မင်္ဂလာပါ_ဆရာမ
အစအဆုံးလဲ ဖတ်ပြီးရော ငတစ် မျက်ရည်ပါ ဝဲလာတယ်။
မင်္ဂလာပါ_ဆရာမ
(၁)
၇ တန်းသင်္ချာဆရာမဟာ သိပ်အရိုက်ကြမ်းတယ်တဲ့။အရင်နှစ်တွေက ကျောင်းမှာ ၇ တန်းအောင်ပြီး ၈ တန်းရောက်သွားတဲ့ စီနီယာတွေ
အဆက်ဆက်က အဲ့လိုချည်းပြောသွားကြတာပဲ။သူတို့လို ၆ တန်း
အောင်ပြီး ၇ တန်းတက်ရမယ့်ကောင်တွေအတွက် သတင်းဆိုးပေါ့။
ကောင်မလေးတွေဆို ၇ တန်း ဆက်တက်ရမှာ ကြောက်လွန်းလို့ မျက်နှာလေးတွေ ငယ်နေကြတယ်။ကျောင်းတောင် ဆက်မတက်ချင်
တော့ဘူးလို့ ညည်းတဲ့သူတွေကလည်း ညည်းကြရဲ့။သင်္ချာအားနည်းတဲ့
ခင်ချိုဝင်းဆိုရင် မျက်ရည်လေးတွေတောင် ဝဲလို့...။
၇ တန်း ပထမဆုံး ကျောင်းတက်ရက်မှာ သင်္ချာချိန်ပါတယ်။မုန့်စားဆင်းပြီး ပြန်တက်ရတဲ့အချိန်ပေါ့။သူတို့မှာ မုန့်တောင် ဖြောင့်ဖြောင့်
မစားနိုင်ကြဘူး။အရင်ကလို ခေါင်းလောင်းထိုးမှ အတန်းထဲ ပြန်ပြေး
ဝင်တာမျိုးလည်း မလုပ်နိုင်ကြဘူး။သင်္ချာဆရာမက သူ့အချိန်ဆိုရင်
ငါးမိနစ်လောက်စောရောက်နေတတ်ပြီး သူဝင်ပြီး နောက်မှ အတန်းထဲ ဝင်လာတဲ့လူတွေကို မှတ်သွားတတ်တယ်တဲ့။မှတ်သွားပြီး ဘာလုပ်လဲဆိုရင် သင်္ချာသင်တဲ့အခါ အဲ့မှတ်ထားတဲ့ ကျောင်းသားတွေကို
စာမေးတာပေါ့။White Board မှာလည်း တပုဒ်လုံး ထွက်တွက်ခိုင်းသေးတယ်တဲ့။တတန်းလုံးရှေ့မှာရော၊သင်္ချာဆရာမ ရှေ့မှာပါ
စာထွက်တွက်ရမှာဆိုတော့ တော်ရုံသတ္တိရှိတဲ့လူတွေအတွက်တောင်
ဒူးတုန်စရာမဟုတ်လား။ဒီတော့ သူတို့မှာ သင်္ချာချိန်ဆို ဆယ်မိနစ်
လောက် အလိုတည်းက အိမ်သာတောင် မသွားကြတော့ဘူး။ဆရာမ
မရောက်ခင် အတန်းထဲမှာရှိနေမှ အန္တရာယ်ကင်းမယ် မဟုတ်လား။
-------------------------
( ၂)
သင်္ချာဆရာမဟာ ဆံပင်တွေဖြူနေပြီ။မျက်မှန်ကလည်း အထူကြီးပဲ။
စာတွက်ပြတာရော၊ရှင်းပြတာရော အရမ်းမြန်တယ်။ဆရာမက သူ
ရှင်းပြပြီးရင် ‘ရသလားဟေ့’ လို့ အတန်းကို ပြန်မေးတတ်တယ်။
ကျောင်းသားတွေရဲ့ ‘ရပါတယ်’ဆိုတဲ့ ပြန်ဖြေသံက အားပျော့နေရင်
ဆရာမ မျက်နှာက မာတင်းသွားတာပဲ။ကျောင်းသား တယောက်ချင်းရဲ့
မျက်နှာကို ဖြည်းဖြည်းချင်း လိုက်ကြည့်ပြီး ‘ရသလားဟေ့’ လို့ နောက်
တခါ ထပ်မေးတတ်တယ်။ဒီလိုဆို အတန်းက အထာပေါက်ပြီလေ။
‘ရပါတယ်’ လို့ အသံကုန်အော်ကြရတာပေါ့။
“ရရင် ကိုယ့်ဖာသာတွက်၊ဘောကနေ ကူးမယ်မကြံနဲ့နော်၊
ကူးချတဲ့ကောင် ရှေ့မှာ လာတွက်ရမယ်၊ကဲ...တွက်ကြ”
