူးခနဲ အောင့်မျက်သွားပြီး ဒဏ်ရာအနည်းငယ်ရသွားသည်။ နေစကြာအတွင်းအား၏တန်ပြန်အားကြောင့် လင့်ဟူချုံးပင်လျှင် လက်မောင်းတလျှောက် ထုံကျဉ်သွားပြီး ဓားလွတ်ကျမတတ်ဖြစ်သွားသည်။ တဒဂ်အကြာ လင့်ဟူချုံး ထပ်မံတိုက်ခိုက်ရန်ပြင်လိုက်ပြီးမှ သတိဝင်ကာ ကိုယ်ရှိန်သတ်လိုက်ရသည်။ နှစ်ယောက်တစ်ယောက်တိုက်ခိုက်ပြီးမှ နိုင်လျှင် ဂုဏ်ယူစရာမရှိဟု တွေးမိသောကြောင့်ပင်။ သူ့ဓားက ဝူကျိ၏ထိုက်ကျိဖိုမဆွဲအားထဲ ကျရောက်ခဲ့သော်လည်း ကြယ်ငင်မိစ္ဆာပညာဖြင့် ပြန်လည်ရုန်းထွက်နိုင်ခဲ့တဲ့အတွက် သူတို့နှစ်ဦး၏ဓားရည်စမ်းပွဲက သရေကျသွားပြီလို့ ပြော၍ရသည်။
By #မာန်
မင်းတရားကြီးကျန်းဝူကျိ နှင့် ကျင်ယုံuniverse
#အပိုင်း(၅)
လင့်ဟူချုံး ဘေးထွက်သွားချိန်မှာ ဖုန်းချင်းယန်ကတော့ သဲကြီးမဲကြီးတိုက်ခိုက်နေဆဲပင်။ ကျန်းဝူကျိ တစ်နေရာတည်း၌ ရပ်တည်ခုခံနိုင်စွမ်းမရှိဘဲ ဆက်တိုက်နောက်ဆုတ်ပေးနေရသည်။ သိုင်းကွက်(၂၀)မပြည့်မီမှာ ခုခံရှောင်တိမ်းရင်း ကျန်းဝူကျိ စင်အောက်သို့ပင် လျှောကျသွားသည်။ ဖုန်းချင်းယန်က ထပ်ကြပ်မကွာ လိုက်လံဖိအားပေးတိုက်ခိုက်သည်။ သိုင်းလောကသားများ ကြောက်လန့်တကြား ဘေးသို့ရှဲသွားကြသည်။
ဝူကျိသည် ဒဏ်ရာမရလျှင်ပင် ဖုန်းချင်းယန်အား ဓားသိုင်းချင်း လက်ရည်တူယှဉ်နိုင်ဖို့ မဖြစ်နိုင်ပေ။ ဓားသိုင်းရှုထောင့်တစ်မျိုးတည်းကကြည့်လျှင် ဖုန်းချင်းယန်က သူ၏ဆရာအဖိုးကျန်းစန်းဖုန်းနှင့်ပင် မတိမ်းမယိမ်းမှာ ရှိသည်။ သို့သော် လေသိုင်းနှင့်ဓားသိုင်းဟူ၍ ဟွာစမ်းဂိုဏ်း ၂ ခြမ်းကွဲရာတွင် ဖုန်းချင်းယန်က ဓားသိုင်းအဖွဲ့မှဖြစ်တာကြောင့် အတွင်းအားပိုင်းမှာတော့ ရှိန်လောက်စရာမရှိပါ။ လက်နက်မဲ့သိုင်းပညာတွင်လည်း အဆင့်မြင့်မြင့်တတ်မြောက်ထားတဲ့ အထောက်အထားမျိုး မတွေ့ရပေ။ ထို့ကြောင့် ဖုန်းချင်းယန်၏လုပ်နိုင်ကိုင်နိုင်စွမ်းအားလုံးက ဓားတစ်ချောင်းပေါ်တွင် များစွာမူတည်နေသည်။ သို့သော် ဓားနှင့်ဖုန်းချင်းယန်ကို ခွဲထုတ်ဖို့ဆိုတာက နတ်ပြည်တက်ရသည်ထက်ပင် ပို၍ခက်ခဲမည့်ပုံ။ ယခုလို ဝူကျိဒဏ်ရာရထားသည့်အချိန်မျိုးတွင် ပို၍ပင် မဖြစ်နိုင်ပေ။ လင့်ဟူချုံးဓားနှောင့်ရိုက်ချက်ကြောင့် ရခဲ့သောအတွင်းဒဏ်ရာမှာ မပြင်းထန်လှပါ... နေစကြာကျမ်း၏ကုသနည်းစနစ် ဖြင့်ဆိုလျှင် ဝင်လေထွက်လေ ၅ ခါမျှအချိန်အတွင်း သက်သာကောင်းမွန်နိုင်၏။ သို့သော် ဖုန်းချင်းယန်ကား ထိုအခွင့်အရေးအား ပေးလိုဟန်မတူ။
ဖုန်းချင်းယန်သည် လင့်ဟူချုံးနှင့်တိုက်ပွဲအတွင်း ဝူကျိ၏ဓားသိုင်းကို ကောင်းစွာအကဲခတ်ခွင့်ရခဲ့သည်။ ဤလူငယ်အသုံးပြုသော ဓားသိုင်းအနှစ်သာရမှာ ပင်လယ်ကမ်းခြေသို့ တလိပ်လိပ်တက်လာသော ရေလှိုင်းလုံးများကဲ့သို့ပင်... ပြိုင်ဘက်မှာ ရေလှိုင်းကို ဓားနဲ့ခုတ်ဖြတ်နေရသကဲ့သို့ အဓိပ္ပါယ်မဲ့အကျိုးနည်းလှပြီး လက်ပန်းကျရုံသာအဖက်တင်သည်။ မိမိတို့နှင့် အနှစ်သာရချင်းကွဲပြားပေမယ့် ဘုံသဘောတရားတူညီသော သိုင်းကွက်မဲ့လှုပ်ရှားမှုကိုလည်း ဖုန်းချင်းယန် သတိပြုမိခဲ့သည်။ သိုင်းကွက်မဲ့ ideology ဆိုတာ ပုံသေတိုက်ခိုက်နည်းစနစ်တွေ မရှိတော့ဘဲ သိုင်းကွက်တွေကို စိတ်ထဲရှိသလို လက်တန်းတီထွင်ကစားနိုင်ခြင်းပင်။ ဓားသမားတစ်ယောက်က ဒီအဆင့်ကိုရောက်သွားတဲ့အခါ ချက်ချင်း ပြိုင်ဘက်ကင်းသွားတာမျိုးမဟုတ်ဘဲ နှစ်တွေကြာလေ စိတ်ထဲရှိသလို လက်တန်းထုတ်သုံးတဲ့သိုင်းကွက်တွေက ပိုပြီးအတွဲအဆက်မိ ဆီလျော်လာလေ ချို့ယွင်းချက်မဲ့လာလေ ပြိုင်ဘက်ကင်းလေ ဖြစ်သည်။ ထို့ကြောင့် သိုင်းကွက်မဲ့အဆင့်တွင် ကျန်းဝူကျိထက် ကျန်းစန်းဖုန်းပိုသာသလို လင့်ဟူချုံးထက်လည်း ဖုန်းချင်းယန်က ပိုသာသည်မှာ အငြင်းပွားဖွယ်မရှိပေ။ ထူးထူးခြားခြားအနေနဲ့ တုကူးချိုပိုက်ဟာ သူကိုယ်တိုင်တီထွင်ထားတဲ့ သိုင်းကွက်မဲ့တုကူးဓားသိုင်းကို အသုံးပြုခဲ့ရာကနေ အသက်(၄၀)ကျော်တဲ့အခါ ဓားလုံးဝမကိုင်တော့ဘဲ ဓားမရှိ/ဓားမဲ့ ideology အဆင့် ဖြစ်လာသည်။ အနီးအနားမှာရှိတဲ့ နွယ်၊ မြက်၊ သစ်ပင် တွေမက ပစ္စည်း၊ ဝတ္ထု၊ ပရိဘောဂ များကိုပင် ဓားတစ်ချောင်းနည်းတူ အစွမ်းသတ္တိရှိအောင်အသုံးပြုနိုင်ပြီး သူ၏သာမန်ထမင်းစားရေသောက် လှုပ်ရှားမှုများကအစ အလိုလို ဖြေကွက်မရှိသော သိုင်းကွက်ဖြစ်နေခြင်းပင်။ ဒါဟာ ပရိသတ်တွေအခေါ် 'နတ်ဘုရားအဆင့်' ဆိုတာပဲဖြစ်သည်။
(အထက်ဖော်ပြပါ အတွေးအခေါ်များမှာ ကျင်ယုံရေးသားသော ကျင်ယုံuniverse ၌သာ အကျုံးဝင်သည်။ အခြားသိုင်းဝတ္ထုဆရာတိုင်း ဒီအယူအဆတွေကို လက်ခံကြတာတော့ မဟုတ်ပါ)
