၆ တန်းတုန်းကဖြစ်ရပ်ပါ
၆ တန်းတုန်းကဖြစ်ရပ်ပါ၊ လွန်ခဲ့တဲ့ အနှစ် ၂၀တုန်းကပေါ့။
အလက(_)မှာ ၆ တန်း၊ ပထဝီနဲ့သမိုင်းကို ဆရာမတစ်ယောက်တည်းကပဲသင်တယ်၊ ကျက်စာတွေဖြစ်တဲ့အလျောက် မကြာခဏစာမေးတတ်တယ်။
ကိုယ်က စာတော်တဲ့ကျောင်းသားဆိုတော့ ဘယ်လိုမေးမေးအမြဲရတယ်၊ စာမရတဲ့ကျောင်းသား၊ကျောင်းသူတွေကိုတော့ ဆရာမက ခုံပေါ်မတ်တပ်ရပ်ခိုင်းထားပြီး စာသင်ချိန်ကုန်ခါနီးရင် လက်ဝါးကို သုံးချက်စီရိုက်ပြီးဆုံးမတယ်။
တစ်နေ့တော့ ကိုယ့်ဘေးကသူငယ်ချင်းကို ဆရာမက ဗိုလ်ရူးတာလား၊ အင်္ဂလိပ်ဆရာမကိုအားကျတာလားမသိတဲ့အထာနဲ့ ပြောချတာ "Standard on the bench" တဲ့၊ Stand on the bench ကို tongue slip နဲ့မှားပြောပုံရပါတယ်။
ကိုယ်ကလည်း ILBC မှာနွေရာသီတက်လာတဲ့လူဆိုတော့ ရယ်မိရော၊ ဆရာမကလည်း ကိုယ့်ကိုမျက်ထောင့်နီကြီးနဲ့ကြည့်တယ်၊ ရိုက်လည်းမရိုက်သလို ဆူလည်းမဆူပါဘူး။
ဒါပေမယ့် ကိုယ်မသိလိုက်တာက ကိုယ့်ကိုအသားကုန်ငြိုးသွားပြီဆိုတာပါပဲ။
စာအမြဲရ၊မြေပုံတွေလည်းသေချာဆွဲတတ်တဲ့ကိုယ့်ကို တော်တော်နဲ့ အပြစ်ရှာမရပါဘူး၊ အပေါ်ကကိစ္စဖြစ်အပြီး တစ်လခွဲလောက်အကြာမှာတော့ ကြမ္မာငင်ပါတော့တယ်။
မိုးတွေလည်းရွာ၊မီးတွေလည်းပျက်နေတဲ့တစ်ရက် နေ့လယ် ၂ နာရီဝန်းကျင်ပါ၊ကျောင်းခန်းထဲတောင်အတော်မှောင် နေပါတယ်၊ အတန်းရှေ့ဆုံးမှာထိုင်တဲ့ကိုယ့်သူငယ်ချင်းက ကိုယ်ထိုင်တဲ့အနောက်ဘက်နားအထိ ပုခုံးပုတ်ပြီးလာခေါ်တယ်၊ မင်းကိုဆရာမခေါ်နေတယ်တဲ့။
ကိုယ်လည်း ဘာကိစ္စမှန်းမသိပေမယ့် စာလည်းရ ဘာအပြစ်မှလည်းမလုပ်ထားလို့ အေးဆေးပဲလိုက်သွားပါတယ်၊ ဆရာမ စားပွဲနားရောက်တော့ "မင်းဘာလို့ စာသင်ချိန်မှာစကားပြောနေတာလဲ" တဲ့၊ ခုနကလာခေါ်တဲ့သူငယ်ချင်းကိုလက်ညှိုးထိုးပြပြီး "ငါသူ့ကို စကားပြောတဲ့လူတွေကိုနာမည်မှတ်ခိုင်းထားတာ"တဲ့။
မိုးသံ၊လေသံကြားမှာ နာမည်မှတ်ခိုင်းထားတာကိုမသိလိုက်ရိုးအမှန်ပါပဲ၊ သိရင်တော့ ဘယ်ပြောမလဲ။
ဆရာမ။ အတန်းထဲမှာစကားပြောတာအပြစ်ရှိလား
ကျွန်တော်။ ရှိပါတယ်
ချည်ပြီးတုပ်ပြီးမှတွယ်ဖို့လုပ်တာပါ။
ဆရာမ။ စတိတ်ပေါ်တက်
အဲ့ဒီအချိန်အထိ လာလတ္တံ့သောဒုက္ခကိုအရမ်းကြီးတယ်မထင်သေးပါဘူး။ စတိတ်စင်ပေါ်တက်ခိုင်းကတည်းက လက်ကိုရိုက်မှာမဟုတ်မှန်းသိပေမယ့် ကြိမ်လုံးနဲ့ဖုန်ခါရုံတစ်ချက်၊နှစ်ချက်ပဲထင်တာကိုး။
စတိတ်ပေါ်ရောက်ပြီး စက္ကန့်ပိုင်းအကြာမှာ ဆရာမကလည်း စတိတ်ပေါ်လိုက်တက်လာပါတယ်၊ သူပြောတဲ့စကားမှာကြေကွဲ "ဖင်ချွတ်" တဲ့။