နောက်ဆုံးတန်းမှာထိုင်တဲ့ ဇေယျာတို့၊မြတ်မိုးတို့ တိုင်ပတ်ကုန်တာပေါ့။
ဒီကောင်တွေက သင်္ချာအခြေခံမကောင်းခဲ့ကြတော့ ဆရာမ တခါလောက် ရှင်းပြရုံနဲ့ ဘယ်ရကြမလဲ၊သူများတွေက ‘ရပါတယ်’ ဆိုလို့
လိုက်ပြီး ‘ရပါတယ်’ အော်လိုက်ရတာ၊အခုလည်း White Board ကနေ မကူးနဲ့၊ကိုယ့်ဖာသာတွက်ဆိုတော့ သေပြီပေါ့။ဟိုဟာရေးသလို၊
ဒီဟာရေးသလိုနဲ့ ရှေ့ခုံကကောင်တွေ ပြီးအောင်စောင့်နေရတယ်။
ဆရာမကလည်း ကြိမ်လုံးတကိုင်ကိုင်နဲ့ တတန်းလုံး စာတွက်နေတာကို
လိုက်ကြည့်နေတယ်။ဒီလိုနဲ့ ဇေယျာတို့ ခုံ ရောက်လာတာပေါ့။အဲ့မှာ
ဆရာမက တွေ့ပြီ။ဒီကောင်တွေ မေးခွန်းပဲကူးပြီး တလုံးမှ ဆက်မတွက်ရသေးဘူး။ဆရာမဟာ ဇေယျာတို့ထိုင်နေတဲ့ ခုံကို ကြိမ်လုံးနဲ့
တဖြန်းဖြန်းရိုက်လိုက်တယ်။တတန်းလုံး စာတွက်နေတာ ရပ်သွားပြီး
နောက်ဆုံးတန်းကို ဝိုင်းကြည့်ကြတယ်။။ဆရာမက ဇေယျာတို့
တခုံလုံးကို မတ်တပ်ရပ်ခိုင်းတယ်။ဇေယျာ၊မြတ်မိုး၊လွင်မင်း၊ကျော်အောင် လေးကောင်လုံး လက်လေးတွေးပိုက်၊မတ်တပ်လေးတွေ ရပ်၊ခေါင်းလေးတွေ ငုံ့ပေါ့။ကြောက်တတ်တဲ့ လွင်မင်းဆို မတ်တပ်ရပ်ရင်း သူ့တကိုယ်လုံး တဆတ်ဆတ်တုန်နေတယ်။
ဆရာမက ဘာလို့မတွက်ထားတာလဲလို့ မေးတယ်။တယောက်မှ ပြန်မဖြေဘူး။ခေါင်းတွေပဲ ငုံ့ထားကြတယ်။ဆရာမက ပိုဒေါသထွက်သွားပြီ။
ခေါင်းတွေ မော့စမ်းလို့ အော်လိုက်တယ်။တတန်းလုံး တိတ်ဆိတ်နေတဲ့
အချိန်မို့ ဆရာမ အသံဟာ စာသင်ခန်းအပြင်ဘက်ထိ ဟိန်းထွက်သွားတယ်။အပ်ကျသံတောင်ကြားရအောင် တိတ်ဆိတ်တယ်ဆိုတာမျိုးပဲ။
အသက်ရှူသံတောင် မကြားကြရဘူး။လွင်မင်း က ခေါင်းငုံ့ထားရင်းက
ကြောက်လွန်းလို့ မျက်ရည်တွေပါ ကျနေပြီ။ဒါပေမယ့် အသံထွက်ပြီး
မငိုရဲဘူး။
အဲ့အချိန် သတ္တိနည်းနည်းရှိတဲ့ ဇေယျာက ‘နားမလည်လို့’ဆိုတဲ့ အကြောင်း အထစ်ထစ်အငေါ့ငေါ့နဲ့ ဆရာမကို ရှင်းပြလိုက်တယ်။
ဆရာမက ‘ခုနကတော့ နင်တို့ပဲ ရပါတယ်လို့ အကျယ်ကြီး အော်ကြတာမဟုတ်လား’ လို့ ပြန်မေးတယ်။ဇေယျာ မျက်နှာ ပြန်ငုံ့သွားတယ်။
‘ထိုင်၊ထိုင် သေချာပြန်လိုက်ကြည့်’ လို့ ဆရာမက ပြောပြီး အတန်းရှေ့
ပြန်လျှောက်သွားတယ်။ဇေယျာတို့ ထိုင်ပြီးတော့ ဆရာမက White
Board မှာ တွက်ထားတဲ့အပုဒ်ကို အကုန်ပြန်ဖျက်ပြီး အစက ပြန်တွက်ပြတယ်။ဇေယျာတို့လေးယောက်နဲ့ တွက်နေရင်း အမေးအဖြေလုပ်တယ်။လွင်မင်း ကို မေးတဲ့အချိန်ဆို လွင်မင်းပြန်ဖြေတော့ ရှိုက်သံလေးတွေပါ ပါတယ်။ပါးပြင်မှာလည်း လောလောလတ်လတ် ကျထားတဲ့ မျက်ရည်စီးကြောင်းက အတိုင်းသား။တတန်းလုံးက လွင်မင်းကိုသနားကြတယ်။ဆရာမ နောက်တခါ ရှင်းပြပြီးတဲ့အခါ ဇေယျာတို့အကုန်လုံး ပုဒ်စာကိုနားလည်သွားပြီး ကိုယ်တိုင်တွက်နိုင်သွားကြတယ်။