ပစ္စုပ္ပန်သို့ပြန်ဆက်ရလျှင် ဖုန်းချင်းယန်က တုကူးဓား(၉)ကွက်၏ဒုတိယအဆင့် 'ဓားဖျက်ကွက်'ကို အသုံးပြုကာ တိုက်ပွဲကို မြန်မြန်အဆုံးသတ်နိုင်ဖို့ တာဆူနေသည်။ ဝူကျိ၏ထိုက်ကျိဓားသိုင်းကတော့ ညာပခုံးဒဏ်ရာကြောင့် performance အပြည့်မထွက်ပေ။ ထို့ကြောင့် ဓားသိုင်း၏ချို့ယွင်းချက်ကို အားဖြည့်သည့်အနေဖြင့် ကျန်လက်တစ်ဖက်က အရှိတရားကို မရှိတရားအဖြစ်ရှုမြင်နိုင်တဲ့ စကြာဝဠာအားလွှဲသိုင်း၏သတ္တမအဆင့်ဖြင့် ဖုန်းချင်းယန်၏ဓားသွားကို တစိတ်တပိုင်း တောက်ထုတ်ဖို့ကြိုးစားသည်။ ဖုန်းချင်းယန်ကလည်း ဝူကျိလက် ရှေ့တက်လာတိုင်းမှာ တုကူးဓား(၉)ကွက်၏သတ္တမမြောက်ဓားကွက် 'လက်ဝါးဖျက်ကွက်'ကို အလျဉ်းသင့်သလို ပြောင်းလဲအသုံးပြု၏။ မတူကွဲပြားတဲ့ တိုက်စစ်၊ခံစစ်ကစားပုံတွေကြောင့် ဝူကျိဘက်က နိမ့်ကျနေသည့်တိုင် တိုက်ပွဲက အတော်ကလေး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပညာသားပါလှပြီး သိုင်းလောကများမှာ မျက်တောင်ခတ်ရမယ့်အချိန်ကိုပဲ နှမြောတွန့်တိုနေကြသည်။
တစ်ချီတွင် ဖုန်းချင်းယန်၏ဓားချက်ကို အသည်းအသန် ရှောင်လိုက်ရင်း ကျန်းဝူကျိ ဒယိမ်းဒယိုင် ဟန်ချက်ပျက်သွားသည်။ ထိုအနေအထားကို ဖုန်းချင်းယန် အခွင့်ကောင်းယူသွားမည်စိုး၍ ကျန်းဝူကျိကပင် ဟန်ချက်ပျက်အနေအထားမှ ဖုန်းချင်းယန်ထံသို့ အဖြောင့်ဓားတစ်ချက် ဦးအောင်ပစ်သွင်းလိုက်သည်။ ဝူကျိ၏မထင်မှတ်သော တုံ့ပြန်မှုကြောင့် ဖုန်းချင်းယန် ရင်ထဲထိတ်ခနဲ ဖြစ်သွားသည်။ သို့သော် ထိုစက္ကန့်ပိုင်းလေးအတွင်း ခေါင်းထဲတွင် ဖျက်ခနဲ ဝင်းလက်သွားသည်က တောင်ငါးလုံးဓားဖျက်ကွက်တစ်ခု... ရေစီးလိုတိုးဝင်လာသော ကျန်းဝူကျိဓားသွားထိပ်ကို ဓားအိမ်အဝဖြင့်တေ့ခံပေးလိုက်ရာ စီးဆင်းနေသောချောင်းရေကို ဝါးကျည်တောက်ဖြင့် အလိုက်သင့်ဆယ်ခပ်လိုက်သကဲ့သို့ ဝူကျိ၏ဓားသွားသည် ဖုန်းချင်းယန်၏ဓားအိမ်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။ ကျန်းဝူကျိ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ဓားကို ဓားအိမ်ထဲမှ ပြန်ဆွဲထုတ်ရန်ပြင်လိုက်စဉ် ဖုန်းချင်းယန်က ဝူကျိ၏ဓားကိုင်လက်ကို ခုတ်ချလိုက်သဖြင့် မတတ်သာတော့ဘဲ ဓာရိုးကိုလွှတ်ပေးလိုက်ရသည်။ ကျန်းဝူကျိဓားက ဖုန်းချင်းယန်ဓားအိမ်တွင် တပ်လျက်ပါသွားသည်။ ရလဒ်ကား ကျန်းဝူကျိ ဓား ဆုံးရှုံးသွားလေပြီ...
ဖုန်းချင်းယန်က လုံးဝအနားမပေးဘဲ လေပေါ်သို့ခုန်တက်ကာ ခန္ဓာကိုယ်ကို ဂျင်တစ်လုံးကဲ့သို့လှည့်ပတ်ပြီး ဓားကို ကျန်းဝူကျိလည်မျိုသို့ ဝေ့ဝိုက်ဖြတ်ချလိုက်သည်။ အလွန်မြန်ဆန်ပြီး ရှုပ်ထွေးလွန်းသော အနှီဓားကွက်ကို ဖြေဖို့အတွက် ကျန်းဝူကျိတွင် မျက်တောင်တစ်ခတ်သာ စဉ်းစားချိန်ရသည်။ နောက်ဆုံးတော့ ဦးခေါင်းနှင့်လည်မျိုကို ညာဘက် ၁၅°တိမ်းစောင်းလိုက်ရာ ဖုန်းချင်းယန်၏ဓားသွားက လည်ဂုတ်တွင်ဝဲကျနေသော ကျန်းဝူကျိဆံသားတချို့ကို ဖြတ်တောက်သွားသည်။ ဖုန်းချင်းယန်မှာလည်း သူ့ဓားအရှိန်နှင့်သူ ခပ်လှမ်းလှမ်းသို့ရောက်သွားရာ ချက်ချင်းပြန်လည်တိုက်ခိုက်ဖို့ တိုင်ပင် အနည်းငယ်အောက်သွား၏။ ဝူကျိက ဖုန်းချင်းယန် နောက်တစ်ကြိမ် ဓားနဲ့ပူးခုတ်လာတဲ့အထိ မစောင့်တော့ဘဲ အလွန်ပြင်းထန်သော အဝေးရောက်လက်ဝါးတစ်ချက်ကို ရိုက်ထုတ်လိုက်သည်။ ဖုန်းချင်းယန်ကလည်း ဖုန်အလိမ်းလိမ်းထကာ သူ့ထံတိုးဝင်လာသော အတွင်းအားလှိုင်းလုံးကြီးကိုကြည့်ကာ မာန်သွင်းဟစ်ကြွေးလိုက်သည်။
''အတွင်းအား ဖျက်ကွက်!!!''
ကျန်းဝူကျိနှင့်အတွင်းအားချင်း ထိပ်တိုက်ရင်မဆိုင်နိုင်သော်ငြား တုကူးဓားကိုးကွက်မှာက အတွင်းအားကို counter သော ဓားကွက်တစ်ခု ပါရှိပြီးသား။ ဖုန်းချင်းယန်၏ဓားသည် နှီးသွားလို ကွေးညွတ်ယိမ်းခါသွားပြီး ဓားပျော့တစ်ချောင်းအသွင် ချက်ချင်းပြောင်းလဲသွားသည်။ မာကြောပြင်းထန်သော အတွင်းအားကို အမာအမာချင်း တုံ့ပြန်လျှင် ဓားကျိုးသွားမည်မှာ ဧကန်မလွဲပင်။ သို့တိုင် ကျန်းဝူကျိ၏အတွင်းအားရိုက်ချက်က ပြင်းထန်လွန်းပေရာ ဖုန်းချင်းယန် ဆက်တိုက်နောက်ဆုတ်ပေးနေရသည်။ သူ၏လက်ကတော့ စုတ်တံကိုင်ပန်းချီရေးနေသည့်အလား ဓားပျော့က အတွင်းအားလှိုင်းလုံးကြီးကို စက္ကူစဖြဲသလို တစ်စစီ အဆက်မပြတ်ဆွဲခြစ်နေသည်။ ခြေ ၁၁ လှမ်းခန့် ခပ်စိတ်စိတ် နောက်ဆုတ်အပြီးမှာ ဖုန်းချင်းယန်၏ဓားက လုံးဝရပ်တန့်သွားတော့သည်။ ဖုန်းချင်းယန်ဖြိုခွင်းလိုက်သော အားလှိုင်းအပိုင်းအစတချို့က အနီးရှိသိုင်းလောကသားများထံ လွင့်စင်ကာ အလဲလဲအကွဲကွဲဖြစ်ကုန်ကြသည်။
''ဟမ်!!''
