အိမ်စာ
အိမ်စာ
++++++++
အချိန်ကား ၁၉၉၅ နှင့် ၂၀၀၀ ကြား။
အိမ်ကပြည့်စုံတဲ့လူတွေဆိုပေမယ့် TTC လည်းမထား၊ ဒဂုံ-၁ လည်းမထား ကျောင်းကောင်းကိုအတန်းကြီးမှပြောင်းပေမယ်ဆိုပြီး အိမ်နားကမူလတန်းကျောင်းမှာပဲကိုယ့်ကို သူငယ်တန်းတက်ခိုင်းတယ်။
အမေရော အဖေရောကစီးပွားရေးလုပ်ကြလို့ ကကြီး၊ခခွေးနဲ့ ABCD ကိုဆရာမခပ်ငယ်ငယ်တစ်ယောက် အိမ်ခေါ်သင်ပေထားလို့ သူငယ်တန်းမတက်ခင်ကတည်းကအကုန်ကျွမ်းတာပေါ့၊ ဆရာမကရိုက်လည်းမရိုက်၊ဆူလည်းမဆူ၊ မုန့်တွေကျွေး၊ထမင်းခွံ့ရင်းစာသင်ပေးတော့ ဆရာမဆိုတာကြောက်ရကောင်းမှန်းတောင်မသိခဲ့ပါဘူး၊မိဘကလည်း တစ်ဦးတည်းသောသားမို့ လက်ဖျားနဲ့တောင်မတို့ခဲ့ကြပါဘူး။
သူငယ်တန်းမတက်ခင် အမေကတော့ မှာရှာတယ်၊ ဆရာမစကားနားထောင်၊လိမ်လိမ်မာမာနေ၊ကျောင်းကဆရာမက အိမ်ကဆရာမလိုဟုတ်ချင်မှဟုတ်မှာ၊မလိမ္မာရင် ရိုက်ရင်ရိုက်မှာတဲ့၊ အမေကတော့ ကျောင်းအပ်ကတည်းက အတန်းပိုင်(တစ်ဦးတည်းအကုန်သင်)ကိုပါတိတ်တစ်ထည်လက်ဆောင်ပေးထားသတဲ့လေ။
သူငယ်တန်းစတက်ပါပြီ။
အိမ်နားက block တစ်ခုတည်းဆိုတော့ လမ်းလျှောက်ရင်ငါးမိနစ်၊ကားနဲ့ဆိုတစ်မိနစ်ပါပဲ၊ ပထမရက်မှာတော့ သူငယ်တန်းအတန်းပိုင် အသားဖြူဖြူ၊ထောင်ထောင်မောင်းမောင်းကြီးက ပြုံးလို့ရွှင်လို့နဲ့ သိပ်သဘောကောင်းတဲ့ကိုယ်ပါပေါ့။
နောက်ရက်တွေကစပြီးသဘောပေါက်တာပဲ၊ မနက်ခင်းပေးထားတဲ့စာရေးလို့မပြီးတဲ့ သူငယ်တန်းကလေးတွေကို မုန့်စားကျောင်းဆင်းဖို့ ၁၅ မိနစ်အလိုလောက်ဆို ခုံပေါ်တက်ခိုင်းပြီး ကျား၊မမရွေး ဖင်ချွတ်ရိုက်ပါလေရော၊စာလိုက်မလုပ်တာမဟုတ်ပဲလက်ရေးနှေးတဲ့လူတွေပါခံရရှာတာပါ၊ နှစ်ပေခွဲ၊သုံးပေလောက်ရှည်တဲ့ ပေတံအရွယ်လောက်ရှိတဲ့သစ်သားပြားနဲ့သုံးချက်စီရိုက်တာပါ၊ မုန့်စားမဆင်းခင် ၁၅ မိနစ်အလို သူငယ်တန်းအခန်းမှာ ဘောင်းဘီချွတ်တဲ့လူချွတ်၊ဂါဝန်မတဲ့လူမနဲ့ တစ်နှစ်လုံးလိုလိုပါပဲ၊ ဘာမှနားမလည်သေးတဲ့ကလေးတွေမို့ အတန်းနည်းနည်းရလာတဲ့ကလေးတွေလို hesitation မရှိပဲ ဆရာမခိုင်းရင်ချွတ်၊ရိုက်ရင်ခံပဲသိတဲ့အနေအထားပေါ့၊ အဲ့ခေတ်က teaching methodology ကအဲ့ဒီလိုပါ။