ဆရာမလည်း သူတို့ကို ဒီလေ့ကျင့်ခန်းက ကျန်တဲ့ပုစ္ဆာတွေ အိမ်စာတွက်ခဲ့ကြလို့ ပြောပြီး အတန်းထဲက ထွက်သွားတယ်။သင်္ချာဆရာမက တခြားဆရာမတွေလို ‘မင်္ဂလာပါ ကလေးတို့’ လို့ ဘယ်တော့မှ
နှုတ်မဆက်ဘူး။သူတို့ကလည်း ဆရာမကို “မင်္ဂလာပါ ဆရာမ”လို့ နှုတ်မဆက်ချင်ကြပါဘူး။‘ချစ်၊ကြောက်၊ရိုသေ’ ဆိုတဲ့ သုံးခုမှာ သင်္ချာဆရာမကို ကြောက်တာပဲအလေးသာနေကြတယ်။ချစ်လည်းမချစ်ဘူး။ရိုသေတာကတော့ရိုသေကြတယ်ထင်တာပါပဲ။ဒါပေမယ့် သင်္ချာဆရာမလို့ပြောရင်သူတို့ကတော့ ကြောက်လိုက်တာ ဆိုတာပဲ သိတယ်။
ဒီတော့ “မင်္ဂလာပါ”လို့ နှုတ်မဆက်နိုင်ကြတာ သိပ်မဆန်းဘူးပေါ့။
ဆရာမကလည်း ပြောပါတယ်။“မင်္ဂလာရှိလာတဲ့ တရက်ကျမှ
နှုတ်ဆက်ချင် နှုတ်ဆက်ကြပေါ့၊အခုလို ဆူနေ၊ရိုက်နေရရင်တော့
မင်္ဂလာမရှိဘူး၊ငါ့ကို နှုတ်ဆက်စရာလည်းမလိုဘူး” တဲ့။
-----------------------
(၃)
လပတ်စာမေးပွဲမှာ သင်္ချာကလွဲပြီး ကျန်တဲ့ဘာသာတွေအားလုံး အမှတ်ကောင်းကြတယ်။မကောင်းဘဲ ဘယ်နေမလဲ။တခြားဆရာမတွေက သဘောကောင်းတော့ စာမေးပွဲမှာ မေးမယ့် ပုစ္ဆာတွေကို မေးခွန်းသုံးစုံထဲ ထည့်ပေးတာကိုး။ဒါပေမယ့် သင်္ချာကတော့ မေးခွန်းသုံးစုံလည်းမပေးဘူး။မေးခွန်း အစုံသုံးဆယ်လည်းမပေးဘူး။သင်ထားသမျှ အကုန်လုပ်ပဲ။စာမေးပွဲမှာလည်း မေးခွန်းကို နည်းနည်းလေး လှည့်ထားလိုက်သေးတယ်။အတန်းထဲမှာ မြင့်မြတ်မိုး ဆိုတဲ့ ကောင်မလေး တယောက်ပဲ သင်္ချာ အမှတ်ပြည့်ရတယ်။အတန်းထဲက လူ ၇၀ လောက်မှာ
၅၀ လောက်ပဲ သင်္ချာအောင်တယ်။ကျန်တဲ့ ၂၀ က ကျတယ်။
ဇေယျာတို့ လေးယောက်လုံးလည်း ကျတဲ့ အထဲပါတာပေါ့။သင်္ချာဆရာမက သူ့ သင်္ချာ အကျရှိလိမ့်မယ်၊ကျရင်လည်း ပြင်းပြင်းထန်ထန်ဒဏ်ပေးမယ်၊ဒဏ်ပေးမခံချင်ရင်သူ့သင်္ချာကို သေချာတွက်ထားကြလို့ လပတ်စာမေးပွဲ မတိုင်ခင်တည်းက သတိပေးထားပြီးသား။အခုတော့ သတိပေးထားရက်နဲ့ ကျကြပြီ။
Report Card ရတဲ့နေ့က သင်္ချာချိန်မပါဘူး။ရပြီး နောက်တရက်ကျမှ
သင်္ချာချိန်ပါတယ်။အတန်းထဲက မော်နီတာက Report Card တွေ
ပြန်လိုက်သိမ်းတဲ့အချိန် စာရွက်တရွက်နဲ့ စာရင်းလိုက်မှတ်နေတယ်။
ဘာလုပ်နေတာလဲဆိုတော့ သင်္ချာဆရာမက ကျတဲ့လူတွေကို မှတ်ခိုင်း