ဖုန်းချင်းယန်က သူ့ဓားကိုပြန်ကြည့်ကာ အံ့သြတုန်လှုပ်သွားသည်။ အသွားများပွန်းပဲ့လျက် ဓားတစ်ချောင်းလုံး သုံးမရတော့အောင် လိန်ပိန်ကွေးကောက်နေ၏။ ကျန်းဝူကျိ၏အားလှိုင်းကို အဆုံးတိုင်ဖြိုခွင်းလိုက်နိုင်သော်လည်း အတွင်းအားပွတ်တိုက်မှုဒဏ်ကြောင့် ဓားသည်လည်း အကောင်းအတိုင်းပြန်မဖြစ်တော့ချေ။ ယခင်က ထိုကဲ့သို့ ဖြစ်ဖူးဟန်မတူ။ သမ္ဘာရင့်သိုင်းသမားကြီးပီပီ ဖုန်းချင်းယန်က သိပ်ကြာကြာမှင်သက်မနေဘဲ သုံးမရတော့သည့်ဓားကို ချက်ချင်းပစ်ချကာ ဘယ်လက်ဓားအိမ်ထဲမှ ယခင်ကျန်းဝူကျိဓားကို လျပ်စီးလက်သလို ဆွဲထုတ်လိုက်ပြီး တပြိုင်နက်တည်း ဓားအိမ်အလွတ်ကိုလည်း ကျန်းဝူကျိထံ လျပ်ပြတ်သည့်အလား ပစ်ပေါက်လိုက်သည်။ ထိုကဲ့သို့ တိုက်ကွက်မျိုးကို မမျှော်လင့်ထားသဖြင့် ကျန်းဝူကျိ အနည်းငယ်တော့ ပျာယာခက်သွားသည်။ သို့တိုင် ဝဲဘက်ပခုံးသို့ ဦးတည်လာသော ဓားအိမ်ပျံကို ကိုယ်တခြမ်းစောင်းလျက် ပွတ်ကာသီကာရှောင်တိမ်းလိုက်နိုင်၏။ ခန္ဓာကိုယ်ပြန်အလှည့်တွင် သူနှင့်တစ်ပေအကွာ ဓားထိုးဝင်လာသော ဖုန်းချင်းယန်အား ဘွားခနဲ မြင်လိုက်ရသည်။ အသက်အရွယ်နှင့်မလိုက်အောင် အံ့မခန်းလျင်မြန်လှသော ဖုန်းချင်းယန်ပါပေ။ ဓားသိုင်း၏impact သည် အနီးကပ်မှ ပိုပြီးအသုံးဝင်တာကြောင့် ကျန်းဝူကျိအနားသို့ချဉ်းကပ်နိုင်ရန် ဓားအိမ်ကို ယောင်ပြအနေနဲ့ ပစ်လွှတ်ခဲ့ခြင်းသာ...။ ဓားသွားထိပ်က ရင်ဝနှင့်အလွန်နီးကပ်နေပြီမို့ ကျန်းဝူကျိမျက်လုံးများ ပြာဝေသွားသည်။
'' ဘုန်း''
ပြင်းထန်သော ခြေစောင့်သံနှင့်အတူ ကျန်းဝူကျိခန္ဓာကိုယ်က လေပေါ်သို့မြောက်တက်သွားသည်။ ဖုန်းချင်းယန်ဓားက ကျန်းဝူကျိခါးအောက်ပိုင်းရှိ လုံချည်စအချို့ကိုသာ ထိုးခွဲသွားသည်။ ခံတွင်းဝရောက်ခါနီးသားကောင် ကပ်လွတ်သွားသဖြင့် ဖုန်းချင်ယန် ကြိတ်မနိုင်ခဲမရဖြစ်ကာ လေပေါ်သို့ ချက်ချင်းခုန်တက်လိုက်သွားသည်။ ကျန်းဝူကျိ မည်မျှအတွင်းအားကောင်းစေကာမူ အမြင့်levelတစ်ခုအရောက်တွင် အရှိန်သေပြီး ပြန်ပြုတ်ကျလာမှာကို ဖုန်းချင်းယန် တွက်ဆပြီးသား...။ ထိုအခါ သူခုန်တက်လာတာနဲ့အံကိုက်ဖြစ်ပြီး လေပေါ်မှာတင် ကျန်းဝူကျိအား တိုက်ခိုက်အဆုံးသတ်နိုင်ပေမည်။ ဝေဟင်မှာဖြစ်တာကြောင့် အားယူစရာမရှိသဖြင့် ရှောင်တိမ်းရလည်း ခက်ခဲလိမ့်မည်။ သို့သော် ဆန်းကြယ်သော အရာကား ဖြစ်ပေါ်လာ၏။ ကျန်းဝူကျိသည် ဘာမှမရှိသော ဝေဟင်နေရာလွတ်ကို မြေပြင်တွင်နင်းသကဲ့သို့ အားယူနင်းလျှောက်ကာ နောက်တစ်ဆင့် ထပ်ခုန်တက်သွားသည်။
''Nani...?? What the fu*k!!''
ဖုန်းချင်ယန်က ကိုယ့်မျက်စိကိုယ်မယုံနိုင်စွာ မြန်မာလိုတွေပါ ယောင်ရမ်းရေရွတ်မိသွားသည်။ မြေပြင်နှင့်အထက် ၁၇ ပေအရောက်မှာ ဖုန်းချင်းယန် အရှိန်ကုန်ကာ ပြန်ပြုတ်ကျသွားသည်။ ကျန်းဝူကျိကတော့ ကိုယ်ပျောက်နေသော လှေကားတစ်စင်းပေါ် နင်းလျှောက်သွားသလိုလို တိမ်စိုင်တိမ်ခဲတွေအပေါ် ဟိုမှသည်မှ ခုန်ကုန်းနေသလိုလို တစ်ဆင့်ပြီးတစ်ဆင့် တက်မဆုံးနိုင်တော့ချေ။ ဤရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ယခင်ကတစ်ကြိမ် ကြုံကြိုက်ခဲ့ဖူးသော ရှောင်လင်ခုန်းရှန့်ဆရာတော်က သဘောကျစွာပြုံးလျက် တီးတိုးရေရွတ်လိုက်လေသည်။
''တိမ်..လှေ..ကား..သိုင်း''
အနှီကိုယ်ဖော့ပညာကို ဝူတန်းတွင် ကျန်းစန်းဖုန်းမှလွဲ၍ အခြားသူများမှာ အများဆုံး သုံးလေးဆင့်လောက်သာ တဆက်တည်းခုန်နိုင်ကြသည်။ ယခုမျက်မြင်အရပင် ကျန်းဝူကျိမှာ ခုနစ်ဆင့် ရှစ်ဆင့် မကတော့။ အတွင်းအားကောင်းလေ မြင့်မြင့်နှင့်အကြိမ်ရေများများ တဆက်တည်းခုန်တက်နိုင်လေ ဖြစ်သည်။ အဆင်းတွင်လည်း ဝူကျိက ဣန္ဒြေရရ ဝေဟင်ကိုနင်းလျှောက်ကာ ပြိုင်ပွဲစင်မြင်ထက်သို့ ညင်သာစွာကျလာသည်။ ခုန်တက်သွားတုန်းက ပွဲကြည့်စင်အောက်မှ ဖြစ်သည်။ ဖုန်းချင်းယန်လည်း မျက်နှာမအီမသာဖြင့် စင်မြင့်ထက်သို့ ခုန်တက်လာသည်။ တိုက်ပွဲကို အဆုံးမသတ်နိုင်ခဲ့သည့်အပေါ် မချင့်မရဲဖြစ်နေဟန်တူ၏။ ဆက်လက်တိုက်ခိုက်ဖို့လည်း သူ့တွင် မျက်နှာမရှိတော့ချေ။ ကျန်းဝူကျိက တံတောင်နှစ်ဖက်ကို ပခုံးနှင့်အညီဆန့်တန်းရင်း လက်ဝါးနှစ်ဖက်ကို ရင်ဘက်အမြင့်မှအောက်သို့ ဖြည်းဖြည်းချင်းဖိချလိုက်သည်။ အတွင်းအားဖြင့် ခန္ဓာကိုယ်ရှိသွေးကြောများကို လည်ပတ်စီးဆင်းစေကာ ဒဏ်ရာကုသလိုက်ခြင်းဖြစ်သည်။ ကျန်းဝူကျိ၏မျက်နှာမှာ ချက်ချင်းပင် အရောင်တောက်ကာ ဝင်းလက်လာတော့သည်။
"ဟောင် နိတ်လိယား... (ကောင်းလိုက်တဲ့ အတွင်းအား)''
သိုင်ဆရာကြီးတချို့က ကြိတ်၍ချီးကျူးလိုက်ကြသည်။ လင့်ဟူချုံးရှေ့ထွက်လာပြီး ကျန်းဝူကျိကို သိုင်းလောကထုံးတမ်းအတိုင်း လက်သီးလက်ဝါးဆုပ်ကာ နှုတ်ဆက်လိုက်ရင်း
''ကျန်းဂိုဏ်းချုပ်... ကျုပ်တို့နှစ်ယောက်ဟာ ဓားရေးချင်း သိပ်မကွာလှပါဘူး... ခင်ဗျားရဲ့အတွင်းအားနဲ့ကိုယ်ဖော့ပညာဆိုရင် တကယ့်ကို ရင်သက်ရှုမောပါပဲ... ကျနော်ဖြင့် သိုင်းသမားတစ်ယောက်က ဒီလောက်အမြင့်ကြီး ခုန်ပျံနိုင်လိမ့်မယ်လို့ စိတ်ကူးတောင်မယဉ်ကြည့်ဖူးဘူး''
လင့်ဟူချုံးက သူ့characterအတိုင်း ယောကျားပီသ ပွင့်လင်းစွာ ဝန်ခံချီးကျူးလိုက်ခြင်းပင်။ သို့သော် ကျန်းဝူကျိဆိုတဲ့ငနဲဟာလည်း သိတဲ့အတိုင်း မြှောက်ပေးရင် ဂွေးတက်အောင်ကချင်သူမို့..
''အာ.. ဒီအမြင့်လောက်က စာမဖွဲ့ပါဘူးဗျာ... ကျုပ်တကယ်တက်ချင်ရင် တာဝတိံသာထိပါ ရောက်တယ်"
လင့်ဟူချုံးမှာ ချီးကျူးနေတုန်းတန်းလန်း မျက်ခွက်ကို ဖနောင့်နှင့်ပြေးပေါက်ချင်စိတ် ဖြစ်သွားသည်။ ပွဲကြည့်စင်အောက်မှ သိုင်းလောကသားတချို့ကတော့ အဟုတ်မှတ်ပြီး တစ်ယောက်တစ်ပေါက် ချီးကျူးကုန်ကြသည်။
''ဟောင် လိဟိုက်ယား...''
''ဟောင် ရှစ်လိ!!''
ဤအခြေအနေကို မချိတင်ကဲ ဆွေ့ဆွေ့ခုန်နေသူကတော့ သွမ့်ယွိ... လူအများက အခြားတစ်ယောက်၏ကိုယ့်ဖော့ပညာကို သူ့ရှေ့တွင် ပြိုင်စံရှားကဲ့သို့ချီးကျူးနေတာက သူ့မျက်နှာကို ဖိနပ်ချေးသုတ်ပြီး ရိုက်သွားတာထက် နာသည်။ တကယ်ဆိုလျှင် သူက ကျန်းဝူကျိလောက် အမြင့်ကြီးမခုန်နိုင်သော်ငြား အရှောင်အတိမ်းနှင့်မြေပြင်movement ခြေရွှေ့ကွက်များတွင် လူတိုင်းထက် ခေါင်းတစ်လုံးသာသည်ပဲ မဟုတ်ပါလား...