မှတ်မိသလောက်အဲ့ဒီစာသင်နှစ်မှာ စာမေးပွဲကိုရှစ်မှတ်နဲ့ကျတဲ့ ချဲဒိုင်သမီးကောင်မလေးကို ဖင်ချွတ်ရိုက်တာ၊တခြားစာမေးပွဲဆိုးဆိုးရွားရွားကျတဲ့ ကျောင်းသားသုံးယောက်ကို ဖင်ချွတ်ရိုက်တာအပြင်မရှိခဲ့ဘူးကိုး၊ စကားပြောလို့ဖင်ချွတ်ရိုက်တဲ့ကိစ္စတွေက မူလတန်းမှာကျန်ခဲ့ပြီမှတ်နေတာကိုး။
ကိုယ်လည်း "ဆရာမကလည်း" ဆိုပြီးမျက်နှာချိုသွေးကြည့်ပါသေးတယ်။
သူက "ယောက်ျားဆိုတာလုပ်ရဲရင်ခံရဲရတယ်၊ငါကိုယ်တိုင်ချွတ်ရမလား" တဲ့။
အသနားခံလို့မရတော့တာကို သဘောပေါက်ပြီးတဲ့အခါမှာတော့ မျက်ရည်စက်လက်နဲ့ ပုဆိုးခါးပုံစကိုဖြေချပါတယ်၊ သူငယ်တန်းတုန်းကအိမ်စာမလုပ်လို့အရိုက်ခံရဖူးပေမယ့် ၆ တန်းဆိုတော့ပိုရှက်တတ်လို့ပါ၊ ပုဆိုးကွင်းလုံးပုံပြီးတဲ့နောက်မှာ အိမ်နေရင်းချည်သားဘောင်းဘီလေးကိုဆက်ချွတ်ပါတယ်၊ စာမေးပွဲကျလို့အရိုက်ခံရဖူးတဲ့သူငယ်ချင်းတွေတုန်းကလှောင်ရယ်ရင်း ကြည့်ဖူးထားတော့ exposure ဘယ်လိုလုပ်ရသလဲသိပါတယ်။
"အင်္ကျီမပြီးလက်ပိုက်ထား" တဲ့၊ ဖင်ပေါ်ဖုံးနေတဲ့အင်္ကျီကိုမအပြီးမှာ ရွှမ်းခနဲ ဖင်ပေါ် ပထမဆုံးအချက်ကျလာပါတယ်၊ အရမ်းနာလို့ ကိုယ့်ကိုရိုက်တဲ့လက်နက်ကို လှမ်းကြည့်လိုက်တော့ ဝါးခြမ်းပြားကြီး ဟ၊ ရန်ဖြစ်တဲ့အတန်းဖော်တွေကို အတန်းပိုင်ဆရာမကရိုက်ဖူးတဲ့ဟာကြီးကို စကားပြောမိရုံနဲ့ အရိုက်ခံရလို့ ပိုရင်နာမိနေတုန်း ဒုတိယအချက်၊ ရင်ရော ဖင်ရော $ ကျိုးနည်းနာလိုက်တဲ့ဖြစ်ခြင်း၊ မျက်ရည်တွေကဖောခြင်းသောခြင်းပဲ၊ လက်ဝါးပေါ် တစ်ချက်၊နှစ်ချက်ရိုက်ခံရရင်တောင် နာတတ်တဲ့လူကို ဝါးခြမ်းပြားနဲ့တွယ်နေတာကိုး၊ မှတ်မှတ်ရရ အဲ့ဒီနေ့က ငါးချက်တိတိပါ။
နောက်နေ့ အဲ့ဒီဆရာမက ရှစ်တန်းကကိုယ့်အဒေါ်ဆရာမကိုသွားထောင်ပါသေးတယ်။
အဒေါ်ကအတန်းထဲလာပြီး "သား၊နင်အတန်းထဲမှာ ဖင်ချွတ်တဲ့အထဲပါတယ်ဆို၊ ငါ့မျက်နှာထောက်ပြီးလိမ်လိမ်မာမာနေစမ်း" တဲ့။
သတိမရချင်တဲ့ဖြစ်ရပ်ကို အတန်းထဲလာပြီး ထပ်ဆင့်လွှင့်ပေးတဲ့ အဒေါ်ကိုကျေးဇူးတင်လို့မဆုံး၊ အဲ့ဒီခေတ်က ကျောင်းမှာ ဖင်ချွတ်ရိုက်တဲ့ပြစ်ဒဏ်ဆိုတာ အညံ့ဆုံး၊အဆိုးဆုံးကျောင်းသားတွေပဲရတဲ့ပြစ်ဒဏ်ကိုး။
ဟိုဆရာမကတော့ အဒေါ်ကို ဘာကြောင့်ရိုက်ရတယ်ဆိုတာ သေချာပြောပြမယ်မထင်၊ သူ့ကိုလှောင်ခဲ့လို့ အငြိုးနဲ့ရိုက်တယ်ဆိုတာ မပြောပြမှာတော့ သေချာပါတယ်။
Comments
Post a Comment