ထားလို့တဲ့။လာမယ့်သင်္ချာချိန်မှာ ပွဲကြီးပွဲကောင်းတွေ့ရပြီပေါ့။
လွင်မင်းဟာ စာရေးခုံပေါ်မျက်နှာကြီးအပ်ပြီး တအီအီနဲ့ ငိုနေတယ်။
ကျော်အောင်က ဆရာမ မလာခင် ကျောင်းပြေးကြရင် ကောင်းမလား
ဆိုပြီး ဇေယျာနဲ့ မြတ်မိုးကို တိုင်ပင်တယ်။မြတ်မိုးက ‘စောက်ပေါရာ၊
မင်းပါးစပ်ပိတ်ထားစမ်းပါ၊ဒီနေ့ပြေးတော့ရော မနက်ဖြန် ဆရာမနဲ့
တွေ့ရမှာပဲ မဟုတ်ဘူးလား”လို့ ပြောလိုက်တော့ ကျော်အောင် ပါးစပ်
ပိတ်သွားတယ်။‘လာမယ့်ဘေး ပြေးတွေ့’ ဆိုတဲ့ စကားအတိုင်း မကြာခင်လာတော့မယ့် သင်္ချာဆရာမကိုတော့ သူတို့ ပြေးမတွေ့ကြပါဘူး။
အတန်းထဲမှာပဲ ဆရာမ အလာကို ထိုင်စောင့်နေကြတယ်။
ဆရာမက အရင်အတိုင်းပဲ ငါးမိနစ်လောက်အလိုမှာ အတန်းထဲ
ဝင်လာတယ်။တတန်းလုံး တိတ်ဆိတ်နေကြတယ်။ဆရာမက
သူ့ခြင်းတောင်း အစိမ်းလေးကို ဆရာမစားပွဲခုံပေါ်တင်လိုက်ပြီး
‘ကျတဲ့လူတွေ မတ်တပ်ရပ်စမ်း’ လို့ အသံပြတ်နဲ့ ပြောလိုက်တယ်။
ဆရာမဟာ သင်္ချာကျတဲ့လူ တယောက်ချင်းကို အတန်းရှေ့ထွက်ခိုင်းပြီး ဘာလို့ကျတာလဲ လို့ မေးတယ်။ဘယ်ဖြေတတ်ကြမလဲ။နားမလည်လို့ပါ ဆိုရင် ဆရာမ စိတ်ဆိုးသွားမှာကြောက်ရတယ်။သေချာ
မတွက်ထားလို့ပါဆိုရင်လည်း အတီးခံရမှာပဲ။တခြားဖြေစရာလည်း
သူတို့ရှာမတွေ့ကြဘူး။ဒီလိုနဲ့ တယောက်ပြီးတယောက်ကိုသာ မေးသွားတယ်။ဘယ်သူ့ဆီကမှ အဖြေမရဘူး။ဆရာမကလည်း အတော်လေး
ဒေါသထွက်သွားတဲ့ပုံပဲ။ အကုန်လုံးကို လက်ဝါးဖြန့်ခိုင်းပြီး တယောက်ကို ဆယ်ချက်စီ ရိုက်သွားတယ်။ ဒေါသလည်းပါနေတော့ ရိုက်ချက်က
ပြင်းတယ်။
ဇေယျာ့ကို ရိုက်တဲ့အချိန်မှာ လက်သန်းကို မတော်တဆ ရိုက်မိသွားတယ်။ရိုက်တဲ့ ဆရာမက မသိလိုက်ဘူး။အရိုက်ခံလိုက်ရတဲ့ ဇေယျာကတော့ သိတာပေါ့။ဇေယျာ့လက်သန်းဟာ ချက်ချင်းပဲ နီရဲပြီး
ဖောင်းတက်လာတယ်။နောက် သုံးလေးရက်လောက်ထိ လက်သန်းဟာ
အယောင်မကျဘူး။ဇေယျာဟာ ဆေးလည်းမလိမ်းဘူး။ပတ်တီးလည်း
မစည်းဘူး။ယောင်ကိုင်းနေတဲ့ လက်သန်းကို တစိမ့်စိမ့်တော့
ထိုင်ကြည့်တယ်။
ဇေယျာဟာ ဒီလိုအရိုက်ခံရတာကို မမေ့ဘူး။နောက် လပတ်စာမေးပွဲမှာ အရိုက်မခံရအောင် ဇေယျာ အရွဲ့တိုက်ပြီးသင်္ချာကို ပိုကြိုးစားတယ်။ဆရာမက ‘ရသလားဟေ့’လို့မေးတဲ့အခါ တတန်းလုံးက ရပါတယ်လို့
အော်ကြလည်း ဇေယျာက သူနားမလည်သေးရင် ‘မရပါဘူးဆရာမ၊