Happy Birthday... mother Suu Kyi ❤
By #Marn
အပိုင်း(၆)မျှော်...
မင်းတရားကြီးကျန်းဝူကျိ နှင့် ကျင်ယုံuniverse
#အပိုင်း(၆)
သွမ့်ယွိက အားကျမခံ သူ၏ကိုယ်ဖောပညာစွမ်းကို ထုတ်ဖော်ပြသဖို့ ဆုံးဖြတ်လိုက်သည်။ ချက်ချင်းပင် လေအလျင်ကဲ့သို့မြန်သော ဖြူလွှလွှအငွေ့တစ်ခုက ဝူကျိလက်မောင်းဘေး လက်တစ်ကမ်းအကွာမှ ရိပ်ခနဲဖြတ်သွားသည်။ ကျန်းဝူကျိ အမှတ်တမဲ့မို့ လေဟပ်သွားသည်ကိုသာ ခံစားသိလိုက်ပြီး အကောင်အထည်ကိုမူ မမြင်လိုက်ရချေ။ တဖန် သူ့နောက်တွင် တစ်စုံတစ်ယောက်ရောက်နေသလို ဆဌမအာရုံမှခံစားမိလိုက်ရာ ချက်ချင်းနောက်လှည်ကာ ဖမ်းဆုပ်လိုက်သော်လည်း လေကိုသာ ဖမ်းမိလေသည်။ သို့သော် ဒီတစ်ကြိမ်တော့ ရိပ်ခနဲဖြတ်သွားသော သွမ့်ယွိ၏အကျီစကိုမူ မြင်လိုက်ရသဖြင့် မပြောမဆိုဘဲ သူ့အား ပညာပြနေပြီဆိုတာ ဝူကျိ သဘောပေါက်သွားသည်။
သွေးတိုးစမ်းလာသော ရန်သူရှိနေပြီမို့ လေလာရာအရပ်သို့ မျက်နှာမူလိုက်ရာ သူ့ထံနောက်တစ်ကြိမ်တိုးဝင်လာသော သွမ့်ယွိနှင့် ထိပ်တိုက်ရင်ဆိုင်မိသည်။ ဝူကျိက အနီးကပ်မှ လက်သီးတစ်ချက်ပစ်သွင်းလိုက်ရာ သွမ့်ယွိက ခြေကိုလိမ်၍ ခန္ဓာကိုယ်ကို ခြားရဟတ်လိုလှည့်ပတ်ကာ မျက်လှည့်ဆန်ဆန် ရှောင်တိမ်းပြသွားသည်။ လက်သီးချက်လွဲသွားသော်လည်း ကိုယ်တစ်ပတ်ဝိုက် ထပ်မံဝင်လာသော ဝူကျိ၏ဒူးပျံက သွမ့်ယွိမျက်နှာကို ပက်ပင်းတိုးခြိမ်းခြောက်လာပြန်သည်။ ဤမျှလောက်နှင့် သွမ့်ယွိတို့ ရင်မခုန်သေး... ခန္ဓာကိုယ်ကို ၄၅°နောက်လှန်ချလိုက်ရာ ဝူကျိ၏ဝေ့ဝိုက်ဒူးပျံတိုက်ကွက်က သွမ့်ယွိမျက်နှာပေါ်မှ ကပ်ကျော်သွားသည်။ ယခု သွမ့်ယွိလှုပ်ရှားနေပုံမှာ ဝူကျိကို ပန်းတစ်ပွင့်၏အဖူးအငုံသဖွယ် ဗဟိုပြု၍ သူကတော့ ဘေးပတ်ပတ်လည်မှပန်းပွင့်ချပ်များလို အနိမ့်အမြင့်ကာရံ လှည့်ပတ်နေခြင်းတည်း။ ခြေလှမ်းကွက်များဖြင့် ကျော်ခွရှောင်တိမ်းစရာပင်မလိုဘဲ ခြေနှစ်ဖက်စုံပူးလျက်သား ကြမ်းခင်းပေါ်တွင် လျောတိုက်ရွေ့လျားနေသည်။ သွမ့်ယွိ၏အသွင်သဏ္ဌာန်က ပစ်တိုင်းထောင် အရုပ်တစ်ရုပ်နှယ်ပင်... အောက်ပိုင်းကိုမလှုပ်ဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ ဘေးဘယ်ညာ၊ အရှေ့အနောက် degree တိမ်းစောင်းရင်း ဝူကျိ၏တိုက်ကွက်များကို ယိမ်းနွဲ့ရှောင်တိမ်းပြနေသည်။ သိုင်း(၁၀)ကွက်ကျော်သည်အထိ ဝူကျိမှာ သွမ့်ယွိ၏အကျီစကိုပင် ထိအောင်မတိုက်နိုင်သေးပေ။
သိုင်းလောကသားများမှာ လုံးဝပွဲကျကုန်ကြသည်။ အစောပိုင်းက ကျန်းဝူကျိ၏အမြင့်ပျံ skill ကြောင့် အားလုံးပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသလို... ယခုလည်း သွမ့်သခင်လေး၏ဆန်းကြယ်ရေလှိုင်းကိုယ့်ဖော့ပညာကို ရှုစားရပြန်သောအခါ ထပ်မံ၍ အံ့သြမဆုံးဖြစ်ရပြန်သည်။ တစ်တောင်ထက် တစ်တောင်မြင့်နေသော သဘောတရားပေလော...
ဝူကျိသည် random တိုက်ကွက်များဖြင့် ဘယ်လိုမှမထိရောက်ကြောင်း ဆင်ခြင်မိလာ၍ အခြေအနေနှင့်လိုက်လျောညီထွေရှိမည့် ထိပ်သီးသိုင်းတစ်မျိုးကို ထုတ်သုံးရန် တာဆူလိုက်သည်။ ဝူကျိ၏လက်တစ်ဖက်က ရုတ်ချည်း စွန်ကုပ်သဏ္ဌာန် ပြောင်းလဲသွားပြီး သွမ့်ယွိပခုံးတစ်ဖက်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ သွမ့်ယွိမျက်လုံးများ အလွန်ပြူးကျယ်သွားပြီ အသည်းအသန် နောက်ဆုတ်ခုန်ရှောင်လိုက်သည်။
''ဗြီး...''
ပခုံးလွတ်သွားသော်လည်း အကျီလက်မောင်းစများ ဆုတ်ပြဲထွက်သွားသည်။ အသားကိုသာ ထိမိလိုက်လို့ကတော့ သက်သာလိမ့်မည် မဟုတ်။ သိုင်းကွက်အကူးအပြောင်းတွင် သွမ့်ယွိ အငိုက်မိသွားခြင်း ဖြစ်သည်။ ကျန်းဝူကျိရဲ့တိုက်ကွက်က ကောင်းလွန်းနေတာလည်း ပါသည်။ ဤအခိုက်အတန့်ကို ရှောင်လင်ဘုန်းတော်ကြီးများ လွန်စွာသဘောတွေ့သွားကြသည်။ ဝူကျိအသုံးပြုလိုက်သောသိုင်းပညာမှာ ရှောင်လင်ထိပ်သီး နဂါးလက်သည်းသိုင်း မဟုတ်ပေလော။ ဤသိုင်းပညာကို ဝူကျိက သူတို့အားလုံးထက် ပိုကောင်းအောင် အသုံးပြုနိုင်သည်ကိုလည်း ဘုန်းတော်ကြီးများ သိထားကြသည်... တနည်းအားဖြင့် ရှောင်လင်သိုင်းပညာ၏ဂုဏ်သတင်းကို မြှင့်တင်ပေးရာရောက်သည်ဟု ခံယူထားကြဟန်တူ၏။
သွမ့်ယွိ သတိကြီးစွာထားကာ မနားတမ်း ရှောင်တိမ်းနေရသည်... ယခင်လို ခြေအောက်ပိုင်းအငြိမ်ထားကာ ခန္ဓာကိုယ်ကို ပစ်တိုင်းထောင်လို ဘယ်စောင်းညာစောင်းရှောင်ရုံမျှဖြင့် မလုံလောက်တော့... လိုအပ်လျှင် နောက်ပါခုန်ဆုတ်ပေးနေရပြီ။ ကျန်းဝူကျိလက်ချောင်းတွေက ရံဖန်ရံခါ စွန်ကုတ်သဏ္ဌာန်ပြောင်း၍ ခြေလက်အရိုးအဆစ်များကို ဖမ်းကိုင်ထိန်းချုပ်ဖို့ ကြိုးစားသလို တခါတရံမှာလည်း လက်ချောင်းများကို အဖြောင့်ဆန့်တန်းလျက် အရေးကြီးသော အကြောစုံချက်များကို နဂါးတစ်ကောင်အစာသုတ်သည့်နှယ် ကြောက်မက်ဖွယ် ထိုးစိုက်တိုက်ခိုက်တတ်သည်။ သွမ်းယွိမှာ ရှောင်ရင်းပြေးရင်းဖြင့် စင်အောက်သို့ပင် ရောက်လာသည်။ ကျန်းဝူကျိက နောက်ကထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးဖို့ ကြိုးစားသည်။ သိုင်းလောကသားများကလည်း ရုန်းရင်းဆန်ခတ်ရှောင်တိမ်းရင်း battle ground တစ်ခုဖန်တီးပေးလိုက်ရသည်။