ကိုယ်ကတော့ အရှက်လည်းကြီးသလို အရိုက်လည်းမခံဖူးသေးတာကြောင့် စာကိုအမြဲပြီးအောင်ရေးဖို့ သူများတွေအဖြစ်ကိုကြည့်ပြီးသင်ခန်းစာယူထားပါတယ်။
တစ်ပတ်၊ဆယ်ရက်လောက်အကြာထင်ပါတယ်၊ ဆရာမက အတန်းသားတွေရဲ့စာအုပ်တွေကိုယူ၊ အပေါ်ဆုံး တစ်လုံးကိုရေးပေး၊ဘေးမျဉ်းကြောင်းတား၊နောက်တစ်လုံးကိုရေး၊ဘေးမျဉ်းကြောင်းတားနဲ့ လေးကြောင်းမျဉ်း သုံးမျက်နှာလောက်ရှိမယ်ထင်ပါရဲ့၊ အိမ်မှာရေးဖို့ပေးလိုက်တယ်။
ကိုယ်က အိမ်စာဆိုတာဘာမှန်းသိတဲ့လူမဟုတ်သလို အဲ့ဒီစာတွေကလည်း အိမ်မှာကြိုသင်ထားလို့ရထားပြီးသားမို့ အိမ်ရောက်ရင်မုန့်စားတာနဲ့ကစားတာပဲလုပ်ပါတယ်၊ အိမ်ကိုလာသင်တဲ့ဆရာမလာရင် ဒီနေ့ဘာသင်လဲမေးလေ့ရှိပေမယ့် အဲ့ဒီနေ့ကသူနားပါတယ်။
နောက်နေ့မနက်ရောက်တော့ ဆရာမက တစ်ယောက်ခြင်းစီနာမည်ခေါ်ပြီး အိမ်စာစစ်၊အမှတ်ခြစ်ပါတယ်၊ အဲ့ဒီကြမှ ကိုယ်ကမျက်လုံးပြူးမျက်ဆံပြူးနဲ့ စာရေးရမှာလားဟ ဖြစ်သွားတယ်၊ လေးငါးယောက်လောက်ပြီးတော့ ကိုယ့်နာမည်ခေါ်ပါတယ်၊ ငါတော့သွားပြီထင်တယ်လို့ စိတ်ထဲကဖြစ်နေပေမယ့် ကံကောင်းရင်လည်းကောင်းဦးမှာပေါ့ ဆိုပြီးစာအုပ်ယူပြီး ဆရာမဆီသွားလိုက်ပါတယ်။
ဆရာမက အိမ်စာစာမျက်နှာတွေဆီရောက်သွားပြီး ဘာမှမရေးထားတာတွေ့တော့ မျက်နှာကခပ်ပြုံးပြုံးဖြစ်သွားပါတယ်၊ ငါတော့ဒီအသားဖြူဖြူကောင်လေးကိုနွှာရပြီဆိုတဲ့ sadistic smile လို့ဒီနေ့အထိထင်နေတုန်းပါ။ ပါတိတ်မျက်နှာမှမထောက်
ဆရာမ။ ဖင်ကလေးချွတ်မယ်၊ဘောင်းဘီကလေးချွတ်မယ်
ကိုယ်လည်းအသားနာမှာရော ရှက်တာရောကြောင့် တဟီးဟီးငိုပြီးဘောင်းဘီတော့မချွတ်ပါဘူး။
ဆရာမ။ငါကိုယ်တိုင်ချွတ်ရင်နှစ်ဆနော်
ကြောက်လာပေမယ့် မချွတ်သေးပါဘူး။
ဆရာမ။ တစ်...နှစ်
ကိုယ့်စိတ်ထဲမှာတော့ ငါ့အပြစ်ကတော်တော်များကြီးသွားလားမသိဘူး၊ ဆယ်ချက်လောက်များရိုက်မလား၊ အဲ့ဒါကိုမှနှစ်ဆဆို they ဖို့ပဲရှိတော့တယ်ဆိုပြီး နှစ်အရောက်မှာ ချွတ်ပေးလိုက်ပါတယ်။