နောက်တခါလောက် ရှင်းပြပါဦး’လို့ လက်ထောင်ပြီး ခွင့်တောင်းတတ်လာတယ်။ဆရာမကလည်း ထပ်ရှင်းပြတာပဲ။ဇေယျာက သင်္ချာအားနည်းတော့ ဆရာမက ထပ်ခါထပ်ခါရှင်းပြရတယ်။ ဇေယျာကလည်း သူနားမလည်မချင်း မေးတယ်။အသက် ၆၀ နားကပ်နေပြီ
ဖြစ်တဲ့ ဆရာမဟာ ရှင်းပြရင်း ရှင်းပြရင်း မောသံပါလာတယ်။
နောက်ဆုံး ဇေယျာက ‘ရပါပြီဆရာမ၊နားလည်ပါပြီဆရာမ’ လို့
ပြောတဲ့အချိန်မှာ ဆရာမရဲ့ နှုတ်ခမ်းတဝိုက် တံတွေးစက်တွေ သီးနေတာကို ရှေ့ဆုံးမှာထိုင်တဲ့ မြင့်မြတ်မိုးတို့ ခုံတန်းကပဲ တွေ့လိုက်ကြရတယ်။ဇေယျာတို့ကတော့ နောက်ဆုံးတန်းမှာ ထိုင်တာဆိုတော့
အဲ့ဒါကို မတွေ့လိုက်ကြရပါဘူး။ဇေယျာက သူနားလည်သွားပြီဖြစ်တဲ့
ပုစ္ဆာကို မျက်မှောင်ကြီးကုတ်ပြီး ကုန်းတွက်နေတယ်။
ဆရာမဟာသူ့တပည့် စာတွက်နေတာကို ကြည့်ပြီးတဲ့နောက် White Board ဘက်လှည့်ပြီး ပြုံးတယ်။တတန်းလုံးက ဆရာမ ပြုံးတာကို
မမြင်လိုက်ကြရဘူးပေါ့။ဒါပေမယ့် အဖွားကြီးအိုပေါက်စ ဆရာမရဲ့
တဟွတ်ဟွတ် ချောင်းဆိုးသံကိုတော့ တတန်းလုံး ပီပီသသ
ကြားလိုက်ကြရပါတယ်။
---------------------
(၄)
နောက် လပတ်တွေ လပတ်တွေမှာ သူတို့ တတန်းလုံး သင်္ချာမှာ အမှတ်တွေကောင်းလာကြတယ်။ဆရာမက စာမေးပွဲကျရင် ရိုက်တော့ကြောက် လန့်ပြီး ဖိတွက်ကြရင်း သင်္ချာကို နိုင်လာကြတယ်။သင်္ချာတွက်ရတာမကြောက်တော့ဘူး။သင်္ချာအားနည်းတဲ့ ခင်ချိုဝင်းတို့၊
လွင်မင်းတို့တောင် လပတ်တခုမှာ သင်္ချာကို အမှတ်ပြည့်တွေ ဘာတွေ ရသွားကြသေးတယ်။ဒါပေမယ့် သူတို့အမှတ်ပြည့်ရတာက သိပ်တော့မထူးဆန်းပါဘူး။အဲ့လပတ်မှာ သူတို့ တတန်းလုံးနီးပါးသင်္ချာအမှတ်ပြည့်ရကြပါတယ်။အကျလည်း မရှိကြတော့ဘူး။ဆရာမက ပါမယ့်အပုဒ်တွေ ရွေးပေးလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ဆရာမက အရင် လိုပဲ သင်ထားသမျှ အကုန်လုပ်ခိုင်းပြီး မေးခွန်းကိုလည်း နည်းနည်း လှည့်ထားတာပါပဲ။သူတို့ကိုက သင်္ချာကို နိုင်လို့ အမှတ်ပြည့်ရကြတာ။အောင်ကြတာ။ဒီလိုမျိုးက ဒါကျက်၊ဒါဖြေပြီး အမှတ်ပြည့်ရတာထက် အများကြီး ပိုပျော်စရာ ကောင်းတယ် မဟုတ်လား။
နောက်ဆုံးအတန်းတင်စာမေးပွဲကြီး နီးလာတဲ့အခါ သူတို့ဟာ သင်္ချာချိန်ကိုရော၊သင်္ချာဆရာမကိုပါ မကြောက်ကြတော့ပါဘူး။မကြောက်ကြတော့ဘူးဆိုလို့ ရိုင်းရိုင်စိုင်းစိုင်းဆက်ဆံကြတယ်လို့လည်း မထင်ပါနဲ့။
သူတို့ဟာ သင်္ချာချိန်ဆိုရင် မြူးထူးတက်ကြွနေကြပြီ။ ဒါပေမယ့် ဆရာမ ဝင်လာတဲ့အခါမှာရော၊ပြန်ထွက်သွားတဲ့အချိန်မှာပါ