သွမ့်ယွိမှာ အသေအကြေတိုက်ခိုက်လိုသော ဆန္ဒမရှိဘဲ သူ၏ကိုယ်ဖော့ပညာကိုသာ ထုတ်ကြွားလိုဟန်တူ၏။ အကယ်၍ သွမ့်ယွိသာ သဏ္ဌာန်မဲ့နတ်ဓားသိုင်း အသုံးပြုပြီး ဝူကျိက ကျိုယန်၊စကြာဝဠာအားလွှဲသိုင်းများဖြင့် ပြန်လည်တုံ့ပြန်လျှင် ရာစုနှစ်၏စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်များ ဖြစ်ပေါ်လာနိုင်သည်။ ယခုတော့ သိုင်းပြိုင်ပွဲဆိုတာထက် စိန်ပြေးတမ်းကစားနေတာနှင့်ပင် ပိုတူနေသေး၏။ ဝူကျိက ကိုယ်တစ်ပိုင်းနှိမ့်လျက် သွမ့်ယွိ၏ဒူးဆစ်၊ခြေချင်းဝတ်များကို တစ်ကွက်ပြီးတစ်ကွက် ဖမ်းကိုင်ထိန်းချုပ်ဖို့ ဆက်တိုက်ကြိုးစားနေသလို သွမ့်ယွိကလည်း ကျားသစ်တစ်ကောင်လို လူးလှိမ့်ရှောင်သွားလိုက်၊ ပျံလွှားတစ်ကောင်လို ခုန်ကျော်သွားလိုက်၊ မြွေတစ်ကောင်လို လျှောတိုက်ထွက်သွားလိုက်ဖြင့် ပညာစွမ်းအမျိုးမျိုးပြကာ ပွတ်ကာသီကာ ရှောင်တိမ်းနေသည်။ ဝူကျိအဖို့ကလည်း သွမ့်ယွိ၏အဝတ်စတချို့ကို နီးနီးစပ်စပ် ဆုပ်ဖြဲနိုင်ရုံကလွဲပြီး အပိုင်ဖမ်းမိဖို့ကျ အဆင့်တစ်ဆင့်လိုနေသေးသလို ခံစားမိသည်။ သိုင်းကွက်(၃၀)ကျော်သောအခါ ''ဆန်းကြယ်ရေလှိုင်းခြေလှမ်းသိုင်း'' ၏အဆုံးစွန်သောအစွမ်းက သွမ့်ယွိကို ကျန်းဝူကျိနှင့်ဝေးရာ ဝါးတစ်ရိုက်အကွာသို့ လွတ်လွတ်ကင်းကင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။ ဝူကျိလည်း မမိမယ့်အတူတူ စိတ်ပျက်စွာ လက်လျော့လိုက်တော့သည်။
''အိုက်ယား.. ကျေးတောသားတွေများ အဝတ်အစားကောင်းတစ်စုံရဲ့တန်ဖိုးကို တကယ် နားမလည်ပါလား ကျွတ် ကျွတ်"
သွမ့်ယွိက ပြဲရာတချို့ကြောင့် အနည်းငယ်ရှိုးပဲ့သွားသော သူ၏ငွေရောင်ပိုးဖဲဝတ်ရုံကို ငုံ့ကြည့်ရင်း စုတ်တသပ်သပ် လုပ်နေတော့သည်။ ထို့နောက် ဝူကျိဘက် လှည့်ကြည့်လိုက်ရင်း
''ဟင်းဟင်း မင်းရဲ့အဖမ်းအချုပ်ပညာက ဘယ်ဆိုးလို့လဲ... ငါ့ကို ချွေးပျံအောင်လုပ်နိုင်တဲ့သူ သိုင်းလောကမှာ သိပ်များများမရှိဘူး အေး ဒါပေမယ့် ငါ့ကိုဖမ်းမိဖို့ဆိုတာတော့...''
သွမ့်ယွိက ဘာမှဆက်မပြောတော့ဘဲ လက်ဆယ်ချောင်းသာ ထောင်ပြလိုက်သည်... ၁၀ နှစ် ဆိုသည့်သဘော...
ကျန်းဝူကျိမှာ တကယ်ပင် ချေပရန် မျက်နှာမရှိ... ကွမ်းမင်တောင်တိုက်ပွဲတွင် ရှောင်လင်ဆရာတော်ကို ပတ်ပြေးခဲ့သမျှ ယခုမှဝဋ်လည်သည်ဟုသာ မှတ်ယူလိုက်တော့သည်။
ထိုအခိုက် သွမ့်ယွိ၏နှာခေါင်းထဲသို့ ပုတ်သိုးသိုးစူးရှရှ အနံ့တစ်ခုတိုးဝင်လာပြီး မူးမေ့လဲမတတ်ဖြစ်သွားသည်။ သွမ့်ယွိက သတိပြန်ချပ်ရင်း ကျန်းဝူကျိကို လက်ညိုးငေါက်ငေါက်ထိုးကာ
''ကျန်းဝူကျိ!! မင်းက မိစ္ဆာဂိုဏ်းခေါင်းဆောင်ပေမယ့် ငါကတော့ လူကောင်းတစ်ယောက်လို့ပဲ မြင်ခဲ့တာ... မင်း အခုလိုမျိုး အောက်တန်းကျလိမ့်မယ်လို့ ငါတကယ် ထင်မထားဘူး... မင်း ငါ့ကို ဘာအဆိပ်ခပ်ခဲ့တာလဲ ပြောစမ်း''
ကျန်းဝူကျိ ကြောင်တွေတွေဖြစ်သွားပြီးမှ သက်ပြင်းချလျက်...
''ကျုပ် ကျန်းဝူကျိ... တစ်သက်တာမှာ အဆိပ်သုံးရိုး ထုံးစံမရှိဘူး..."
သွမ့်ယွိလည်း သေချာပြန်တွေးကြည့်တော့မှ သူက 'ကျူဘ'ဆိုတဲ့အကောင်ကို စားထားတာမို့ အဆိပ်မမိနိုင်ကြောင်း သတိချပ်မိလေသည်။
''ဒါဖြင်.. အနံ့ပြင်းပြင်းတစ်ခုရပြီး ငါ့ခေါင်းက ဘာလို့ ချက်ချင်းကြီး မူးဝေနောက်ကျိလာရတာလဲ''
''ခင်ဗျားအောက်ကိုလည်း ပြန်ငုံကြည့်ဦး!! ကျုပ်တိုက်ခိုက်တာကိုရှောင်ရင်း ဟိုခုန်ဒီခုန်နဲ့ ခင်ဗျားဘာသာ ချီးပုံတက်နင်းမိတာ...''
"ဘာ!!!''
အလန့်တကြား ခြေထောက်ကိုမကြည့်လိုက်မှ ဖိနပ်တွင်ပေကျံနေသော ညိုမည်းမည်း ခွေးချေးတွေကို တွေ့လိုက်ရသည်။ သွမ့်ယွိမှာ ခြေမကိုင်မိလက်မကိုင်မိဖြင့် ခွေးချေးတွေဆေးကြောဖို့ ရေရလိုရငြား သိုင်းလောကသားတွေထံလိုက်၍ အကူအညီတောင်းရတော့သည်။ အရေးကြီးလျှင် သွေးစည်းသည် ဟူသည့် အတိုင်း သိုင်းလောကသားတွေကလည်း ကူညီရိုင်းပင်းတတ်စွာပဲ...
''ဟာ.. ဟေ့လူ နံတယ်ဗျ... အနားကပ်မလာနဲ့!! သွား သွား''
''ဟေ့.. ဟေ့.. ကျုပ်နဲ့ဝေးဝေးနေနော်... ဒီမှာ ဘာရေမှမရှိဘူး"
သွမ့်ယွိခမျာ ရှက်လည်းရှက် ဒေါသကလည်းထွက်ဖြင့် ဆောက်တည်ရာမရ ဖြစ်လာသည်... ''တောက်! ဒီလိုတောင်ထိပ်မှာ ဘယ်ခွေးသတောင်းစားက ချီးလာပါသွားပါလိမ့် ကွာ..." ဒေါသတကြီးဖြင့် အနီးဝန်းကျင်ကို ဝေ့ဝိုက်စူးစမ်းကြည့်ရာ မလှမ်းမကမ်း သစ်ပင်ခြေရင်းတွင် ခွေးမည်းမည်းလုံးလုံးတစ်ကောင်ကို အခန့်သားတွေ့လိုက်ရသည်။ အနှီခွေးမှာ မည်းမည်း၊လုံးလုံး၊ပုပု၊ဖောင်းဖောင်းဖြင့် မျက်နှာမြင်လျှင် သောက်ခွက်ပြေးကန်ချင်စိတ်ပေါက်သော ကြံအင်လက္ခဏာမျိုးရှိသည်။ ခွေးမည်းလုံးကတော့ အေးအေးလူလူ ပေါင်တစ်ချောင်းမြောက်ကာ သူ့ယဥကို သူ့ဘာသာ လျက်နေသည်။ ''သြော် လက်စသတ်တော့ ဒင်းကိုး'' သွမ့်ယွိက သဏ္ဌာန်မဲ့နတ်ဓားသိုင်းဖြင့် ဆုံးမရန်ပြင်လိုက်ပြီးမှ မတန်ဘူးထင်၍ စရိုက်ဆန်ဆန်ပဲ ခဲနဲ့ကောက်ထုတော့သည်။
''ဝှစ်... ဒုတ်"
''အဂိန်း! အဂိန်း!''