ရွှမ်း..... ဘယ်ကတည်းကရိုက်ဖို့ချိန်ထားလဲမသိပါဘူး၊ ဘောင်းဘီအောက်လျှောသွားတာနဲ့ ကြိမ်လုံးနဲ့ဖင် တန်းမိတ်ဆက်တာပဲ၊ ဘဝတစ်လျှောက်အနာဆုံးကြိမ်ဒဏ်လို့ ဒီနေ့အထိမှတ်တမ်းတင်ထားဆဲပါ။
ပထမဆုံးအချက်ကတည်းက နာလွန်းလို့ ဗြဲကနဲအော်ငိုပါတော့တယ်၊ ဆရာမကဘာလုပ်တယ်ထင်ပါသလဲ။
မျက်နှာနားကြိမ်လုံးရွယ်ပြီးပြောတာ "အသံမထွက်နဲ့၊ that ပစ်လိုက်မယ်" တဲ့။
ငါးနှစ်အရွယ်ကလေးမို့ that ပစ်မယ်ဆိုတာဘာမှန်းနားမလည်သေးပေမယ့် အသံမထွက်ဖို့တော့ကောင်းကောင်းနားလည်တာမို့ ခုနကခုနှစ်သံချီအော်ငိုနေတဲ့အသံလုံးဝတိတ်ပေးလိုက်ရပါတယ်၊ အသံတိတ်သွားတော့ နောက်ထပ်နှစ်ချက်တိတိထပ်ရိုက်ပါတယ်၊ ပထမဆုံးအချက်လိုပဲ အရမ်းနာပေမယ့် အသံတော့မထွက်ရဲတော့ပါဘူး။
ဆရာမက စာအုပ်ကိုလှမ်းပေးပြီး "အခုရေး၊မုန့်စားကျောင်းဆင်းခါနီးမပြီးရင် ထပ်ရိုက်မယ်" တဲ့။
မီးစနဲ့ထိုးထားသလိုနာနေတာညနေကျောင်းဆင်းတဲ့အထိပါပဲ၊ စာကတော့ပြီးအောင်အမြန်ရေးလိုက်တော့ ထပ်တော့မထိတော့ပါ၊ အဲ့နေ့ကအိမ်စာမလုပ်လို့အရိုက်ခံရတာ ကိုယ်တစ်ယောက်တည်းပါပဲ။
ဘာလို့ဒီလောက်တောင်နာသလဲ နောက်တစ်နာရီလောက်အကြာမှာအဖြေပေါ်ပါတယ်၊ လေးတန်းဆရာမက သူငယ်တန်းကငှားထားတဲ့သစ်သားပြားကိုပြန်လာပို့ပြီး သူ့ကြိမ်လုံးကိုပြန်လာယူပါတယ်၊ အဲ့ဒီတော့မှသဘောပေါက်ပါတယ်၊ ဒီကြိမ်လုံးတုတ်တုတ်ကလေးတန်းကဟာကိုးလို့။
ဒါတောင် ဆရာမကလေးတန်းဆရာမကို ကိုယ့်ဘက်ကိုမေးငေါ့ပြပြီး "တစ်ယောက်တော့ထိသွားတယ်" တဲ့။
သူငယ်တန်းတစ်နှစ်လုံး မှတ်မိသလောက်တော့ စာလုံးပေါင်းမှားတာကိုပဲလက်ဖဝါးကိုရိုက်ပြီး ကျန်တဲ့ပြစ်ဒဏ်တွေအားလုံးကို ဖင်ချွတ်ရိုက်တာနဲ့ပဲပေးပါတယ်။
သူ့ကို sadistic လို့အခုထိထင်ပါတယ်၊ ဆရာကန်တော့ပွဲလုပ်တယ်ကြားရင် အဲ့ဒီကျောင်းကိုတော့မသွားပါ၊ နောက်ပိုင်းမှာ တခြားဆရာမသုံးယောက် ကိုယ့်ကို အလားတူပြစ်ဒဏ်ပေးဖူးပေမယ့် သူကတော့ sadist လို့ယုံကြည်ရပါတယ်။
ဒါပေမယ့် အဲ့ဒီအချိန်ကစလို့မှတ်သွားပြီး အိမ်စာဟေ့ လို့ကြားလိုက်ရင် အမြဲပြီးအောင်လုပ်ပါတော့တယ်၊ ငါးတန်းနှစ်စအထိဆိုပါတော့😄
Comments
Post a Comment