“မင်္ဂလာပါ ဆရာမ” လို့ သူတို့ နှုတ်မဆက်ဖြစ်ကြသေးဘူး။
“အားလုံး မတ်တပ်ရပ်၊ဆရာမကို နှုတ်ဆက်” လို့ တိုင်ပေးရတဲ့
မော်နီတာကလည်း သင်္ချာချိန်ဆို အရင်အတိုင်းပဲ ထိုင်နေတာပဲ။
ဘယ်သူမှ ဆရာမကို နှုတ်ဆက်ဖို့ စိတ်ကူးမရှိကြဘူး။
ဒီလိုနဲ့အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတယ်။သင်ခန်းစာတွေဟာ
နောက်ဆုံးပိုင်းကို ရောက်လာကြပြီ။မကြာခင် အတန်းတင် စာမေးပွဲ
ဖြေကြရတော့မယ်။၇ တန်းမှာ သူတို့ဒူးတုန်အောင် ကြောက်ကြရတဲ့
သင်္ချာချိန်ဆိုတာကိုရော၊အသံကြားရုံနဲ့ တုန်နေအောင် ကြောက်ရတဲ့
သင်္ချာဆရာမကိုပါ သူတို့ ကျော်ဖြတ်နိုင်ကြတော့မယ်။အတန်းဟာ
စာမေးပွဲကြီးဖြေပြီး ကျောင်းပိတ်ရက်ရှည်မှာ အနားယူဖို့ အားခဲနေကြပြီ။သင်္ချာချိန်တွေမှာဆိုရင် သူတို့ဟာ အရင်ကလို ကြောက်ရွံ့နေတာ၊
တုန်လှုပ်နေတာ၊မျက်နှာတွေ ထိုင်းမှိုင်းနေတာမျိုးတွေလည်း မရှိကြတော့ဘူး။ဆရာမ စာရှင်းပြတဲ့အခါ ဆရာမနဲ့ထပ်ကြပ်မကွာ လိုက်အော်နိုင်ကြပြီ။ဆရာမကလည်း သူတို့ကို ဆူစရာ၊ရိုက်စရာမလိုတော့တဲ့အတွက်အရင်လို မောဟိုက်နေတာမျိုး မရှိတော့ဘူး။ဒီလိုနဲ့...ဒီလိုနဲ့...
၇ တန်းနှစ်ရဲ့ နောက်ဆုံး သင်္ချာချိန်ကို ရောက်လာပါတယ်။
“ကဲ...ဒါဆိုရင်တော့ ငါ့ သင်္ချာမှာ သင်စရာကုန်ပြီ၊နောက် ဆယ်ရက်ဆို
စာမေးပွဲကြီး ဖြေရတော့မယ်၊ငါ့ သင်္ချာမှာ မေးစရာရောရှိကြသေးလား၊
မေးစရာရှိရင် တခါတည်းမေးထားနော်၊”
တတန်းလုံးငြိမ်နေကြတယ်။ဆရာမက အားလုံးရဲ့ မျက်နှာကို
လိုက်ကြည့်တယ်။ကလေးတွေရဲ့ မျက်နှာမှာ သင်္ချာနဲ့ပတ်သက်ပြီး
အားရကျေနပ်မှုကိုပဲ မြင်ရတယ်။ဆရာမဟာ သူ့သင်္ချာကို ကလေးတွေ
ကောင်းကောင်းရကြမယ်ဆိုတာ ယုံကြည်ပါတယ်။သူတို့လေးတွေ ကောင်းကောင်းရအောင်လည်း သူ အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီမဟုတ်လား။
“ကဲ...ဒီလိုဆို အားလုံး မေးစရာမရှိတော့ဘူးပေါ့” လို့ပြောရင်း
ဆရာမဟာ သူ့ခြင်းတောင်းလေးကို လက်ကိုင်ကနေ မ,လိုက်တယ်။
ဆရာမ ပြန်ထွက်သွားတော့မယ်။နောက် ဘယ်တော့မှ ဆရာမဟာ
သူတို့ရဲ့ သင်္ချာ ဆရာမအဖြစ် သူတို့ကို သင်တော့မှာ မဟုတ်ဘူး။
၇တန်းမှာ ဆရာမက စာသင်ရင်း ကျန်ခဲ့မယ်။
သူတို့က နောက်အတန်းတွေ ဆက်တက်သွားရမယ်။
ဆရာမဟာ ခြင်းတောင်းလေးကိုဆွဲပြီး အတန်းပြင်ကို ထွက်တယ်။
ဆရာမ အတန်းပြင်ကို မရောက်ခင် ဇေယျာဟာ မတ်တပ်ရပ်တယ်။
အဲ့ဒီနောက်...