ခွေးမည်းလုံးမှာ feelအပြည့်နှင့်လျက်နေတုန်း ခဲနဲ့အထုခံလိုက်သဖြင့် လန့်ဖြန့်ကာ ထအော်တော့သည်။
''သောက်တလွဲ ခွေးဟ... ဂိန် ဂိန် မအော်ဘဲ အဂိန်း အဂိန်း တဲ့'' သွမ့်ယွိက တောင်တောင်အီအီတွေးလိုက်ပြီးမှ ခွေးကို ဟိန်းဟောက် မောင်းထုတ်လိုက်သည်။
''ဟဲ့ ခွေး! ဒီမှာ မဖွယ်မရာတွေ လာလုပ်မနေနဲ့... ကျက်သရေမရှိဘူး.. သွားစမ်း''
ခွေးမည်းလုံးက သွမ့်ယွိမောင်းထုတ်တာကို ဂရုမစိုက်... ဘလိုင်းကြီး ခဲနှင့်အထုခံလိုက်ရသဖြင့် မာန်ဖီကာ ထိုးဟောင်နေတော့သည်။
''အာ့ ကျ ကျ... အာ့ ကျ ကျ"
''ဒီခွေးနဲ့တော့ကွာ! လူတွေသူတွေ နေတဲ့နေရာမှာ ချီးလည်းပါသေးတယ် ငါ့လည်း ပြန်ဟောင်နေသေးတယ်''
''အာ့ ကျ ကျ ကျ ကျ.... ကျ......''
"အံမယ် မသိရင် သူ မဟုတ်သလိုလိုနဲ့! ဒီနေရာမှာ ခွေးဆိုလို မင်းတစ်ကောင်ပဲရှိတာ... မင်း ချီးမပါရင် ဘယ် ခွေးပုလာပါမှာလဲ... ဗြောင်လိမ်ဗြောင်စား ခွေး!!"
သွမ့်ယွိမှာ ကျက်သရေအလီလီတုန်းလှသော ခွေးဟောင်ပုံကြောင့် ဒေါသထွက်လာပြီး နောက်တစ်ကြိမ် ခဲနဲ့ကောက်ထုမိတော့သည်။ ခွေးမည်းလုံးကလည်း ခေသူမဟုတ်... ဒီတစ်ကြိမ်တော့ ဗီဇအတိုင်း အလိမ်အလှည့်ကျွင်းကျင်စွာ ရှောင်တိမ်းလိုက်ရာ ခဲပစ်ချက်က ကပ်လွဲသွားသည်။
''အဂိန်း အဂိန်း''
''အောင်မာ... ငါ့ကို ပမာမခန့်နဲတောင် ထပ်စိန်ခေါ်နေ သေးတယ် again again တဲ့''
သွမ့်ယွိက ချေးပုံနင်းထားသော ဖိနပ်ကို ချက်ချင်းကောက်ချွတ်လိုက်ပြီး
''တွေ့ပြီ... မင်းငါနဲ့ တွေ့ပြီ... အဲဒီဟောင်နိုင်လွန်းတဲ့ ဗြောင်လိမ်ဗြောင်စားပါးစပ်ကြီးကို ချီးပေနေတဲ့ဖိနပ်နဲ့ကို ရိုက်ဦးမယ်''
သွမ့်ယွိရဲ့အရိပ်အကဲကိုကြည့်ကာ ခွေးမည်းလုံးလည်း အခြေအနေမဟန်မှန်းသိ၍ အမြီးတန်းနေအောင် လုံးလုံး လုံးလုံးနဲ့ ပြေးတော့သည်။ သွိမ့်ယွိကလည်း ဖိနပ်ကြီးကိုင်ကာ နောက်မှပြေးလိုက်သွားသည်။ ကျန်းဝူကျိနှင့်သိုင်းလောကသားလူအုပ်ကြီးမှာ ပါးစပ်အဟောင်းသား ကျန်ရစ်ခဲ့လေတော့သည်။
အပိုင်း(၇)မျှော်...
By #မာန်
မင်းတရားကြီးကျန်းဝူကျိ နှင့် ကျင်ယုံuniverse
#အပိုင်း(၇)
သူရိယနေမင်းကြီးသည် ကောင်းကင်နယ်နိမိတ်ကို အာဏာပိုင်စိုးပြီး လောကတခွင် ရောင်ခြည်တစ်ထောင် ဖြန့်ကျက်ထားသည်။ အိမ်မှာမနိုင်တိုင်း မြေပြန့်သိုင်းလောကမှာ လာစွာနေသော မယားကြောက်ကော်ပီကောင်ကို ရှောင်ဖုန်းနှင့်ယန်ကော့တို့ထဲက တစ်ယောက်ယောက်ထွက်ဆုံးမပြီး မီးရေခဲကျွန်းပြန်ပို့ဖို့ အချိန်တန်လေပြီ။ ပြိုင်ပွဲမှာ ဇာတ်ရှိန်အတော်ကလေးမြင့်နေစဉ် အားလုံး၏ရင်ထဲတွင် ရုတ်တရက် ခပ်လေးလေးကြီး ခံစားလိုက်ရသည်။
ဆဌမအာရုံ စေ့ဆော်မှုတစ်ခု...
ခပ်ဝေးဝေးမှ သေမင်းနှင့်တူသော အငွေ့အသက်...
တိတိကျကျဆိုရပါမူ ဓား၏အငွေ့အသက်...။
ရှောင်ဖုန်း၊ ရွှီကျူ၊ ယန်ကော့၊ ကျန်းဝူကျိ၊ လင့်ဟူချုံးနှင့်ဖုန်းချင်းယန်တို့အားလုံး မြောက်အရပ်စူးစူးသို့ တပြိုင်တည်းလို လှည့်ကြည့်မိကြသည်။ စင်ပေါ်ရှိလူများ၏ပုံမှန်မဟုတ်သော အရိပ်အကဲကြောင့် သိုင်းလောကသားများပါ မြောက်ဘက်သို့ လိုက်ကြည့်မိကြသည်။ အများစုက ဘာရယ်ညာရယ် ခံစားမိလို့ဆိုတာထက် စူးစမ်းလိုစိတ်ဖြင့်ကြည့်မိသည်သာ။ မမြင်နိုင်သော အန္တရာယ်အငွေ့အသက်ကို ခံစားသိမြင်နိုင်ခြင်းမှာ ထိပ်သီးနှင့်အထက်သိုင်းသမားများသာ စွမ်းနိုင်သော စိတ်တန်ခိုးပင်တည်း။ ဤကဲ့သို့ ထိပ်သီးသိုင်းသမားများစွာ၏အာရုံကို ဖမ်းစားထားနိုင်သော အရာကား မည်သည့်အရာနည်း... ဂျင်ဂျစ်ခန်၏မွန်ဂိုစစ်တပ်ကြီးပေလော... မဟုတ်ပါ... လူတစ်ယောက် ဓားတစ်လက်သာ ဖြစ်သည်။
စကြာဝဠာခရီးသည်...
လူတစ်ယောက် ဖြည်းဖြည်းနှင့်မှန်မှန် လျှောက်လာနေသည်။ အတော်အလှမ်းဝေးနေသေးသဖြင့် ခပ်ပျပျသာမြင်နိုင်၏။ သို့သော် ကြည့်နေရင်းမှာပင် ထိုသူသည် တမဟုတ်ချင်း ဆတိုးဆတိုး နီးလာသလို ခံစားရသည်။ စကြာဝဠာကြီးကပဲ အမြင်အာရုံကို လှည့်စားနေသည်လား သို့တည်းမဟုတ် အကြင်သူ၏ကိုယ်ဖော့ပညာကပဲ အတိုင်းအဆမဲ့နေသည်လား... အနှီလူသားကတော့ ပုံမှန်အတိုင်း လမ်းလျှောက်လာနေခြင်းသာ...
အနည်းငယ်နီးကပ်လာတော့မှ မုတ်ဆိတ်ကျင်စွယ် ခပ်ရေးရေးဖြင့် ယောကျားအရင့်အမာကြီးတစ်ဦးအသွင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့သည်။ ပင်ကိုယ်ရုပ်ခံမဆိုးလှသော်လည်း လောကဓံ၏အထုအထောင်းကြောင့် အသက်အရွယ်ထက် ပို၍ရင့်ရော်အကျည်းတန်နေသလို ထင်ရသည်။ စိတ်ခံစားချက်ဟူသည် အကြင်သူ၏မျက်နှာပေါ်၌ လုံးဝဥသုံ စိတ်သုဉ်းပျောက်ကွယ်နေကာ ဟန်အမူအရာကင်းမဲ့နေပုံက လူသေကောင်အလား ကြက်သီးထဖွယ် အေးစက်စက်နိုင်လွန်းသည်။ ၄င်းကိုကြည့်ရသည်မှာ စကြာဝဠာပေါင်းများစွာ ဖြတ်ကျော်ခရီးပြင်းနှင်လာရသူလိုလို ငရဲပြည်ကပဲ ခက်ခက်ခဲခဲရုန်းတက်လာရသူလိုလို တကိုယ်လုံး အစုတ်စုတ်အပြတ်ပြတ်ဖြင့် ပင်ပန်းဆင်းရဲကြီးလှသည်။ သူ၏မွှေးညှင်းပေါက်များက ဇီဝကမ္မဖြစ်စဉ်ကို မလွန်ဆန်နိုင်စွာ ချွေးအလိမ်းလိမ်း စီးကျလျက်ရှိသည်... သို့သော်ငြား အသက်ရှူသံကတော့ တရားအားထုတ်နေသော သူတော်စင်ရဟန်းတစ်ပါးနှယ် တည်ငြိမ်လွန်းနေပြန်သည်။ အထူးခြားဆုံးအချက်ကား ထိုသူခြေချလိုက်သည်နှင့် အနီးပတ်ဝန်းကျင်သည် သေခြင်းတရား၏အေးစိမ့်သော အငွေ့အသက်များ လွှမ်းခြုံရစ်စိုင်းသွားခြင်းပင်တည်း။ သေမင်းကို မမြင်ဖူးသူသည် ထိုသူအား သေမင်းဟုကောက်ချက်ချလျှင် လွန်ရာကျမည်မထင်။
မဟူရာရောင်တောက်ပြောင်နေသော ဓားအိမ်နှင့်ရှေးဟောင်းဓားကြီးတစ်လက်ကို ခါးတွင်ချိတ်ဆွဲထားပြီး ဓားရိုးတွင် ပဲကြီးစေ့ခန့်အရွယ် ကျောက်မျက်ရတနာ(၁၀)လုံး စီခြယ်ထားသည်။ တကိုယ်လုံးတွင် အဖိုးတန်တာဟူ၍ ဤဓားတစ်လက်သာ ပါသည်။ သို့သော် ၄င်းဓားလက်ကိုင်မှ ကျောက်မျက်ရတနာများမှာ အတုတွေသာဖြစ်ပြီး အစစ်ကို အရက်နဲ့လဲသောက်လိုက်ပြီဆိုတာတော့ မည်သူမျှမသိကြချေ။
အကြင်သူသည် လူအုပ်ကြီး၏အစပ်နားသို့ ရောက်ရှိလာပြီးနောက် ရှေ့ဆက်မလှမ်းတော့ချေ။ သိုင်းလောကသားအပေါင်းက သူ့အား အထူးအဆန်း သတ္တဝါတစ်ကောင်နှယ် ဝိုင်း၍ကြည့်နေကြသည်။ သူကတော့ ဘယ်သူ့ကိုမှ အဖက်မတန်သလို အရေးပင်မစိုက်ဘဲ ပွဲကြည့်စင်တည့်တည့်ကိုသာ မျက်နှာမူထားသည်။ သူ၏ညာလက်ကတော့ ဖြည်းဖြည်းချင်းလှုပ်ရှားသွားပြီး ရတနာများစီခြယ်ထားသော ဓားရိုးကို ဖမ်းကိုင်လိုက်သည်။
''ဖက်...''