------------------
(၅)
“အားလုံးမတ်တပ်ရပ်...” လို့ အတန်းကို အမိန့်ပေးလိုက်တယ်။
ဇေယျာ့အသံကိုကြားတဲ့ဆရာမဟာ လှမ်းလက်စ
ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်တယ်။
ဇေယျာဟာ မော်နီတာ မဟုတ်ဘူး။ဇေယျာ့မှာ အတန်းကို အမိန့်ပေးဖို့
တာဝန်မရှိဘူး။ဒါပေမယ့် တတန်းလုံးဟာ ဇေယျာ ဘာလုပ်တယ်ဆိုတာ
သဘောပေါက်လိုက်ကြပြီ။သူတို့အကုန်လုံး မတ်တပ်ထရပ်လိုက်ကြတယ်။ပြီးတော့ အတန်းရှေ့မှာ မတ်တပ်ရပ်နေတဲ့ ဆရာမဆီကို
မျက်နှာမူပြီး လက်အုပ်လေးတွေ ချီထားလိုက်ကြတယ်။
“ ဆရာမကို....နှုတ်ဆက်...”
နောက်ဆုံးနားလေးမှာ ဇေယျာ့အသံဟာ တုန်ခါသွားတယ်။
ဇေယျာဟာ သတ္တိရှိတဲ့လူဖြစ်တယ်။စိတ်မာတယ်။ဒါပေမယ့်
အခု ဇေယျာ့ အသံဟာ တုန်ခါနေတယ်။သူကြောက်လို့ မဟုတ်ဘူး။
ဒါဆို သူဘာဖြစ်နေသလဲ။
“မင်္ဂလာပါ ဆရာမ၊ပဉ္စဂုဏံ အဟံဝန္ဒာမိ၊
အာစရိယဂုဏံ၊အဟံဝနဒှာမိ ပါဆရာမ။ ”
သူတို့အသံတွေဟာ တုန်နေကြတယ်။
သူတို့ဟာ ဆရာမကို နှစ်စတည်းကနေစပြီး
ကျောင်းတက်တဲ့ တနှစ်လုံး နှုတ်မဆက်ခဲ့ကြဖူးဘူး။
သူတို့ အသံတွေ တုန်နေကြတယ်။
သူတို့ ဆရာမကို ကြောက်လို့ မဟုတ်ဘူး။
ဒါဆို သူတို့ဘာဖြစ်နေကြသလဲ။
ဘာလို့ အသံတွေ တုန်နေကြသလဲ။
ဆရာမကပြောဖူးတယ်။မင်္ဂလာရှိတဲ့အချိန်ကျမှ
မင်္ဂလာပါလို့ နှုတ်ဆက်ပါတဲ့။အခုက ဆရာမပြောတဲ့
မင်္ဂလာရှိတဲ့အချိန်ဟုတ်ရဲ့လား။ဆရာမက သူတို့
နှုတ်ဆက်တာကို လက်ခံပါ့မလား။
ပြန်တုံ့ပြန် နှုတ်ဆက်ပါ့မလား။
သူတို့လေးတွေရဲ့ မျက်ဝန်းမှာ မငိုပါဘဲနဲ့
မျက်ရည်တွေ ဝဲနေကြတယ်။
ဆရာမကို မျှော်လင့်ချက်မျက်ဝန်းတွေနဲ့
ငေးစိုက်ကြည့်နေမိကြတယ်။
သူတို့မျက်ဝန်းလေးတွေဟာ အရောင်တွေ လဲ့လို့...။
ဆရာမဟာ အတန်းဘက်ကို ချာခနဲလှည့်တယ်။
တနှစ်ပတ်လုံး စာသင်ခန်းထဲမှာ တခါပဲလုပ်ခဲ့ဖူးတဲ့
အပြုအမူတခုကို ဆရာမက လုပ်လိုက်တယ်။
ဆရာမ ပြုံးလိုက်တာပဲ။ဒီတခါတော့အတန်းက မမြင်အောင် White Board ဘက်လှည့်ပြီးကြိတ်ပြုံးတာမဟုတ်တော့ဘူး။တတန်းလုံး
မြင်အောင် ဆရာမက ပြုံးပြလိုက်တာ။
ကလေးတွေဟာ တခါမှ မမြင်ခဲ့ဖူးတဲ့ ဆရာမရဲ့ အပြုံးကို
ကြည့်မဝအောင်ဖြစ်နေကြတယ်။ခင်ချိုဝင်းဟာ လက်အုပ်လေး
ချီထားရင်းကနေ ‘အိ’ခနဲ ငိုချလိုက်တယ်။ဖွင့်ထားတဲ့ သင်္ချာ
လေ့ကျင့်ခန်းစာအုပ်ပေါ်ကို မျက်ရည်တစက်ကျသွားတယ်။
မင်စိုနဲ့ရေးထားတာမို့ သင်္ချာစာလုံးတချို့ မျက်ရည်နဲ့ထိပြီး
မင်တွေပျက်ကုန်တယ်။ဒါပေမယ့် တခါက သင်္ချာအားနည်းခဲ့တဲ့
ခင်ချိုဝင်းဟာ ပုစ္ဆာ မင်ပျက်သွားလည်း မကြောက်တော့ဘူး။
ဆရာမသင်ပေးထားလို့ သင်္ချာကို ကောင်းကောင်းရနေပြီ။
ခင်ချိုဝင်းဟာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျတဲ့အထိ
အားပါးတရငိုချလိုက်တယ်။သင်္ချာလေ့ကျင့်ခန်းစာအုပ်လေးဟာ
မင်တွေ ပျက်ယွင်းကုန်တယ်။ခင်ချိုဝင်း ဘာလို့ ငိုရသလဲ။
သူစာမရလို့လား။ဝမ်းနည်းလို့လား။ခင်ချိုဝင်း မသိဘူး။
“မင်္ဂလာပါ ကလေးတို့”
ဆရာမဟာ ပြုံးပြီး နှုတ်ဆက်တယ်။
ဆရာမဆီက တခါမှ မကြားဖူးတဲ့ မင်္ဂလာပါဆိုတဲ့ အသံကို
သူတို့ကြားလိုက်ရတယ်။ခုနက မငိုတဲ့လူတချို့တောင်
ဆရာမအသံကြားပြီး ငိုကြတယ်။
သူတို့ ဘာလို့ ငိုရသလဲ။
သူတို့ စာမရလို့လား။
သူတို့ ဝမ်းနည်းလို့လား။
သူတို့ ဝမ်းသာလို့လား။
သူတို့ သေချာ မသိဘူး။
အားလုံးနီးပါး ငိုနေကြတဲ့ အချိန်မှာ ဇေယျာဟာ
မျက်ရည်တွေဝဲနေပေမယ့် အံကိုတင်းတင်းကြိတ်ပြီး
ဆရာမ ရိုက်လို့ ယောင်ကိုင်းခဲ့ဖူးတဲ့ လက်သန်းလေးကို
ငေးစိုက်ကြည့်နေခဲ့တယ်။သူ့ခေါင်းထဲမှာ
“မင်္ဂလာပါ ကလေးတို့” ဆိုတဲ့ ဆရာမရဲ့
အသံဟာ ပဲ့တင်ထပ်နေပါတော့တယ်။ ။
ကျနော့်ဘဝတလျှောက် ပညာသင်ကြားပေးခဲ့ကြပါသော
သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ အားလုံးကို ရှိခိုးကန်တော့ပါ၏။
(#ကြိုက်လွန်းသောကြောင့်လည်းကောင်း ၊
ပညာရေးနယ်ပယ်
မှာလဲ အလွန်အကျိုးများမည့် စာသားတွေ ဖြစ်သောကြောင့် လည်းကောင်း ပြန်လည်ကူးယူ ဖော်ပြခြင်း
ဖြစ်ပါသည်။ ရသမြောက်ပါတယ်❤️
မူလ ရေးသူအား
လေးစားစွာဖြင့် Credit # ပေးပါသည်။)
ပြန်လည်မျှဝေပါသည်
Photo Crd#
Comments
Post a Comment