သာမန်မျှသော အသံကလေးဖြစ်ပေမယ့် သိုင်းလောကသားတိုင်း၏ရင်ထဲတွင် မိုးချိန်းသံကဲ့သို့ ခံစားလိုက်ရသည်။ ဓားရိုးပေါ်လက်တင်လိုက်ရုံသာ ရှိသေးသည် ကြောက်မက်ဖွယ် ဓားရိပ်ဓားငွေ့တွေနဲ့ အေးစိမ့်သောသေခြင်းတရား၏အငွေ့အသက်တွေက အရင်ထက် ပိုမိုသိပ်သည်းစွာ လွှမ်းခြုံလာသည်။ သာယာကြည်နူးဖွယ်ကောင်းနေသော နေ့ကောင်းကင်ယံသည် ချက်ချင်းပင် တိမ်မည်းကြီး ဖုံးအုပ်သွားသကဲ့သို့... သိုင်းလောကသားတိုင်း၏သန္တာန်တွင် အမျိုးအမည်မသိသော အားငယ်စိတ်က လွှမ်းမိုးအနိုင်ယူသွားပြီး အကြောက်တရားသည် ကျောရိုးထဲထိတိုင် စိမ့်ဝင်ပျံ့နှံ့လာတော့သည်။ ဤနေရာရှိလူအများစုမှာ သိုင်းပညာအရရော ဂုဏ်ဒြပ်အရပါ တကယ့်နာမည်ကျော်တွေဖြစ်ပြီး ကြောက်သွေးဟူသည် တစ်ယောက်တစ်လေတွင်မှ မပါချေ။ သို့တိုင် သိုင်းလောကသားများကြားထဲ ဤလူထူးဆန်းရောက်လာပုံမှာ သမင်အုပ်ထဲ နတ်ဆိုးတစ်ကောင် ရောက်သွားသလိုပင်...
လူအုပ်ထဲရှိ အချို့သောဓားသိုင်းဂုရုကြီးတွေက အဆိုပါလူထူးဆန်း ဓားကိုင်ထားပုံကို ငေးကြည့်ရင်း အိပ်မက်ကမ္ဘာထဲ ရောက်မှန်းမသိရောက်သွားကြသည်။ ၄င်းတို့၏မျက်လုံးအိမ်ထဲတွင် အနှီလူထူးဆန်းထံမှ ခွဲဖြာထွက်လာသော ကိုယ်ရိပ်ပွားများကို မြင်နေရသည်... ယိမ်းနွဲ့လှုပ်ရှားနေသော ဖြူလွှလွှအငွေ့တွေ့... သိုင်းကစားနေဟန် လူရိပ်တွေ... ဓားကွက်တွေ ဓားကွက်နှင့်မတူသော ဓားကွက်တွေ... real time တွင် စက္ကန့်ပိုင်းလောက်အတွင်း မျက်လုံးသူငယ်အိမ်ထဲမှာတော့ ကိုယ်ရိပ်ပွားပေါင်းများစွာမှ ဓားကွက်ပေါင်းထောင်ချီ ပြဇာတ်ကသလို ဆက်တိုက်မြင်နေရသည်။ ပထမ တစ်ဆင့်၊နှစ်ဆင့်လောက်ကိုသာ ဦးနှောက်ဉာဏ်အကုန်သုံး၍ အပေါ်ယံမျှသဘောပေါက်ကြပြီး ဓားသိုင်းနောက်တစ်ဆင့်တက်သွားသည်နှင့် နားလည်နိုင်စွမ်းပိုနည်းသွားပြီး ကြာလေကြာလေ သာမန်လူသားတို့ လက်လှမ်းမမှီနိုင်သော (Beyond understanding) နယ်ပယ်အပိုင်းအခြားသို့ ဝင်ရောက်သွားလေဖြစ်သည်။ ဒီအရိပ်တွေဟာ ငေးမောကြည့်ရှုနေသူ ဓားသိုင်းဂုရုကြီးတွေရဲ့စိတ်ကူးယဉ်မှု၊ အတွေးလွန်မှု သက်သက်ပေလော သို့တည်းမဟုတ် ဒီအရာတွေဟာ တကယ်ပဲ အနှီလူထူးဆန်းပုဂ္ဂိုလ်၏ဓားဝိညာဉ်တွေပေလော...
သေချာသည်ကတော့ စျာန်ဝင်စားကြည့်ရှုနေသူ၏ဓားသိုင်းအတွေးအခေါ်က မြင့်လေလေ ဒီလူဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာ ကြက်သီးထဖွယ် သိလေလေ ဖြစ်သည်။
''ဆရာကြီးက ဘယ်အရပ်ကများ ကြွလာပြီး... ဘာကိစ္စနဲ့များ ကျနော်တို့သိုင်းပြိုင်ပွဲကို တက်ရောက်ချီးမြင့်ရတာပါလဲ ခင်ဗျ''
ရှေ့ထွက်ပြီး မေးလိုက်သူတစ်ယောက်ကြောင့် အားလုံး အံ့သြသင့်ကုန်ကြသည်။ သိုင်းကွက်မထုတ်ရသေးခင်မှာပင် ဤမျှကြောက်ဖို့ကောင်းနေသောသူကို မျက်နှာချင်းဆိုင်မေးဝံ့သူက မည်သူနည်း။ အခြားမဟုတ်... ဝေရှောင်ပေါင် ဖြစ်သည်။ ဝေရှောင်ပေါင်၏သိုင်းပညာ ဘယ်အဆင့်ထိရှိမှန်း ဘယ်သူမှမသိကြပေမယ့် ထိပ်သီးအဆင့်လွန်သိုင်းသမားတွေတောင် တုတ်တုတ်မျှမလှုပ်ဝံ့ချိန်တွင် ရှေ့ထွက်မေးရဲသူဖြစ်သောကြောင့် အာဂစိတ်တန်ခိုးကြီးသူပင်။
မကြောက်မရွံမေးလာသော ဝေရှောင်ပေါင်ကြောင့် လူထူးဆန်းပုဂ္ဂိုလ်၏မျက်နှာတွင် အရိပ်တစ်ခု ရှပ်ပြေးသွားသည်ကို အားလုံးလိုလို တွေ့လိုက်ကြရသည်။ အကြင်သူ ပြုံးလိုက်သည်လား... ကန္တာရတွင်ပွင့်သော ပန်းကဲ့သို့ ရှားရှားပါးပါးနိုင်လှသော အပြုံး... လူသေကောင်၏အပြုံးနှယ်ပင်။
''ဦးကြီးက ဒီကနေ ပြောမပြနိုင်လောက်အောင်ဝေးတဲ့ အရပ်ဒေသက လာခဲ့တာပဲကွဲ့... ဦး ပြောလည်း မောင်ရင် သိမှာမဟုတ်ပါဘူးလေ''
အကျဉ်းတန်သောမျက်နှာနှင့်မလိုက်ဖက်စွာ ထွက်ကျလာသော စကားသံများက နွေးထွေးလွန်းနေပြန်ရာ သိုင်းလောကသားများ ထခုန်မိမတတ် အံသြသွားကြသည်။ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးထံမှ ခြောက်ကပ်ကပ်အက်ကွဲကွဲဖြင့် အေးတိအေးစက်နိုင်လှသော စကားသံကိုသာ မျှော်လင့်ထားကြခြင်းဖြစ်သည်။ ပြောပုံဆိုပုံနှင့်အသံသွားအသံလာအရ မျိုးရိုးမနိမ့်ကျသော အသိုင်းအဝိုင်းမှဆိုတာ ထင်ရှားသည်။ ဝေရှောင်ပေါင်က လှိုက်လှိုက်လှဲလှဲဖြင့်
''ကျနော်တို့ ဧည့်ဝတ်မကျေသလိုဖြစ်သွားရင် ခွင့်လွှတ်ပါခင်ဗျ... ဦးကြီးကို ဒီမှာသိတဲ့သူ တစ်ယောက်မှရှိဟန်မတူဘူး... နောက်ပြီး အလွန်ဝေးကွာတဲ့အရပ်က လာခဲ့တာဆိုတော့ ကျနော်ထင်တာမမှားရင် ဦးကြီးက တခြား universe ကဖြစ်မယ်... ကျော်ကြားတဲ့ ဘွဲ့အမည့်လေးများ သိခွင့်ရှိမလား''
''ကျုပ်က ယန်ဆယ်စန်း ပဲ"
တုံးတိတိအဖြေစကားကြောင့် အားလုံးမှာ ကြားဖူးသယောင် မကြားဖူးသယောင်ယောင်နဲ့ ယန်ဆယ်စန်း... ယန်ဆယ်စန်း ဟုသာ ရေရွတ်နေမိကြသည်။
''ဦးကြီးရဲ့ လာရင်းအကြောင်းက..."
''ကျုပ်က အလွန်ဝေးတဲ့အရပ်ကနေတောင် ဓားသိုင်းတွေကို အာရုံခံနိုင်စွမ်းရှိတယ်... မကြာသေးခင်က ဒီနေရာမှာ ဓားရည်စမ်းပွဲတစ်ခု ဖြစ်သွားတယ်မလား... စိတ်ဝင်စားဖို့ကောင်းတဲ့ ဆန့်ကျင်ဘက်ဓားသိုင်းနှစ်မျိုးကို ကျုပ်အာရုံခံမိတယ်... ဒါပေမယ့် အရှုံးအနိုင် ပေါ်မသွားဘူး... ဒီဓားသိုင်းတွေကို ကျုပ်ကိုယ်တိုင် မြည်းစမ်းကြည့်ချင်လို့ လာခဲ့တာပဲကွဲ့"
အတတ်သိနေသော ယန်ဆယ်စန်းကြောင့် ဝေရှောင်ပေါင်မှာ ငြင်းရအခက် ဝန်ခံရအခက် ဖြစ်သွားသည်။ စင်မြင့်ပေါ်က တုကူးညီအစ်မ(၃)ဖော်ကတော့ တောင်ကြည့်သလိုလို မြောက်ကြည့်သလိုလိုနဲ့ သူတို့ဓားတွေကို ကိုယ်နဲ့မသိမသာ ကွယ်ဝှက်လိုက်ကြသည်။ ကျန်းဝူကျိကမူ နှဖူးမှချွေးစအချို့ကို လက်ဖြင့်သုတ်လိုက်ပြီး ''ဟူး.. တော်သေးတာပေါ့ ငါ့ဓား အလုခံလိုက်ရလို့... နို့မို့ ငါပါ သူတို့လို ရုပ်ပေါက်နေဦးမယ်"
ဉာဏ်ကြီးရှင် ဝေရှောင်ပေါင်က ဝေ့လည်ကြောင်ပတ်ဖြင့် စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားသည်။
''ဆရာကြီးက ဓားရည်စမ်းဖို့အတွက်နဲ့ ဘာလို့ universe ကျော်ပြီး ဒီအထိတောင်လာရတာလဲဗျ... ဆရာကြီးတို့ အရပ်ဒေသမှာရော ပြိုင်လို့မရဘူးလား''
ထိုအခါ ယန်ဆယ်စန်းက ဟိုးအဝေးတနေရာသို့ ဆွေး မြေ့စွာကြည့်လိုက်ရင်း...
''ကျုပ်နေတဲ့နေရာမှာ ကျုပ်က ပြိုင်ဘက်မရှိတော့ဘူးကွဲ့... တသက်လုံး ပြိုင်ဘက်လို့ထင်လာပြီး စိန်ခေါ်ချင်ခဲ့တဲ့သူတောင် တကယ်တမ်းတွေ့တော့ မိုးကြိုးကို ထန်းလက်နဲ့ကာသလို ကျုပ်ရဲ့ဓားချက်တွေကို အမှားမှားအယွင်းယွင်း ကာကွယ်ခဲ့ရတဲ့အထိပဲ... ဒါပေမယ် ကျုပ် သူ့ကို မသတ်ခဲ့ပါဘူး... အဲဒီအစား....."
ယန်ဆယ်စန်းမှာ စကားကို ဆက်၍မပြောတော့ချေ။
''သြော်.. ဒါဆို ဆရာကြီးက နတ်ဘုရားအဆင့်ပဲ... ကျနော်တို့ရှုမြင်ချက်အရလည်း ဆရာကြီးရဲ့သိုင်းပညာက ပြိုင်ဘက်ကင်းမှုရဲ့တစ်ဘက်ကမ်းကိုတောင် ရောက်နေပါပြီ... ကျနော်တို့ universe မှာ ဆရာကြီးနဲ့အဆင့်တူနိုင်တာဆိုလို့ ရှောင်းယောင်ကျစ်နဲ့ဓားမိစ္ဆာတုကူးချိုပိုက် တို့လောက်ပဲရှိမယ်... ခက်တာက အဲဒီဆရာကြီးတွေ လောလောဆယ် ဒီမှာမရှိသေးဘူး ခင်ဗျ"
(ဓမ္မဗောဓိ/တာမော် ဆရာတော်ဟာ ဘယ်ယူနီဗာ့ရဲ့အပိုင်မှ မဟုတ်ဘဲ ဝူးရှယူနီဗာ့အားလုံးရဲ့ဘုံနတ်ဘုရားအဆင့်လို့ သတ်မှတ်ပါတယ်)
"ဒါဖြင့်.. စင်ပေါ်က မိတ်ဆွေတွေကရော...''
''ဟို.. အဲ အဲဒါကလေ... သူတို့က ကလေးတွေပါ ဆရာကြီးရဲ့... ဆရာကြီးအဆင့်နဲ့ သူတို့ကိုဖက်ပြိုင်လို့ မသင့်တော်ပါဘူး... ဟိုအဖိုးကြီးက လွဲလို့ပေါ့ဗျာ''
စကားဆုံးခါနီးမှာ ဝေရှောင်ပေါင်က ဖုန်းချင်းယန်ဘက်သို့ မျက်စောင်းတထိုးထိုးနဲ့ ပြောလိုက်သည်။
''မင်းပြောတာ ဟို.. ထိပ်ပြောင်ပြောင် မျောက်လိုလိုရုပ်နဲ့ အဖိုးကြီးလား''
''ဒါပေါ့ ဘယ်သူရှိရမှာလဲ... အဲ့အဖိုးကြီးက သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပြီထင်ပြီး ဂူတွေဘာတွေတောင် အောင်းနေတာ''
အဆင်းဘီးတပ်ပေးနေသော ဝေရှောင်ပေါင်ကြောင့် ဖုန်းချင်းယန်ခမျာ မက်ဆီ ဘွတ်တာခံလိုက်ရသော ဒိုင်ကူနည်းပြကြီး ဖာဂူဆန်လို အသားတွေပါ တဆတ်ဆတ်တုန်လာတော့သည်... ''မြေနိုးလေး... ငါ့ကို အရောက်ပို့နေပြီ!!"
ဝေရှောင်ပေါင်ကလည်း ပြိုင်ပွဲအစတွင် သူ့အား လူကြားသူကြားထဲ 'အောမင်းသား'ဟု အရှက်ခွဲထားသော ဖုန်းချင်းယန်ကို အခွင့်ကြုံတုန်း ကောင်းကောင်းဆုံးမနေခြင်းသာ...
"ဓား ထုတ်လိုက်ပါ''
ယန်ဆယ်စန်း၏ယတိပြတ်စကားသံနှင့်အတူ ကျောချမ်းဖွယ် သေမင်း၏အငွေ့အသက်တွေက လေတစ်ချက်ဝှေ့တိုက်သွားသလို ဝန်းကျင်အနှံ့ ဖုန်းလွှမ်းသွားပြန်သည်။ တစ်စုံတစ်ရာ ဆိုးဆိုးရွားရွားမဖြစ်မီ ဝေရှောင်ပေါင်က ယန်ဆယ်စန်းအား ခြေထောက်ဖက်မတတ် အသည်းအသန်တားမြစ်ရတော့သည်။
"နေ နေပါဦး ဆရာကြီးရဲ့... ကျနော်ပြောတာ ဆုံးအောင် နားထောင်ပါဦး... ဒီလူဟာ တချိန်က အနူတောမှာ လူချောဖြစ်ခဲ့ပေမယ့် ခုတော့ အိုမင်းမစွမ်းဖြစ်နေပါပြီ... အသက်ကြီးတော့ စိတ်ကလည်း မမှန်ရှာတော့ဘူး... သူ့ခမျာ တသက်လုံး FA ဘဝနဲ့ဂူအောင်းလာခဲ့ရတော့ သူများစော်ကြည်လို့ မိန်းမအများကြီးရတာကို မနာလိုဘူးလေ... ပြောရရင် သူငယ်ပြန်တာပေါ့ဗျာ"
ဝေရှောင်ပေါင်စကားကြောင့် ဖုန်းချင်းယန်မှာ ဒေါသပဲထွက်ရတော့မလိုလို သူငယ်ပဲပြန်ပြရတော့မလိုလို ဝေခွဲမရ ဆန့်တငင်ငင်ဖြစ်သွားသည်။ ဝေရှောင်ပေါင်က ဖုန်းချင်းယန်အား personal အရ သိပ်မကြည်ပေမယ့် ဉာဏ်အမြော်အမြင်ကြီးသူပီပီ သိုင်းလောကအရေးကိုသာ ရှေးရှုလေသည်။ ယန်ဆယ်စန်းဓားအောက်မှာ ကျရှုံးပြီး ကိုယ့်universe အရှက်ရမည့်အဖြစ်ကို ဝေရှောင်ပေါင် ဘယ်အဖြစ်ခံပါ့မလဲ။ အစောပိုင်းအခြေအနေက ဖုန်းချင်းယန်အား lesson ပါးပါးလေး ပေးလိုက်ခြင်းသာ...
အပိုင်း(၈)မျှော်...
By #မာန်
အပိုင်း(၁) 👇🏻
https://www.facebook.com/groups/wuxiacrazy/permalink/4883537111750369/
Comments
Post a Comment